အချစ်နဲ့ ပတ်သတ်ပြီး အစွဲအလမ်းကြီးတဲ့ရောဂါ (OLD)ရဲ့ လက္ခဏာများနဲ့ အကြောင်းရင်းများ
lifestylemyanmar.com
|
2020-07-07



တစ်စုံတစ်ယောက်ကို ချစ်မိခြင်းက ဆန်းကြယ်တဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ ၎င်းက သင့်ရဲ့ပျော်ရွင်မှု၊ ဝမ်းနည်းမှုတွေကို မျှဝေဖို့ အဖော်တစ်ယောက်ကို ပေးပါတယ်။ သို့သော် ထိုချစ်ခြင်းမေတ္တာဟာ စွဲလမ်းမှုဖြစ်လာပြီး သင့်ကို မွန်းကျပ်စေရင်ကော? သင့်ကိုဆုံးရှုံးရမှာ ကြောက်လို့ လက်တွဲဖော်ဟာ သင့်အပေါ်မှာ မျက်ခြေမပြတ် စောင့်ကြည့်နေရင်ကော?

တစ်ခါတစ်ရံမှာ အချစ်ဟာ အန္တရာယ်များတဲ့ အဆင့်သို့တတ်သွားပြီး စိတ်စွဲလမ်းမှု ဖြစ်သွားနိုင်ပါတယ်။ ထိုသို့သော အစွန်းရောက်အခြေအနေတစ်ခုကို အချစ်နဲ့ပတ်သတ်ပြီး အစွဲအလမ်းကြီးတဲ့ရောဂါ (obsessive love disorder (OLD))လို့ခေါ်ပါတယ်။ သင့်လက်တွဲဖော်မှာ OLD ရှိနေတယ်လို့ သံသယရှိပါက လက္ခဏာတွေကို ခွဲခြားသိမြင်ဖို့နှင့် အကြောင်းရင်းတွေကို သိစေဖို့ ဒီဆောင်းပါးလေးက ကူညီနိုင်ပါတယ်။

အချစ်နဲ့ပတ်သတ်ပြီး အစွဲအလမ်းကြီးတဲ့ရောဂါ (OLD) ဆိုတာဘာလဲ?

(OLD) ဆိုတာ လူတစ်ယောက်ဟာ သူတို့ချစ်ရသူတွေကို အလွန်အမင်း တွယ်တာမိသွားတဲ့ စိတ်အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီအချစ်မျိုးက လုံခြုံမှုကင်းမဲ့ပြီး သေးငယ်တဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေ တိုးပွားလာတာကြောင့် သူတို့ဟာ လက်တွဲဖော်ကို ထိန်းချုပ်ဖို့နှင့် ကြိုးကိုင်ချယ်လှယ်ဖို့ ဆန္ဒပြင်းပြလာပါတယ်။ ထိုကဲ့သို့သော ရောဂါတွေဟာ တစ်ညတည်းနဲ့ အစပြုတာမဟုတ်ပေမယ့် ကလေးဘဝ စိတ်ဒဏ်ရာ (သို့) အတိတ်က ကြမ်းတမ်းတဲ့ ပေါင်းသင်းဆက်ဆံရေး ကဲ့သို့သော အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ OLDဟာ အခြားစိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေဖြစ်တဲ့ obsessive-compulsive disorder (OCD) (သို့) borderline personality disorder ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ရောဂါများနှင့အတူ တည်ရှိနိုင်ပါတယ်။ OLD ရှိသူတွေဟာ လူတစ်ယောက်ကို သည်းမခံနိုင်လောက်အောင် ဖြစ်လာတဲ့အထိ ချစ်တတ်ပုံ၊ ဂရုစိုက်တတ်ပုံရပါတယ်။




သူတို့က သင့်အတွက် နေရာတိုင်းမှာ ရှိနေတတ်ပြီး သင့်ကို ကမ္ဘာပေါ်မှာ အရေးအပါဆုံး ပုဂ္ဂိုလ်တစ်ယောက်လို ခံစားရစေပါတယ်။ ဒါပေမယ့် မကြာခင်မှာ စိတ်ခံစားမှုအားလုံးက အစွန်းရောက်လာပြီး အဲဒီအရာတွေက အချစ်ရေးကို ထိခိုက်စေလာပါတယ်။ ဒီနေရာမှာ သူတို့အချစ်နဲ့ ဂရုစိုက်မှုက ကျန်းမာရေးနှင့်မညီညွတ်တဲ့ စွဲလမ်းမှုတစ်ခုဖြစ်ကြောင်း ဖော်ပြနေတဲ့ နိမိတ်လက္ခဏာ အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အလွန်အမင်းသဝန်တိုတာ

ခပ်ချောချော လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ သင်စကားပြောတဲ့အခါ တစ်ခါတစ်ရံ သဝန်တိုတာက အဆင်ပြေပါတယ်။ ဒါပေမယ့် OLD ရှိသူတစ်ယောက်ဟာ အလွန်အမင်းသဝန်တိုတာ ဖြစ်ပါလိမ့်မယ်၊ သူတို့ဟာ ပေါ့ပေါ့ပါးပါး စကားလက်ဆုံပြောနေရင် (သို့) လမ်းသွားလမ်းလာရင်း တွေ့ဆုံနှုတ်ဆက်ရင်တောင် တစ်ပါးသူအပေါ် သံသယလွန်ကဲတာမျိုး ၊ စိုးရိမ်ပူပန်တာမျိုး ဖြစ်ကြပါလိမ့်မယ်။

၂။ မကောင်းတဲ့ စွဲလမ်းမှု

ကဗျာဆရာတွေက ချစ်ခြင်းမေတ္တာကို မူးယစ်ဆေးဝါးအဖြစ် ဖော်ပြကြသော်လည်း OLD ရှိသူတွေကတော့ လက်တွေ့ပြသပါလိမ့်မယ်။ သူတို့ချစ်ရတဲ့သူ မရှိရင် ဘာမှမလုပ်နိုင်တော့သလို သူတို့ချစ်မြတ်နိုးရသူတွေကို စွဲလမ်းလွန်းတတ်ကြပါတယ်။ ဖုန်းဆက်တိုက်ခေါ်တာမျိုး၊ သူတို့ကို မထားခဲ့ဖို့ တောင်းပန်တာမျိုး တွေ့ရပါလိမ့်မယ်။ အချို့သော အစွန်းရောက်ဖြစ်ရပ်တွေမှာ သူတို့ဟာ ဆုံးရှုံးရမှာကို စိုးရိမ်ကြတာကြောင့် လူကိုပိတ်လှောင်ထားတာမျိုးတောင် ရှိနိုင်ပါတယ်။

၃။ ထိန်းချုပ်ရန် လိုအပ်ခြင်း

OLD ရှိသူတွေဟာ အရာရာကို သူတို့နည်းလမ်းအတိုင်း သွားစေချင်ကြပါတယ်၊ ဒါ့အပြင် သူတို့ကို စွန့်ခွာသွားမှာ စိုးရိမ်တာကြောင့် သူတို့ချစ်မြတ်နိုးရသူတွေကို ကိုယ့်ဘာသာစဉ်းစားခွင့် မပြုချင်ကြပါဘူး။ သင်ချစ်မြတ်နိုးရသူမှာ OLD ရှိနေပါက သူတို့ဟာ သင့်ကို ထိုင်ဆိုထိုင်၊ ထဆိုထစေ လိုပါလိမ့်မယ်။ သူတို့ဟာ သင့်ရဲ့ဘဝကို သူတို့ရဲ့စည်းကမ်းချက်တွေအတိုင်း လုပ်ဆောင်စေလိုကြပါတယ်။

၄။ self-esteem နိမ့်ကျခြင်း

OLD ရဲ့ထူးခြားသောလက္ခဏာတစ်ခုမှာ မိမိကိုယ်ကိုလေးစားမှု self-esteem နိမ့်ခြင်းဖြစ်ပါတယ်။ ဒီလိုလူတွေဟာ စိတ်လုံခြုံမှု မရှိတာကြောင့် ဘာမဆိုလုပ်နိုင်စွမ်းရှိသူ၊ အနိုင်မခံအရှုံးမပေးသူလို ဟန်ဆောင်ထားတတ်ပါတယ်။ သူတို့အနေဖြင့် လက်တွဲဖော်က သူတို့ကို စွန့်ခွာသွားမှာကို အမြဲတမ်း စိုးရိမ်နေတတ်ပါတယ်။ ထို့အပြင် သူတို့ဟာ လက်တွဲဖော်ကို လွှမ်းမိုးဖို့လည်း ကြိုးစားတတ်ကြပါတယ်။

၅။ ပိုင်စိုးပိုင်နင်း သဘောထားခြင်း

သင်ချစ်မြတ်နိုးရသူတွေဟာ သင့်ကို သူတို့ပိုင်ဆိုင်သလို ပြုမူပါက သူတို့မှာ OLD ရှိနိုင်ပါတယ်။ သူတို့က သင့်ရဲ့ဘဝအကြောင်း၊ ပစ္စုပ္ပန်ကိုပဲဖြစ်ဖြစ်၊ အတိတ်ကိုပဲဖြစ်ဖြစ် အလွန်အမင်း သိလိုကြပါတယ်။ သူတို့ဟာ သင့်ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေထဲကို ဝင်ရောက်ပြီး ပြတ်သွားတဲ့ ရည်းစားဟောင်းနှင့် ပတ်သတ်တဲ့ မေးခွန်းတွေ မေးကြပါလိမ့်မယ်။ သင့်အကြောင်း အသေးစိတ်သိဖို့ မိနစ်တိုင်း ဖုန်းခေါ်တာမျိုးတောင် ပြုလုပ်နိုင်ပါတယ်။

OLD ရဲ့အခြားလက္ခဏာများ
ငြင်းပယ်နိုင်စွမ်းမရှိခြင်း
ထပ်ခါတလဲလဲ ဖုန်းခေါ်ခြင်း၊ စာပို့ခြင်း
မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ပြီး ခြိမ်းခြောက်ခြင်း
နောက်ယောက်ခံလိုက်ခြင်း (သို့) တစ်ကောက်ကောက်လိုက်ခြင်း
ပုဂ္ဂိုလ်ရေးနယ်နိမိတ်ကို မလေးစားခြင်း
မပြောမဆိုနဲ့ ရောက်လာတတ်ခြင်း
အလုပ် (သို့) ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းခြင်းမှာ အခက်အခဲရှိခြင်း

ဘယ်အရာက Obsessive Love Disorder ကိုဖြစ်ပေါ်စေနိုင်တာလဲ?

OLD ဖွံ့ဖြိုးမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ချို့ရှိပါတယ်။




၁။ ကလေးဘဝ စိတ်ဒဏ်ရာ

မိဘတွေ လျစ်လျူရှုတာကို ခံထားရသူတွေဟာ မိမိတို့ချစ်မြတ်နိုးရသူတွေကို မျက်စေ့အောက်က အပျောက်မခံနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးကို မွေးမြူလာနိုင်ပါတယ်။ သူတို့ဟာ မပြည့်စုံတာကြောင့်၊ သူတို့ချစ်တဲ့သူတွေ သူတို့ကို စွန့်ပစ်လိမ့်မှာ စိုးရိမ်တာကြောင့် အမြဲတမ်းစိုးရိမ်စိတ်နဲ့ နေထိုင်တတ်ကြပါတယ်။ လျစ်လျူရှုခံထားရတဲ့ ကလေးတွေဟာ OLD ကိုဦးတည်သွားစေနိုင်တဲ့ reactive attachment disorder (RAD)နှင့် disinhibited social engagement disorder (DSED) ကဲ့သို့သော မေတ္တာငတ်လွန်းလို့ဖြစ်တဲ့ ရောဂါတွေဖွံ့ဖြိုးမှုနှင့် ကြီးပြင်းလာနိုင်ပါတယ်။

၂။ အဆိုးအကာင်းဒွန်တွဲနေတဲ့ တွယ်တာမှုပုံစံ

လူတစ်ယောက်ဟာ စိတ်နှစ်ခွတွယ်တာမှုပုံစံရှိပါက မတည်ငြိမ်သော အပြုအမှုနှင့် စိတ်လှုပ်ရှားမှုတွေရှိတယ်လို့ ဆိုပါတယ်။ သူတို့ဟာ အရမ်းမှီခိုလေ့ရှိပြီး သူတို့ချစ်ရသူတွေရဲ့ စွန့်ပစ်ခံရမှာကို ကြောက်ရွံနေတတ်ကြပါတယ်။

၃။ relationship တွေမှာ ကျရှုံးဖူးခြင်း

တစ်ခါတစ်ရံမှာ အတိတ်က ကျရှုံးဖူးခဲ့တဲ့ relationship တွေကြောင့် လူတစ်ယောက်ဟာ သစ္စာဖောက်ခံရမှာကိုကြောက်တဲ့ သဝန်တိုစိတ်နဲ့ စွဲလမ်းမှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါက သူတို့ချစ်ရသူရဲ့ဘဝကို စွဲလမ်းခြင်းသို့ ဦးတည်သွားစေနိုင်ပါတယ်။

၄။ စိတ်ရောဂါတွေကြောင့်

Erotomania ခံစားနေရသူတွေဟာ OLD လက္ခဏာတွေကိုလည်း ပြသနိုင်ပါတယ်။ Erotomania ဟာ သူတို့ကိုယ်သူတို့ လူသိများပြီး ကျော်ကြားသူ တစ်ယောက်ယောက်နဲ့ ချစ်ကြိုက်နေတယ်လို့ ထင်ယောင်ထင်မှား အတွေးအခေါ်အောက်မှာ ရှိနေတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါက နာမည်ကြီးဆယ်လီတွေအပေါ် စွဲလမ်းမှုကြောင့် ဖြစ်ပေါ်စေပါတယ်။

Delusional jealousy ဆိုတာက လူတစ်ယောက်ဟာ သူတို့ပေးတဲ့ ချစ်ခြင်းမေတ္တာ ပြန်မရတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါဖြစ်ပါတယ်။ သူတို့ချစ်ရသူတွေဆီက ဂရုစိုက်မှု အလုံအလောက် မရရှိတဲ့အခါ ဒီလူတွေမှာ အဆိပ်အတောက်အဖြစ် ပြောင်းလဲသွားစေပါတယ်။ ဒါက OLDရောဂါအတွက် အဓိကအကြောင်းဖြစ်နိုင်ပါတယ်။ သင်ချစ်ရသူတစ်ယောက်မှာ OLD ခံစားနရခြင်းရှိတယ်လို့ ယူဆပါက စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြင့် ရောဂါရှာဖွေတာက အကောင်းဆုံးဖြစ်ပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-momjunction.


#စိတ်ပိုင်းဆိုင်ရာ
#အချစ်
#ရောဂါ
#လက္ခဏာ
#ချစ်ခြင်း

Some text some message..