အချစ်စစ်နှင့် စိတ်ခံစားမှုဆိုင်ရာ မှီခိုတွယ်ငြိခြင်းတို့ရဲ့ ခြားနားချက် (၉) ချက်
lifestylemyanmar.com
|
2020-07-10



အချစ်စစ်နဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာတွယ်ငြိခြင်းနှစ်ခုအကြားမှာ အလွှာပါးပါးလေးပဲခြားထားတယ်ဆိုတာ သင်သိပါသလား? လူတွေဟာ ဒီနှစ်ခုကို ဘယ်လိုရောထွေးတတ်ကြတာလဲ?

၎င်းဟာ တစ်ခါတရံမှာ နားလည်ရအရမ်းခက်ပါတယ်။ ဒါပေမယ့် အချစ်စစ်နှင့် စိတ်ခံစားမှုမှီခိုတွယ်ငြိခြင်းအကြားမှာ ခြားနားချက်တစ်ခုရှိပါတယ်။ လူတော်တော်များများဟာ သူတို့ရဲ့ ပါတနာကို သူတို့ရဲ့ နံရိုးတစ်ချောင်း (သို့) ကိုယ်ပွားတစ်စုံအဖြစ် သတ်မှတ်ကြပါတယ်။ ဒါဟာ စိတ်ကူးယဉ်ဆန်ဆန်အတွေးအခေါ်တစ်ခုဆိုပေမယ့် တကယ့်လက်တွေ့မှာ သင့်ကို ဘယ်လိုပြုမူဆက်ဆံတယ်ဆိုတာက အရေးကြီးတယ်ဆိုတာ သိနေကြပြန်ပါတယ်။ သင်ဟာ လေးနက်သော ဆက်ဆံရေးတစ်ခု (ဥပမာ- ဘဝတစ်သက်လုံးလက်တွဲမယ့် ဆက်ဆံရေး) ကို မတည်ဆောက်ခင်မှာ သင်ဟာ သင်လိုချင်တဲ့အရာနှင့် သင်ဟာ ဘယ်လိုလူ(ဘယ်သူ) ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်ဟာ ဘာလိုချင်မှန်းမသိသေးသရွေ့ အဆင်ပြေအောင်မြင်သော ဆက်ဆံရေးတစ်ခုပိုင်ဆိုင်ဖို့ မလွယ်ကူပါ။ မျှတမှုမရှိဘဲ အချစ်ခံဘဝ၊ ပေးဆပ်ခံဘဝနှင့် ရယူလိုစိတ်တွေကိုသာ အခြေခံမိပါလိမ့်မယ်။ ဆန့်ကျင်ဘက်အနေနဲ့ တစ်ဖက်မှာလည်း အချစ်လွန်ခြင်း၊ အပေးလွန်ခြင်းနဲ့ အခြေခံတာကြောင့် အဆင်ပြေသာယာမှုဆိုတာ ပျောက်ဆုံးနေတတ်ပါတယ်။ ပြီးတော့ ဒီနေရာမှာ အချစ်စစ်နှင့် စိတ်ခံစားမှုဆိုင်ရာတွယ်ငြိခြင်းနှစ်ခုအကြားက ခြားနားချက်တစ်ချို့ကို မျှဝေပေးပါ့မယ်။




၁။ ပေးဆပ်ခြင်း (သို့) ရယူခြင်းကို focus ထားခြင်း

True Love ဆိုတာ ပေးဆပ်ခြင်း (သို့) ရယူခြင်းတွေနဲ့ မဆိုင်ပါဘူး။ ဒါကို အခြေခံမထားပါဘူး။ တကယ်တော့ အချစ်စစ်ဆိုတာ သင်ချစ်တဲ့လူတစ်ယောက်ကို ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးခြင်း၊ မျှဝေပေးခြင်းအကြောင်းပါ။ RS တစ်ခုမှာ သင်ကိုယ်တိုင်ပေးဆပ်လိုက်ရတဲ့ အရာတွေထက် သင့်RS ကနေ ရရှိလာနိုင်မယ့် အရာတွေအကြောင်း ပိုပြီး တွေးတောပူပန်နေတယ်ဆိုတာ ဒါဟာ ချစ်မြတ်နိုးခြင်းကို အခြေခံထားခြင်းမဟုတ်ဘဲ စိတ်ခံစားမှုဆိုင်ရာတွယ်ငြိမှီခိုခြင်းကို အခြေခံထားတဲ့လက္ခဏာဖြစ်ပါတယ်။ ကိုယ်ပေးသလောက် ပြန်မရမှာကြောက်ရွံ့စိုးရိမ်နေရခြင်းဟာ ဘယ်လိုမှ အချစ်စစ်မဖြစ်နိုင်ပါဘူး။




၂။ သင့်ရဲ့ လက်ဆောင်၊ ချစ်မြတ်နိုးမှုတွေဟာ သင့်ပါတနာရဲ့ တာဝန်ဝတ္တရားတွေဖြစ်စေချင်တာလား

သင့်ကျန်းမာရေး၊ ပျော်ရွှင်မှုနှင့် လုံခြုံမှုတွေအတွက် သင့်ကိုယ်တိုင်လုပ်ရမယ့်အစား သင့်ပါတနာရဲ့ ပုခုံးတွေပေါ်တွေကို ပစ်တင်ဖို့ ကြိုးစားနေသလား? ဒါဟာ လုံးဝစိတ်ခံစားမှုတွယ်ငြိမှီခိုခြင်းရဲ့ လက္ခဏာအစစ်အမှန်ဖြစ်ပါတယ်။ ဒီတစ်ယောက်မရှိဘဲ သင်ကိုယ်တိုင်ပျော်ရွှင်ဖို့ (သို့) ရှင်သန်မှုတွေကို ဘယ်လိုလုပ်ရမှန်းမသိဘူးဆိုရင် သင်ဟာ တစ်ခြားသူတွေအပေါ်မှာ စိတ်ခံစားမှု၊ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မှီခိုနေသူတစ်ယောက်ဖြစ်ပါတယ်။




၃။ သင်ဟာ စိတ်ကူးယဉ်နယ်မြေထဲမှာပဲ နှစ်မြှပ်နေသလား?

သင့်ခေါင်းထဲမှာ မင်းသားတစ်ယောက်ရဲ့ ပြီးပြည့်စုံပြီး ချစ်မြတ်နိုးဖို့ကောင်းတဲ့ ပုံသဏ္ဍာန်တွေဟာ စွဲမြဲနေသလား? ပြီးပြည့်စုံသော ပါတနာတစ်ယောက်ကို ဖန်တီးဖို့ဟာ သင့်အတွက် အရေးကြီးသောအခန်းကဏ္ဍဖြစ်နေတယ်ဆိုရင် ဒါဟာ လုံးဝမရိုးရှင်းတော့ပါဘူး။ ပြီးတော့ လက်ရှိဆက်ဆံရေးမှာလည်း သင်ဟာ အမှန်တကယ်လူပုဂ္ဂိုလ်တစ်ယောက်နဲ့ လက်တွဲနေတာမဟုတ်ဘဲ စိတ်ကူးယဉ်ဗားရှင်းနဲ့သာ ချစ်နေခြင်းဖြစ်ပါတယ်။ ဒါဟာ လုံးဝ True Love မဟုတ်တော့ပါဘူး။




၄။ ကြည့်ရုံပဲ ကြည့်သလား (သို့) တကယ်မြင်သလား?

သင်ပါတနာကို ဘယ်လိုမြင်သလဲ? သင်ဟာ သူတို့ကို ဘယ်လိုလက်ခံထားတာလဲ၊ ပြီးတော့ သူတို့ရဲ့ အပြစ်၊ အနာ၊ ချို့ယွင်းချက်နှင့် အားနည်းချက်တွေအားလုံးကို သိပြီလား (သို့) လက်ခံပြီးပြီလား? သင့်ပါတနာကို ကြည့်တဲ့အခါ သင်မြင်သော အရာတွေနဲ့ ပတ်သက်ပြီး ရိုးသားပါ။ အသားမည်းရင် မည်းတယ်၊ အရပ်ပုရင် ပုတယ်၊ မျက်လုံးစွေရင် စွေတယ် ဆိုတာ လက်ခံနိုင်သလား (သို့) နားလည်နိုင်သလား သင့်ကိုယ်သင်မေးပါ။ ကိုယ့်ကိုယ်ကိုယ် မလှည့်စားပါနဲ့။ သင်တို့ RS အစမှာ သင့်အနေနဲ့ သူတို့ကို သင် လိုချင်နေသော လူတစ်ယောက်ရဲ့ ပုံသဏ္ဍာန်လိုမျိုး ၊ ပြီးပြည့်စုံသောလူတစ်ယောက်လိုမျိုး မြင်ကြည့်ဖို့ မကြိုးစားပါနဲ့။ သင်ဟာ သူတို့ရဲ့ စစ်မှန်တဲ့ပုံဏ္ဍာန်ကို တွေ့လာတဲ့အခါ (အိပ်မက်က နှိုးထလာတဲ့အခါ) သူတို့ကို ချစ်နိုင်ဦးမလား?




၅။ သင့်ပါတနာအတွက် မျှော်လင့်ချက်စာရင်းတစ်ခုရှိထားသလား?

သင့်ပါတနာကို တွေ့ဆုံရတဲ့အခါ ဆက်ဆံရေးတစ်ခုမှာ စိတ်ကျေနပ်မှုကို ခံစားရစေဖို့ သင့်ပါတနာဆီမှာ သင်မျှော်လင့်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာစာရင်းတစ်ခုရှိနေပြီလား? ဒါဟာ အဆင့်အတန်းတစ်ခုရှိနေတာ ကောင်းပါတယ်။ ဒါပေမယ့် သင်အချစ်ခံရဖို့၊ လုံခြုံဖို့ နှင့် စိတ်ကျေနပ်ဖို့ မစစ်မှန်တဲ့မျှော်လင့်ချက်စာရင်းတွေကို စုဆောင်းထားခြင်းကတော့ စိတ်ပိုင်းဆိုင်ရာမှီခိုမှုပြဿနာဖြစ်ပါတယ်။




၆။ သင်ဟာ စိတ်ရင်းသဘောထားကို focus ထားသလား ဒါမှမဟုတ် အပြင်ဘက်အသွင်သဏ္ဍာန်ကိုလား?

ဆွဲဆောင်မှုဆိုတာ ဆက်ဆံရေးတစ်ခုမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သို့ပေမယ် RS တစ်ခုမှာ သင်မြင်တွေ့ရတဲ့ အပြင်ဘက်ပိုင်း ပုံသဏ္ဍာန်ကို အခြေခံထားခြင်းဟာ ခိုင်မာသောအုတ်မြစ်ချထားခြင်းမဟုတ်ပါဘူး။ အချစ်ဆိုတာ သူ/သူမရဲ့ ပုံသဏ္ဍာန်ဟာ ဘယ်လိုလှတယ်၊ သန့်တယ်၊ ခန့်တယ်ဆိုတဲ့အရာတွေထက် သင်ခံစားနေရတာတွေကို သင့်ပါတနာဟာ ဘယ်လိုထင်မြင်တယ်ဆိုတဲ့အရာအပေါ်မှာ မူတည်ပါတယ်။ သင်ဟာ အသွင်အပြင်ကိုပဲ အဓိကအများဆုံးအာရုံစိုက်နေတယ်ဆိုရင် ချစ်ခြင်းမေတ္တာဆိုတာထက် စိတ်လှုပ်ရှားမှုပိုင်းတွယ်ငြိမှီခိုနေခြင်းဖြစ်ပါတယ်။




၇။ သင့်ပါတနာအနားမှာ မရှိရင် ဘာမှမရှိတော့သလို (သို့) စိုးရိမ်ပူပန်နေသလို ခံစားရပါသလား?

သင့်ပါတနာ သင့်အနားမှာမရှိတဲ့အခါ သင်ဟာ လုံးဝဗလာကြီးဖြစ်နေတယ်လို့ ခံစားနေရတယ်ဆိုရင်၊ အလွန်အမင်းစိုးရိမ်ပူပန်နေရင် (သို့) ကြောက်နေတယ်ဆိုရင် ဒါဟာ တွယ်ငြိမှီခိုနေခြင်းသက်သက်ပါ။ နှစ်ယောက်သားဆိတ်ကွယ်ရာမှာ တစ်ယောက်ကို တစ်ယောက်လွမ်းဆွတ်နေတယ်ဆိုတာက အဆင်ပြေပါတယ်။ သို့ပေမယ့် တစ်ယောက်တည်းရှိချိန်မှာ သင့်ရဲ့ ကိုယ်ပိုင်စိတ်နှင့် စိတ်ခံစားမှုဆိုင်ရာကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အထီးကျန်ခြင်းဆိုတာ ဘယ်လိုအရာဖြစ်တယ်လို့ နားမလည်သေးဘူးဆိုရင် သင့်ပါတနာကို စိတ်ခံစားမှုဆိုင်ရာမှီခိုခြင်းတွေ ဖြစ်နိုင်ပါတယ်။




၈။ လိုအပ်ခြင်းနှင့် လိုအင်ဆန္ဒအကြား ခြားနားချက်တွေကို နားလည်ပြီလား?

ကျွန်မတို့အားလုံးဟာ Relationship တစ်ခုမှာ အသေအချာလိုချင်တာတွေရှိကြပါတယ်။ သို့ပေမယ့် သင့်ရဲ့ ”လိုအပ်ခြင်း” ဆိုတဲ့ စာရင်းကရော? သင့်မှာ အတွင်းစိတ်ပျော်ရွှင်မှု နှင့် ငြိမ်းချမ်းမှုတွေမရှိဘူးဆိုရင် သင်ဟာ သင့်ပျော်ရွှင်မှု၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် တစ်စုံတစ်ယောက်ကို ရှာဖွေနေခြင်းဖြစ်ပါတယ်။




၉။ သင်ဟာ သင့်ကိုယ်သင်ရှာတွေ့ပြီလား?

သင်ဟာ သင့်ရဲ့ နောက်ဆုံး ဆက်ဆံရေးကို မတည်ဆောက်ခင်မှာ ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်လက်ခံခြင်းကို လက်ခံထားသင့်ပါတယ်။ ”သင်ဟာ ဘယ်သူလဲ” သင့်ရဲ့ ရူးကြောင်ကြောင်ဝါသနာ၊ အိပ်မက်တွေနှင့် ပန်းတိုင်တွေကရော ဘာတွေလဲ? သင့်အတွက် ဘယ်အရာတွေဟာ အရေးကြီးလဲ? သင်ဟာ ဒီမေးခွန်းတွေကိုမှ မဖြေနိုင်သေးဘူးဆိုရင် သင့်ပါတနာဟာ သင်ကိုယ်တိုင်ဖြည့်ဆည်းရမယ့် သင့်ဘဝ ဟာကွက်တွေကို ဖြည်းဆည်းပေးရမယ့်လူတစ်ယောက်လို ဖြစ်နေပါလိမ့်မယ်။

လူတိုင်းဟာ သူတို့ရဲ့ ဘဝမှာ အချစ်စစ်အချစ်မှန်ကို လိုချင်ကြပါတယ်။ ဒါပေမယ့် တစ်ခြားတစ်စုံတစ်ယောက်နဲ့အတူ RS တစ်ခုကို ခုန်မဆင်းခင်မှာ သင့်ကိုယ်သင်လုံခြုံဖို့ အရေးကြီးပါတယ်။ သင်ဟာ သင်ကိုယ်တိုင်နဲ့တောင် သက်တောင့်သက်သာမဖြစ်ဘူး၊ အဆင်မပြေဘူးဆိုရင် သင့်ပါတနာအတွက် သင်ဟာ စိတ်ခံစားမှုဆိုင်ရာ မှီခိုတွယ်ငြိတတ်သူတစ်ဦးပဲ ဖြစ်လာပါလိမ့်မယ်။

Lifestyle_Myanmar
Nyein_Thu


Ref-themindjournal




Lifestyle Myanmar မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#စိတ်ခံစားမှု
#အချစ်စစ်
#ခြားနားချက်
#ပျော်ရွှင်မှု
#အရာ

Some text some message..