ချစ်စရာကောင်းတဲ့ငပျင်းလေးတွေအတွက် လမ်းညွှန်ချက်လေးများ
lifestylemyanmar.com
|
2020-07-16



အပျင်းကြီးတတ်တဲ့သူလေးတွေထဲမှာ အချို့ကတော့ ပျင်းချင်လို့ကိုပျင်းနေတာမဟုတ်ဘဲ သူတို့ရဲ့ဗီဇကြောင့်သာ ပျင်းရိနေတတ်ကြတာမျိုးတွေရှိတတ်ပါတယ်။ သူတို့ရဲ့အဖြစ်က စိတ်သွားတိုင်း ကိုယ်မပါလို့ ဆိုရမလားပဲ။ လုပ်ချင်စိတ်ရှိသည့်တိုင် သူတို့ရဲ့ အပျင်းကြီးတတ်တဲ့စိတ်က သူတို့ကို ဆွဲဆောင်ထားတာကြောင့် မဖြစ်မနေ လုပ်ရတော့မယ်ဆိုတာတောင်မှ လုပ်ဖို့ မနည်းအားယူတတ်ရတာကြောင့် ဒီလိုငပျင်းလေးတို့အတွက် စမ်းသပ်လုပ်ဆောင်ကြည့်သင့်တဲ့ အချက်လေးတွေကို ဖော်ပြလိုက်ရပါတယ်။




၁။ လုပ်စရာရှိတဲ့အလုပ်တွေကို စာရင်းချမှတ်ထားပါ။

ပျင်းလှပါတယ်ဆိုတဲ့သူတော်တော်များများတောင် ဒီအချက်ကို လိုက်နာကျင့်သုံးနေကြပြီး ကိုယ့်ရဲ့ထင်သြာမင်သာရှိတဲ့နေရာမှာ တစ်နေ့တာ၊ တစ်ပတ်တာ၊ တစ်လတာ လုပ်ဆောင်စရာရှိတဲ့အရာတွေကို ချရေးပြီး စာရွက်လေးနဲ့ ကပ်ထားသင့်ပါတယ်။ ဒါက အပျင်းကြီးလှပါတယ်ဆိုတဲ့ ငပျင်းလေးတွေကိုတောင်မှ အပျင်းကြီးစိတ်တစ်ဝက်လောက် ပျောက်သွားစေတတ်ပြီး ကိုယ့်အနီးအနားကို မျက်လုံးတစ်ချက်ဝှေ့လိုက်တိုင်း အပြီးသတ်လုပ်စရာတွေရှိပါသေးလားဆိုပြီး စိတ်စွဲနေပါလိမ့်မယ်။




၂။ တက်ကြွတဲ့သူတွေကိုပဲ ကိုယ့်ဘေးနားထားပါ။

တံငါးနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုတဲ့ စကားပုံအတိုင်းပါပဲ။ အပျင်းကြီးတတ်တဲ့ငပျင်းလေးတွေဟာ သူတို့ရဲ့ ဘေးနားပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေရဲ့ အကျင့်စရိုက်အတိုင်း အလွယ်တကူလွှမ်းမိုးခံရတတ်ပြီး သူတို့ရဲ့ဘေးနားမှာသာ စိတ်ဓာတ်တက်ကြွတဲ့သူတွေရှိနေမယ်ဆိုရင် ပျင်းလှပါတယ်ဆိုတဲ့ ငပျင်းလေးတွေကပါ လိုက်ပြီး တက်ကြွလာကြမှာ သေချာပါတယ်။ ဒါပေမယ့် ဒီငပျင်းလေးတွေရဲ့ဘေးနားမှာ သူနဲ့အတူတူ အပျင်းကြီးတဲ့သူတွေရှိနေမယ်ဆိုရင်တော့ အားလုံးအတူတကွ အပြိုင်အဆိုင် အပျင်းကြီးနေကြပါလိမ့်မယ်။




၃။ ကိုယ့်ရဲ့ခံယူချက်ကို ပြောင်းလဲပါ။

မွေးတည်းက ပျင်းလာတယ်ဆိုတိုင်း၊ ကိုယ့်ရဲ့ဗီဇနဲ့ပုံစံက အပျင်းကြီးတယ်ဆိုတိုင်း တစ်သက်လုံးပျင်းသွားတော့မှာပဲဆိုတဲ့ စိတ်ထားကိုလုံးဝဖျောက်ပစ်နိုင်ဖို့ အရေးကြီးပါတယ်။ တစ်ချိန်ကအပျင်းကြီးခဲ့ပြီး အခုချိန်မှာ လုပ်စရာရှိတာတွေကို တက်တက်ကြွကြွနဲ့ အကောင်းဆုံး လုပ်ပြနေကြတဲ့သူတွေရဲ့ အတွေ့အကြုံအရ တကယ်တမ်း လက်တွေ့မှာ ကိုယ်ကိုယ်တိုင်က ထင်ထားသလောက် အပျင်းမကြီးဘဲ ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေကို မပြောင်းလဲနိုင်သေးလို့သာ အပျင်းကြီးခဲ့ကြတယ်လို့ဆိုကြပါတယ်။ အဲ့ဒါကြောင့် ကိုယ်က အမှန်တကယ် အပျင်းမကြီးချင်ဘူးဆိုရင်တော့ အသားကျနေတဲ့ ကိုယ့်ရဲ့စိတ်ကို မဖြစ်မနေ ကြိုးစားပြုပြင်သင့်ပြီး အပျင်းနွံထဲကနေ ရုန်းထွက်လာဖို့ လိုအပ်ပါတယ်။




၄။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ထားပါ။

ကိုယ့်ကိုယ်ကိုယ်မှမယုံဘူးဆိုရင်တော့ ကိုယ့်ကိုယုံကြည်လေးစားမယ့်သူလည်းရှိတော့မှာ မဟုတ်ပါဘူး။ ဥပမာပေးရရင် အလုပ်တစ်ခုလုပ်နေရင်း အိပ်မပျော်သွားရဘူးဆိုတဲ့ယုံကြည်ချက်ကို သံမှိုလိုရိုက်ထားပြီး အဲ့ဒီအလုပ်ကို ဆုံးခန်းတိုင်အောင်လုပ်ဖို့ ကြိုးစားကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ထားပြီး လုပ်လိုက်တဲ့ အလုပ်တစ်ခုက မျှော်လင့်ထားတာထက် ရလဒ်ပိုကောင်းနိုင်တာကို သိထားဖို့လိုအပ်သလို ပျင်းလှပါတယ်ဆိုတဲ့ ငပျင်းလေးတွေအနေနဲ့လည်း ဒီအချက်ကို မဖြစ်မနေ လိုက်နာဆောင်ရွက်သင့်ပါတယ်။




၅။ တစ်မိနစ်၊ နှစ်မိနစ်နဲ့ပြီးမယ့်အလုပ်ကို ချက်ချင်းအပြီးသတ်လိုက်ပါ။

ခဏလေးနဲ့ပြီးသွားမယ့်အလုပ်တွေကို ချက်ချင်းထလုပ်လိုက်တာက မဖြစ်မနေ မွေးမြူသင့်တဲ့အကျင့်တစ်ခုပါပဲ။ ကြီးမားတဲ့အောင်မြင်မှုတွေအားလုံးက သေးငယ်တဲ့ခြေလှမ်းတွေနဲ့ပဲ အစပြုခဲ့တာဖြစ်ပြီး ကိစ္စသေးသေးလေးတွေကို ဒီလိုမျိုးချက်ချင်းအပြီးသတ်လိုက်တဲ့အကျင့်ကို မွေးမြူထားမယ်ဆိုရင် အရေးကြီးတဲ့ကိစ္စတွေ ဆောင်ရွက်တဲ့နေရာမှာ ကြီးမားတဲ့ အထောက်အပံ့ကောင်းတစ်ခုဖြစ်လာပါလိမ့်မယ်။




၆။ ကိုယ့်ကိုယ်ကိုယ် ဆုချပါ။

စာတစ်ပုဒ်ကျက်ပြီးသွားတိုင်း အနားယူတာမျိုး၊ ဂိမ်းဆော့တာမျိုးလုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဆုချနိုင်ပါတယ်။ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေဆိုရင်လည်း ဒီအလုပ်တစ်ခုပြီးသွားရင် ခဏနားလိုက်မယ်၊ ကော်ဖီသောက်လိုက်မယ်၊ ဒီပရောဂျက်တစ်ခုပြီးသွားရင် ခရီးထွက်ပြီး အနားယူလိုက်မယ်ဆိုတဲ့စိတ်မျိုးနဲ့ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေက အားရကျေနပ်စရာကောင်းနေမှာဖြစ်သလို ပျင်းရိပါတယ်ဆိုတဲ့ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ကြီးကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားမှာ အသေအချာပဲဖြစ်တာကြောင့် ချစ်စရာကောင်းတဲ့ငပျင်းလေးတို့အနေနဲ့ အခုဖော်ပြထားတဲ့အချက်လေးတွေကို လိုက်နာရင်း ငပျင်းဆိုတဲ့ဂုဏ်ထူးဂုဏ်ဘွဲ့ကြီးကို စွန့်လွှတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။



#HM
#LifestyleMyanmar
Source: discover


#ဘေးနား
#ယုံကြည်ချက်
#အကျင့်
#အလုပ်
#မုဆိုး

Some text some message..