ချစ်သူစုံတွဲတွေ လမ်းခွဲရခြင်းရဲ့ အဓိကအကြောင်းအရင်း (၁၀) ချက်
lifestylemyanmar.com
|
2020-07-17



လူတစ်ယောက်ရဲ့စိတ်ကို တစ်ယောက်က ပိုင်ဆိုင်ဖို့ဆိုတာ ခက်ခဲတဲ့အရာ ဖြစ်သလိုပဲ စိတ်နှစ်ခုကိုအပြန်အလှန်ညှိယူရခြင်းဟာလည်း လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် relationship တိုင်းကတော့ ခက်ခဲတဲ့အရာတွေကို ကျော်ဖြတ်ရမှာဖြစ်ပြီး ထာဝရစိတ်ရှည်သည်းခံနိုင်အောင် နှစ်ဦးစလုံးကြိုးစားရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စုံတွဲတွေဘာကြောင့် လမ်းခွဲကြရတယ်ဆိုတဲ့ အဓိကအကြောင်းအရင်း (၁၀) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုမရှိတော့ခြင်း




စုံတွဲတွေဘာကြောင့် လမ်းခွဲရတယ်ဆိုတာနဲ့ပတ်သတ်ပြီး လူတိုင်းကဖောက်ပြန်ခြင်းကြောင့် ဖြစ်တယ်ဆိုတာကို အခြေခံအကြောင်းအရင်းအဖြစ် ယူဆကြပါလိမ့်မယ်။ ဒါပေမယ့် ဖောက်ပြန်ခြင်းဟာ Relationship တစ်ခုရဲ့ အဆုံးသတ်လမ်းခွဲခြင်းအတွက် အဓိကကျတဲ့အချက်မဟုတ်ပါဘူး။ အဓိကအနေနဲ့ကတော့ မိမိတို့ရဲ့ RS မှာ အခြားတစ်ယောက်ဝင်လာတာနဲ့ ရှေ့ဆက်လက်တွဲဖို့ ယုံကြည်မှုပျောက်ဆုံးရခြင်းကြောင့်ဖြစ်ပြီး အရင်လိုပြန်လည်တည်ငြိမ်ဖို့မလွယ်ကူတော့တာကြောင့် ဖြစ်ပါတယ်။

၂။ တန်ဖိုးမထားခြင်း

ဘယ်လိုအချစ်ရေး၊ အိမ်ထောင်ရေးမှာဖြစ်ဖြစ် ကိုယ့်ရဲ့လက်တွဲဖော်ကို အထင်သေးပြီး တန်ဖိုးမထားတတ်တာဟာ နောက်ဆုံးလမ်းခွဲကြရတဲ့ အခြေအနေနဲ့ အဆုံးသတ်ရပါလိမ့်မယ်။ တကယ်လို့ သက်ဆုံးတိုင်လမ်းမခွဲပဲ ပေါင်းသင်းနေထိုင်မယ်ဆိုရင်တောင်မှ ဘယ်လိုမှပျော်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ကြရမှာမဟုတ်ပဲ ပြဿနာတွေပဲကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်တွဲဖော်ရဲ့ ကိုယ်ပိုင်တန်ဖိုးတွေကို လေးစားရမှာဖြစ်သလို မိမိကိုယ်ကိုယ်လည်း တန်ဖိုးထားလေးစားမှသာ လမ်းခွဲကြရတဲ့ အခြေအနေကို ကျော်လွှားနိုင်ပါလိမ့်မယ်။

၃။ စရိုက်ဆိုးများကြောင့်

စုံတွဲတွေတိုင်း ချစ်သူဖြစ်ကာစမှာ တစ်ယောက်ကိုတစ်ယောက် မိုးမမြင်လေမမြင် အရမ်းကိုချစ်ကြပြီး ဘယ်လိုအကျင့်ဆိုးတွေကိုပဲဖြစ်ဖြစ် မမြင်နိုင်တော့ပဲ အချစ်တွေနဲ့ဖုံးနေပါလိမ့်မယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဆိုပါအကျင်ဆိုးတွေကို ပျောက်အောင်အချင်းချင်းတိုက်တွန်းကြပေမယ့် မဖျောက်နိုင်တဲ့အခါမှာ လမ်းခွဲကြရတဲ့အခြေအနေထိ ဖြစ်နိုင်ကြပါတယ်။ မကောင်းတဲ့အကျင့်ဆိုးဆိုတာဟာ အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း၊ လိမ်လည်ခြင်း၊ ပရမ်းပတာနေခြင်း စတဲ့မကောင်းတဲ့အရာတွေဖြစ်ပြီး စုံတွဲတိုင်းရှောင်ရှားရမယ့် ကိစ္စရပ်တွေဖြစ်ပါတယ်။

၄။ အားရကျေနပ်မှု မရှိခြင်း




Relationship တွေပျက်စီးရခြင်းရဲ့ နောက်ထပ်အကြောင်းတစ်ခုကတော့ ကိုယ့်ရဲ့ချစ်သူရဲ့ စရိုက်၊ အပြုအမူ၊ အနေအထိုင် တွေနဲ့ ဆက်ဆံရေးကို အားမရခြင်းကြောင့်လည်း နောက်ဆုံးမှာလမ်းခွဲကြတဲ့အခြေအနေတွေ ဖြစ်ပွားတတ်ပါတယ်။ တစ်ခါတစ်လေမှာ အရမ်းကိုမတုန်မလှုပ်နဲ့ Romantic မဆန်ခြင်းကြောင့်လမ်းခွဲရနိုင်ပြီး နှစ်ယောက်အနာဂတ်အတွက် မကြိုးစားပဲလုံ့လမရှိခြင်းကြောင့်လည်း လမ်းခွဲကြရပါတယ်။

၅။ အလွန်အမင်းထိန်းချုပ်လွန်းခြင်း

တစ်ခါတစ်လေမှာ အလွန်အမင်းထိန်းချုပ်တတ်တာကို အရမ်းကိုချစ်လို့လို့ ဆင်ခြေပေးတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်အပေါ်မှာအာဏာတွေ၊ အမိန့်တွေနဲ့ဆက်ဆံခံရခြင်းကို ကလေးတောင်မှ မနှစ်မြိုတတ်ပါဘူး။ လူ့စိတ်ရဲ့သဘောက ဖိလွန်းရင် ကြွတတ်ပါတယ်။ ဒါကြောင့်လည်း ဘယ်သွားသွား၊ ဘယ်လာလာ အရမ်းကို control ပေးတတ်တဲ့ချစ်သူကို လမ်းခွဲကြတာကြောင့် အဆိုပါမကောင်းတဲ့အကျင့်ဆိုးကို ရှောင်ရှားသင့်ပါတယ်။

၆။ သဘောထားကွဲလွဲခြင်းများ




တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲရင်လည်း ညှိနှိုင်းမရတဲ့အဆုံး လက်ပြနှုတ်ဆက်ရတဲ့ အခြေအနေထိရောက်နိုင်ပါတယ်။ ဥပမာအနေနဲ့ ဘာသာမတူလည်းအချစ်သာအရေးကြီးဆုံးလို့ သတ်မှတ်တာကြာင့် လက်ထပ်ကြပြီး ကလေးတွေရလာတဲ့အခါ ဘာသာနှစ်ခုအားပြိုင်မှုတွေ၊ မတူညီတဲ့သဘောထားတွေကြောင့် ပြဿနာတွေတက်ကြရတဲ့ သာဓကတွေရှိပါတယ်။ ဒါကြောင့် ဘယ်လိုပြဿနာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် စိတ်ရှင်းတဲ့အချိန်ထိ အချိန်ယူညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။

၇။အထီးကျန်ခြင်း(အနေဝေးခြင်း)

ဘယ်လိုစုံတွဲပဲဖြစ်ဖြစ် တစ်ယောက်အနားမှာတစ်ယောက်နေပြီး အချိန်တွေကုန်ဆုံးချင်ကြသလို အနားမှာမရှိရင်တောင်မှ ဂရုစိုက်တဲ့ဆက်သွယ်မှုလေးတွေတော့ လိုချင်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အနေဝေးလာတဲ့အခါ အချစ်တွေပေါ့သွားတတ်ပြီး နောက်ဆုံးလမ်းခွဲကြတဲ့ အခြေအနေထိဖြစ်နိုင်တာကြောင့် ဘယ်လောက်နီးနီးဝေးဝေး ချစ်သူအတွက်တော့ အချိန်ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။

၈။ အနိုင်ကျင့်ခြင်း

ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင်စော်ကားခံရခြင်းဟာ သိသာထင်ရှားသော်လည်း စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရခြင်း ကတော့မသိမသာနဲ့ စိတ်ဒုက္ခရောက်ကြရပါတယ်။ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရခြင်းဟာ မလုံခြုံခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း၊ အရှုံးပေးရခြင်းစတဲ့ ခံစားချက်တွေဖြစ်စေပြီး တစ်ယောက်ကို တစ်ယောက် ဘယ်လိုအနိုင်ကျင့်မှုမျိုးကိုမဆို ရှောင်ရှားသင့်ပါတယ်။

၉။ ငွေရေးကြေးရေး

စုံတွဲတွေမှာ ငွေရေးကြေးရေးကြောင့်လည်း ပြဿနာတတ်နိုင်ပါတယ်။ တစ်ယောက်ကငွေမက်တတ်ရင်ပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာသူဘယ်လောက်ရှင်းခဲ့ရတာ စသဖြင့်ကပ်တွက်တတ်ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အသုံးအဖြုန်းကြီးခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ အကြွေးထူခြင်းတို့ကလည်း ရင်ခုန်စရာအချစ်ရေးအတွက် ကြီးမားတဲ့အနှောက်အယှက်တွေဖြစ်တာကြောင့် တစ်ယောက်ကိုတစ်ယောက် လမ်းခွဲကြတဲ့အထိဖြစ်နိုင်ပါတယ်။

၁၀။ စကားများရန်ဖြစ်လွန်းခြင်း




စိတ်ကောက်ခြင်း၊ ရန်ဖြစ်ခြင်းဟာ အချစ်တွေအေးခဲမှာစိုးလို့ ပြုလုပ်သင့်တဲ့အရာအဖြစ် တချို့ကထင်ကြပေမယ့်လည်း စိတ်ပညာရှင်တွေရဲ့လေ့လာမှုအရ ကွာရှင်းမှုတွေရဲ့ ၆၅% ဟာကတောက်ကဆအမြဲဖြစ်တတ်ခြင်းကြောင့်လို့ ဆိုကြပါတယ်။ နောက်တစ်ချက်ကတော့ ရန်ဖြစ်တာမဟုတ်ပဲ ဂရုမစိုက်တတ်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဆိုတာ စုံတွဲတွေတိုင်းအတွက် ပြဿနာမဟုတ်သော်လည်း ခဏခဏရန်ဖြစ်နေပြီး အဆင်မပြေရင်လည်းမကောင်းသလို ရန်မဖြစ်ပဲ ခံစားချက်တွေကိုလစ်လျူရှုတတ်တာလည်း မကောင်းကြောင်း အကြံပြုလိုပါတယ်။

LM_Nandar
Lifestyle_Myanmar


Source- powerofpositivity




Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#လမ်းခွဲ
#စုံတွဲ
#အချစ်
#Lifestyle
#အရာ

Some text some message..