ခွေးချစ်သူတွေဟာ ချစ်စရာကောင်းတဲ့ ခွေးလေးတွေကို သူတို့ရဲ့အိမ်မှာတယုတယမွေးမြူထားတတ်ကြပြီး အချို့ကတော့ ဒီလိုမျိုးခွေးမွေးထားခြင်းက အိမ်မှာရှိတဲ့မိသားစုဝင်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် လေ့လာဆန်းစစ်သူတွေနဲ့ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေကတော့ ခွေးလေးတွေကို မွေးမြူထားခြင်းက ကိုယ့်ရဲ့ကျန်းမာရေးကို သိသိသာသာ တိုးတက်ကောင်းမွန်စေတယ်လို့ ဆိုထားပြီး ဒီနေ့မှာတော့ ဒီအချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ်။
ကိုယ်သိပ်ချစ်ရတဲ့ခွေးလေးတွေက ကိုယ့်ရဲ့နှလုံးသားကို သန်မာလာစေပြီး ခွေးလေးတွေလို အဖော်မွန်ကောင်းရှိနေတာက ကိုယ့်ရဲ့သွေးဖိအားကို လျော့နည်းစေပြီး ကိုလက်စထရောကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် နှလုံးနဲ့ပတ်သက်ပြီး အလုပ်လုပ်နေတဲ့စနစ်တွေအားလုံးကိုလည်း ပိုမိုတိုးတက်ကောင်းမွန်စေတယ်လို့ သိရပြီး Heart Attack ဝေဒနာခံစားရနိုင်ချေကိုလည်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
၂။ ကျန်းမာကြံ့ခိုင်စေပြီး တက်ကြွစေတယ်။
ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်ပတ်ကို (၂) နာရီခွဲလောက် လေ့ကျင့်ခန်းလုပ်ပေးရတယ်လို့ဆိုထားပြီး ခွေးချစ်သူတွေအတွက်ကတော့ ဒီအချိန်ပမာဏပြည့်အောင် လေ့ကျင့်ခန်းလုပ်ဖို့ အခက်အခဲမရှိနိုင်ပါဘူး။ ခွေးချစ်သူတွေဟာ သူတို့ရဲ့ အချစ်တော် ခွေးလေးတွေနဲ့အတူ အပြင်ထွက်လမ်းလျှောက်ရတာ၊ ကစားရတာကို သဘောကျနှစ်သက်ပြီး ဒီအချက်က ခွေးချစ်သူတို့ကို ပိုပြီးတက်ကြွစေလိမ့်မယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်အလေးချိန်လျော့ကျတာ၊ တစ်နေ့တာရဲ့ နေထိုင်စားသောက်မှုပုံစံတွေ ကန့်သတ်ခံရခြင်းက လျော့နည်းတာ၊ ဆေးရုံဆေးခန်းသွားရတဲ့ကိစ္စတွေ လျော့နည်းတာတွေကို အကျိုးဆက်အဖြစ် ခံစားရနိုင်ပြီး အသက် (၇၀) နဲ့ (၈၀) ဝန်းကျင်တွေမှာ ဒီအကျိုးဆက်တွေကို ခံစားရနိုင်မှာပါ။
၃။ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေတယ်။
ခွေးလေးတွေကို ပိုင်ဆိုင်ထားတဲ့သူတွေက တစ်ကြိမ်ကို (၁၀) မိနစ်၊ မိနစ် (၂၀) ကနေ မိနစ် (၃၀) အထိ လေ့ကျင့်ခန်းလုပ်နေရပြီး ဒါကကိုယ်ချစ်ရတဲ့ခွေးလေးတွေနဲ့ ဆော့ကစားပေးရတာကြောင့်ပါ။ (၂၀၁၀) ခုနှစ်တုန်းက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တစ်ခုအရ ကိုယ်ချစ်ရတဲ့ခွေးလေးနဲ့အတူ တစ်ပတ်ကို (၅) ခါလမ်းလျှောက်ထွက်တဲ့သူက တစ်နှစ်တာကာလအတွင်းမှာ ပျမ်းမျှ ပေါင် (၁၄.၄) ပေါင်အထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။ ခွေးလေးတွေကို ကိုယ်ကချစ်ရုံနဲ့တင်မပြီးဘဲ သခင်နဲ့အတူ လမ်းလျှောက်ထွက်ချင်တဲ့ သူတို့ရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေးရင်း ကိုယ့်ရဲ့ခန္ဓာကိုယ်အလေးချိန်ကိုလည်း လျှော့ချနိုင်ပါသေးတယ်။
၄။ လူမှုပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေတယ်။
ခွေးချစ်သူတွေ၊ အိမ်မှာခွေးမွေးထားတဲ့သူတွေထဲက (၄၀) ရာခိုင်နှုန်းလောက်ဟာ သူငယ်ချင်းအသစ်တွေရဖို့ ပိုမိုလွယ်ကူပြီး ဗြိတိန်မှလေ့လာဆန်းစစ်မှုတစ်ခုအရလည်း ခွေးချစ်သူ (၅) ယောက်မှာ (၄) ယောက်လောက်က သူတို့ခွေးလေးတွေနဲ့အတူ လမ်းလျှောက်ထွက်ရင်း အခြားသောလမ်းလျှောက်ထွက်လာတဲ့ ခွေးလေးတွေနဲ့အတူ စကားပြောရင်း မိတ်ဖွဲ့တတ်ကြတယ်လို့ဆိုပါတယ်။ အဲ့ဒါကြောင့်လည်း ခွေးချစ်သူတွေဟာ လူမှုပေါင်းသင်းဆက်ဆံရေးကိစ္စရပ်တွေမှာ ပိုပြီးအဆင်ပြေတတ်ကြပြီး သူတို့နဲ့အတူ တိရိစ္ဆာန်လေးတွေအကြောင်းကို စပြောလိုက်တာနဲ့ သူတို့သိပ်ချစ်ရတဲ့ခွေးလေးတွေအကြောင်းကို တခုတ်တရပြောရင်း သူငယ်ချင်းအသစ်တွေနဲ့ လျင်လျင်မြန်မြန် ရင်းနှီးသွားနိုင်တာလည်း ဖြစ်ပါတယ်။
၅။ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်။
ခွေးလေးတွေနဲ့အတူ မိနစ်အနည်းငယ်လောက် အချိန်ဖြုန်းပေးလိုက်တာက ကိုယ့်ရဲ့စိုးရိမ်ကြောင့်ကြမှုနဲ့ သွေးဖိအားတွေကို လျော့ကျစေနိုင်ပြီး စိတ်တည်ငြိမ်ဖို့နဲ့ အေးအေးဆေးဆေးဖြစ်စေဖို့အတွက် အရေးပါတဲ့ဓာတ်တွေကို တိုးမြင့်စေပါတယ်။ လေ့လာသူတွေရဲ့အဆိုအရ ဖိအားများတဲ့လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေရသူတွေအနေနဲ့ ခွေးမွေးထားမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ပြနိုင်မှာဖြစ်ပြီး လင်မယားတွေအနေနဲ့လည်း ခွေးမွေးထားမယ်ဆိုရင် နှစ်ယောက်ကြားဖြစ်ပေါ်တတ်တဲ့တင်းမာမှုတွေကို ပိုပြီးလျော့ကျစေနိုင်တယ်လို့ သိရပါတယ်။
၆။ ဘဝကိုပိုပြီး အဓိပ္ပာယ်ရှိစေတယ်။
ပင်စင်ယူပြီးတဲ့အချိန်မှာ ကိုယ့်ရဲ့ဘဝက တဖြည်းဖြည်းနဲ့ပျင်းရိငြီးငွေ့ဖို့ကောင်းလာမှာ သေချာပြီး အဲ့ဒီလိုအချိန်မျိုးမှာဆိုရင်တော့ ခွေးလေးတွေက ကိုယ့်ရဲ့ဘဝအတွက် အဖော်မွန်ကောင်းတွေဖြစ်လာမှာပါ။ ခွေးလေးတွေက ကိုယ့်စိတ်ခံစားချက်ကောင်းမကောင်းကို ဂရုစိုက်တတ်ကြပေမယ့် သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ လမ်းလျှောက်ထွက်တာနဲ့ အစာကျွေးတာတို့ကိုတော့ မဖြစ်မနေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးခွေးလေးတွေရှိနေတာက တစ်ယောက်တည်းအထီးကျန်နေတာမျိုးကိုလည်း မဖြစ်ပေါ်စေနိုင်ဘူးလို့ဆိုကြပြီး သူတို့ကို အမြဲလိုလိုဂရုစိုက်ပေးနေရတာကြောင့် တစ်ယောက်တည်းဖြစ်နေသည့်တိုင် ခွေးမွေးထားတဲ့သူတွေရဲ့ ဘဝက အဓိပ္ပာယ်ရှိနေဦးမှာ အသေအချာပါပဲ။
၇။ စိတ်ကျဝေဒနာတွေကို ပျောက်ကင်းစေတယ်။
ခွေးမွေးထားပြီး HIV ဝေဒနာတွေကို ခံစားနေရတဲ့ အမျိုးသားတွေနဲ့ သက်ကြီးပိုင်းအမျိုးသမီးတွေကို သီးသန့်ခွဲခြားပြီးထားတဲ့နေရာမှာ ခွေးလေးတွေကြောင့် အဆိုပါပုဂ္ဂိုလ်တွေဟာ စိတ်ကျခြင်း၊ အထီးကျန်ခြင်းကို ကြီးကြီးမားမား မခံစားရဘူးလို့ လေ့လာသူတွေက ဆိုကြပါတယ်။ သူတို့လေးတွေဟာ မတူညီတဲ့လူပေါင်းစုံ၊ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဖျားနာပြီး နာမကျန်းဖြစ်နေတဲ့သူတွေကို ကောင်းမွန်သက်သာသွားအောင် စွမ်းဆောင်ပေးနိုင်ကြပါတယ်။
၈။ ကလေးငယ်တွေကို အလက်ဂျစ်ဖြစ်ခြင်းမှ ကာကွယ်ပေးတယ်။
ပြီးခဲ့တဲ့ (၉၀) ပြည့်နှစ်ကာလတွေမှာ အိမ်မှာခွေးမွေးထားခြင်းက ကလေးငယ်တွေကို အလက်ဂျစ်ဖြစ်စေတယ်လို့ဆိုကြပေမယ့် အခုလေ့လာဆန်းစစ်မှုတွေအရ အိမ်မှာခွေးနဲ့ကြောင်မွေးမြူထားခြင်းက ကလေးငယ်တွေကို အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ပတ်သက်လို့အလက်ဂျစ်အဖြစ်နည်းစေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီလိုမျိုးအိမ်မှာ ခွေးနဲ့ကြောင်မွေးမြူထားခြင်းက ကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ်ကိုတောင် တိုးတက်စေတယ်လို့သိရှိရပါတယ်။
၉။ ဧည့်သည်လာတာနည်းသွားမယ်။
ကိုယ့်အသက်ကလည်း (၆၅) နှစ်ကိုကျော်နေပြီး အိမ်မှာလည်း ခွေးမွေးထားမယ်ဆိုရင် ကိုယ့်ဆီကိုဧည့်သည်လာတဲ့နှုန်းက ကိုယ်နဲ့ရွယ်တူ ခွေးမမွေးထားတဲ့သူဆီ ဧည့်သည်လာတာထက် (၃၀) ရာခိုင်နှုန်းပိုမိုလျော့နည်းသွားစေတယ်လို့ ဆိုပါတယ်။ တချို့ကျ ဧည့်သည်တွေ ခဏခဏအိမ်လာတာကို မကြိုက်ပါဘူး။ ဒါဆိုရင် ကိုယ်ကကိုယ်ချစ်ရတဲ့ခွေးလည်းမွေးထားမယ်၊ သူတို့ကလည်း ခွေးကြောက်တတ်တယ်ဆိုရင်တော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်မှာ အသေအချာပါပဲ။
၁၀။ ကြီးမားတဲ့ရောဂါတွေကို ခုခံနိုင်မယ်။
အချို့ခွေးလေးတွေဟာ သူတို့ကိုယ်သူတို့ ကျောက်ကပ်၊ အရေပြားနဲ့ ဝှေးစေ့ကင်ဆာတို့ကို ခုခံနိုင်ပြီး အယ်လ်ဇိုင်းမား၊ မွေးရာပါဉာဏ်ရည်ချို့ယွင်းတဲ့ရောဂါရှင်တွေကိုလည်း အကောင်းဆုံး ပြန်လည်ကုသပေးနိုင်တဲ့ တိရိစ္ဆာန်လေးတွေလို့ဆိုကြပါတယ်။