ရယ်မောခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးရလဒ် ၁၀ ချက်
lifestylemyanmar.com
|
2020-07-22



ရယ်မောခြင်းသည် လူ့ခန္ဓာကိုယ်ကို နည်းအမျိုးမျိုးနဲ့ အကျိုးသက်ရောက်မှုများစွာရှိပါတယ်။ ရယ်မောခြင်းဟာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေပြီး ဘယ်လိုကောင်းကျိုးတွေ ဖြစ်ပေါ်လာစေသလည်းဆိုတာကို သိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။




၁၀။ အသက်ပိုရှည်စေပါတယ်


သုတေသနဆိုင်ရာလေ့လာသုံးသပ်ချက်များအရ အကောင်းမြင်စိတ်ရှိပြီး ပျော်ပျော်နေတတ်တဲ့သူတွေဟာ အဆိုးမြင်တတ်တဲ့သူများထက် အသက်ပိုရှည်
တာကို တွေ့ရပါတယ်။ လေ့လာမှုများအရ အဆိုးမြင်တဲ့သူတွေဟာ ပျော်ပျော်နေတတ်တဲ့သူတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ၅၅ ရာခိုင်နှုန်းလောက် အသက်ပိုတိုတာကို တွေ့ရှိရပါတယ်။

၉။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်

သုတေသီများရဲ့ တွေ့ရှိချက်များအရ ရယ်မောခြင်းသည် ကိုယ်ခံအားစနစ်ကို တိုးပွားစေပြီး antibody ကိုထုတ်လုပ်တဲ့ T ဆဲလ်တွေကိုလည်း ပွားများလာစေပါတယ်။ ၎င်းဟာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်သော ဟော်မုန်းတွေကိုလည်း လျော့နည်းစေပြီး ချောင်းဆိုးခြင်း၊ အအေးမိခြင်း အစရှိတာတွေကိုပါ လျော့နည်းစေပါတယ်။

၈။ နာကျင်မှုကို သက်သာစေပါတယ်

ရယ်မောခြင်းတွင် နာကျင်ခြင်းကို လျော့ချဖို့အတွက် ကောင်းမွန်စေတဲ့ chortle တမျိုးကိုတွေ့ရှိခဲ့ပါတယ်။ ၎င်းသည် နာကျင်မှုကိုအာရုံလွဲစေရုံသာမက စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေတဲ့ endorphinကို ခန္ဓာကိုယ်ရဲ့ စနစ်တွေအတွင်းမှာ ပိုမိုအားကောင်းစေပါတယ်။ ဗြိတိန်နိုင်ငံရဲ့လေ့လာမှုတခုအရ ၁၅ မိနစ်မျှ ရယ်မောခြင်းဟာ endorphins ကို ၁၀ရာခိုင်နှုန်းအထိတိုးမြှင့်ပေးပြီး ၎င်းသည် သာယာသောခံစားမှုနဲ့ ယာယီနာကျင်စေမှုကို သက်သာစေတာကို တွေ့ရှိခဲ့ပါတယ်။




၇။ စိတ်ကျရောဂါကို လျော့ချပေးပါတယ်

ရယ်မောခြင်းသည် တင်းမာမှုနဲ့ စိတ်ဖိစီးမှုများကို လျော့နည်းစေပြီး စိုးရိမ်ပူပန်မှုနဲ့ ယားယံခြင်းကိုပါ လျော့နည်းစေပါတယ်။ Geriatrics နဲ့ Gerontology International တွင်လေ့လာခဲ့သော လေ့လာမှုတစ်ခုအရ ရယ်မောခြင်းကုထုံးသည် သက်ကြီးရွယ်အိုများလူနာများအတွက် စိတ်ဓာတ်ကျခြင်းကို ပြန်လည်ကောင်းမွန်စေပြီး လူမှုဆက်ဆံရေးကိုတိုးတက်စေခြင်းအားဖြင့် စိတ်ကျရောဂါကို လျော့နည်းစေကြောင်းတွေ့ရှိခဲ့ပါတယ်။

၆။ ရင်းနှီးပတ်သတ်မှုများကို တိုးပွားစေပါတယ်

အမျိုးသားများသည် ပျော်ပျော်နေတတ်ကြတဲ့ အမျိုးသမီးတွေကို ပိုမိုနှစ်သက်ကြပြီး ချစ်သူရည်စားစုံတွဲတွေကြားမှာ ဟာသဉာဏ်သည် နှစ်ဦးသားဆက်ဆံရေးကို ချောချောမွေ့မွေ့လည်ပတ်စေဖို့အတွက် အရေးကြီးတဲ့အချက်တချက်ဘဲဖြစ်ပါတယ်။

၅။ ရယ်မောခြင်းရဲ့ လူမှုအကျိုးကျေးဇူးများ

ရယ်မောခြင်းသည် ကူးစက်တတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့်မို့ ရယ်မောခြင်းအားဖြင့် ပတ်ဝန်းကျင်ရှိလူအများရဲ့ ခံစားချက်တွေကို မြှင့်တင်ပေးနိုင်ပြီး သူတို့ရဲ့ စိတ်ဖိစီးမှုများကိုပါ လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူကို လူအများက ပိုမိုနှစ်သက်ကြတဲ့အတွက် လူမှုဆက်ဆံရေးကိုပါတိုးတက်စေပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့အတူတူ ပိုပြီးရယ်မောလေလေ အပြုသဘောဆောင်တဲ့ခံစားချက်များနဲ့ လူမှုဆက်ဆံရေးတွေဟာ ပိုပြီး တိုးတက်လာလေလေဘဲဖြစ်ပါတယ်။

၄။ ကိုယ်တွင်းအင်္ဂါတွေကို ပိုပြီးကောင်းမွန်စေပါတယ်

ရယ်မောလိုက်ခြင်းအားဖြင့် ဝမ်းဗိုက်အတွင်းမှာရှိတဲ့ အမြှေးပါးတွေကို လေ့ကျင့်ခန်းပြုလုပ်သလိုဖြစ်စေပြီး ကြွက်သားတင်းမာမှုတွေကို လျော့ကျစေပါတယ်။ အကြိမ် ၁၀၀ ရယ်မောခြင်းဟာ စက်ဘီးနင်းစက်ပေါ်မှာ ၁၅ မိနစ်မျှ လေ့ကျင့်ခြင်း ဒါမှမဟုတ် ၁၀ မိနစ်မျှ လှော်လှော်လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ ညီမျှတယ်လို့ သိရပါတယ်။




၃။ အသက်ရှုခြင်းကို တိုးတက်စေပါတယ်

ရယ်မောခြင်းဟာ အဆုတ်ထဲကလေကို ထုတ်လွှတ်လိုက်တာထက် ပိုတဲ့ ရှုရှိုက်ခြင်းကို ပြုလုပ်စေတာကြောင့်မို့ အဆုတ်ကို သန့်ရှင်းစေတဲ့ အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ ၎င်းသည် ပန်းနာရင်ကြပ်ကဲ့သို့သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူများအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ကောင်းဖြစ်စေပါတယ်။

၂။ ရယ်မောခြင်းဟာ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်

ရယ်မောခြင်းဟာ အလွန်ကောင်းမွန်တဲ့ ကာယလေ့ကျင့်ခန်းတခုဖြစ်ပါတယ်။ ရယ်မောခြင်းအားဖြင့် ကယ်လိုရီလောင်ကျွမ်းမှုကို များစွာအကျိုးမဖြစ်စေပေမယ့် နှစ်သက်ဖွယ်ကောင်းတဲ့ ရွှင်လန်းမှုဟာ နှလုံးခုန်နှုန်းကို မြင့်တက်စေပြီး ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပါတယ်။ တကယ်လို့ သင်ဟာ ကိုယ်အလေးချိန်လျော့ချတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်နေပါက ရယ်ရယ်မောမောနေတာက ပိုပြီးအကျိုးဖြစ်ထွန်းမှုရှိစေပါတယ်။

၁။ နှလုံးရောဂါကို ကာကွယ်ပေးပါတယ်

ပုံမှန်ရယ်မောတတ်သူတွေဟာ သာမာန်လူတယောက်ထက် သွေးပေါင်ချိန်ကျဆင်းမှုဖြစ်ပေါ်စေပါတယ်။ လူတွေရယ်မောနေတဲ့အခါမျိုးမှာ သွေးပေါင်ချိန်ဟာ ပုံမှန်အားဖြင့်တိုးလာပြီး ထို့နောက်မှာတော့ သွေးပေါင်ချိန်ကို ပုံမှန်ထက်ပိုပြီး လျော့ချမှုတွေပြုလုပ်ပေးပါတယ်။ နှလုံးကြွက်သားတွေဟာလည်း ခန္ဓာကိုယ်မှာရှိတဲ့ အခြားကြွက်သားတွေနည်းတူ လေ့ကျင့်ခန်းပြုလုပ်သလိုဖြစ်စေတာမို့ ပိုပြီးအားကောင်းလာပါတယ်။ ပုံမှန်ရယ်မောခြင်းဟာ နှလုံးကြွက်သားလေ့ကျင့်ခန်းပြုလုပ်နေသလိုဖြစ်စေပြီး ခန္ဓာကိုယ်ကိုသွေးစီးဆင်းမှုပိုမိုဖြစ်ပေါ်စေရန် နှလုံးကြွက်သားတွေကို ညှစ်ထုတ်စေတာမို့ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ သုတေသနတခုအရ တနေ့လျှင် ၁၅ မိနစ်ခန့် ရယ်မောခြင်းသည် တပတ်မှာ ၃ကြိမ် မိနစ်သုံးဆယ်ကြာ နှလုံးလေ့ကျင့်ခန်းပြုလုပ်တာနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ပျော်ပျော်ရွှင်ရွှင်ရယ်ရယ်မောမောနေခြင်းဟာ အသက်ရှင်နေထိုင်ရခြင်းအတွက် များစွာအကျိုးဖြစ်ထွန်းစေပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Lifestyle_Myanmar

#Dmo_aung

#Ref- wonderslist




Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#လေ့ကျင့်ခန်း
#ကြွက်သား
#သွေးပေါင်ချိန်
#လူမှုဆက်ဆံရေး
#နှလုံး

Some text some message..