ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ကို ချက်ခြင်း မေ့ပစ်လိုက်ဖို့ဆိုတာ မလွယ်မကူပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေလို့ လမ်းခွဲပြီးတဲ့အခါ အချိန်အနည်းငယ်တော့ ယူရပါတယ်။ တစ်ချို့တွေက ပြန်လာမလားလို့ မျှော်လင့်နေတတ်ကြသေးပါတယ်။ သူက ကိုယ့်ကို ရက်ရက်စက်စက် လမ်းခွဲသွားမယ်။ တခြားတစ်ယောက်နဲ့ တွဲသွားမယ်။ အိမ်ထောင်ပြုသွားမယ်ဆိုရင်တော့ မျှော်လင့်မနေပါနဲ့တော့ ။ကိုယ့်ဘက်က ချစ်နေသေးပေမယ့် မဖြစ်နိုင်တော့တဲ့အခြေအနေမှာ ကိုယ်နဲ့ မသက်ဆိုင်တော့တဲ့ Exကို မေ့ပစ်တာအကောင်းဆုံးပါ။ သူလည်း သူ့ဘဝသူလျှောက်လှမ်းသလို ကိုယ်လည်း ကိုယ့်ဘဝလမ်းကို ရှေ့ဆက်လျှောက်နေရဦးမှာပါ။ ဒီလို လမ်းခွဲသွားတဲ့ Exကို ကိုယ့်ဘက်က ပြန်မဆက်သွယ်မိစေဖို့ ဒီလိုနည်းလမ်းလေးတွေနဲ့ ကြိုးစားကြည့်ပါ။
၁။ ရည်းစားဟောင်းရဲ့ ဖုန်းနံပါတ်ကို ဖျက်ပစ်ပါ
ဖုန်းထဲ ရည်းစားဟောင်းရဲ့ ဖုန်းနံပါတ်ကို လုံးဝဖျက်ပစ်တာက စာပို့မိဖို့ အခွင့်အလမ်းနည်းသွားပါလိမ့်မယ်။ သူတို့နာမည်ကို သင်မမြင်ရင် သင်ဆက်သွယ်မိမှာ မဟုတ်ပါဘူး။ သင့်ဖုန်း block list ထဲမှာ ထည့်ထားဖို့လည်း ကြိုးစားနိုင်ပါတယ်။ အထူးသဖြင့် သူက သင့်ဆီပြန်လာလိမ့်မယ့် အခွင့်အလမ်းရှိရင်ပေါ့။
၂။ အခြားတစ်စုံတစ်ယောက်ကို ဖုန်းခေါ်ပါ၊ စာပို့ပါ
Ex ကို စာပို့ချင်စိတ်ဖြစ်လာတဲ့အခါ အဲ့ဒီအစား သူငယ်ချင်းတစ်ယောက် သို့မဟုတ် မိသားစုဝင်တွေကို ဖုန်းခေါ်ခြင်း၊ စာပို့ခြင်း ပြုလုပ်ပါ။
၃။ အခြားတစ်ယောက်ကို သင့်ဖုန်းပေးထားပါ
အထူးသဖြင့် သင်တို့ ဆက်သွယ်နေကျအချိန်မှာ ကိုယ့်စိတ်ကိုယ်မနိုင်လို့ စာပို့မိမှာ ကြောက်ရင်တော့ သင့်ဖုန်းကို အခြားတစ်ယောက်ယောက်ကို ပေးထားပါ။သူငယ်ချင်းတစ်ယောက် သို့မဟုတ် မိသားစုဝင်တစ်ယောက်ကို ပေးထားနိုင်ပါတယ်။ ကိုယ့်ဘက်က သတိရကြောင်း စာပို့မိရင် အကြောင်းတစ်ခုခုကြောင့် ချစ်ရက်နဲ့ လမ်းခွဲခဲ့ရတာက ကိစ္စမရှိပေမယ့် ကိုယ့်ကိုမချစ်တော့လို့ ပစ်သွားတဲ့ သူဆိုရင်တော့ လှောင်ပြောင်ခံရမှာ ဖြစ်ပါတယ်။
၄။ ညနေပိုင်းမှာ ဖုန်းကို ပါဝါပိတ်ထားပါ
အလုပ်ရှုပ်နေတဲ့အချိန်မဟုတ်ရင် အခြားအချိန်တွေမှာ Ex အကြောင်း တွေးမိနေနိုင်ပါတယ်။ ညဘက် ပျင်းတဲ့အခါ သို့မဟုတ် အထီးကျန်နေတဲ့အခါ သူ့ကိုဆက်သွယ်ချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒီလိုဖြစ်လာလျှင် ညတိုင်း သင့်ဖုန်းကို နာရီအနည်းငယ် ပိတ်ထားပြီး ဖုန်းဆီကို စိတ်မရောက်အောင် တခြားအလုပ်တစ်ခုခု လုပ်နေခြင်းဖြင့် အချိန်ဖြုန်းပါ။( ဥပမာ- ကိုယ်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားကြည့်တာ၊ စာအုပ်တစ်အုပ်ဖတ်တာ၊ လက်သည်းနီ ထိုင်ဆိုးနေတာတို့ပါ)
၅။ ဆိုရှယ်မီဒီယာပေါ်မှာ သင့်ရည်းစားဟောင်းကို Blockပါ၊ Unfriend လုပ်ပါ
လူမှုကွန်ယက်အားလုံးပေါ်မှာ သူကို Unfollow လုပ်ခြင်း၊ Unfriend လုပ်ခြင်းဖြင့် သင့်ရည်းစားဟောင်းနှင့် ဝေးကွာမှုကို ရယူပါ။ ထိုသို့ပြုလုပ်တာက သူ့အကြောင်းများနှင့် သူတင်သမျှကို မြင်တွေ့ဖို့ အခွင့်အလမ်းနည်းပြီး သူ့ ကိုမေ့နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ သူ့ကို လုံးဝမေ့ပစ်ချင်ရင်တော့ အကောင့်အသစ်ပြောင်းတာ ၊ သူ့ကို Block လိုက်တာ ပြုလုပ်နိုင်ပါတယ်။
၆။ အစပျိုးခြင်း ရှောင်ကြဉ်ပါ
လူအများစုက ကိုယ့်ချစ်သူပေးတဲ့ ရုပ်ရှင်ဇာတ်ကားခွေတွေ၊ အဝတ်၊ ဓါတ်ပုံများနှင့် တခြားအမှတ်တရပစ္စည်းများကို သိမ်းဆည်းထားတတ်ကြပါတယ်။ လမ်းခွဲပြီးတဲ့အခါ အဲ့ဒီအရာတွေမြင်နေရရင် အမှတ်ပြန်ရစေတာကြောင့် စိတ်ခံစားမှု အဆင်သင့်ဖြစ်တဲ့အထိ ထိုပစ္စည်းတွေကို အမှိုက်ပုံးထဲ လွှင့်ပစ်တာ၊ မမြင်ရတဲ့နေရာမှာ ထုပ်ပိုးသိမ်းဆည်းတာ ပြုလုပ်ပါ။
၇။ သူ့ကို သတိရလို့ စာပို့ချင်လာတဲ့အခါ၊ ဖုန်းဆက်ချင်လာတဲ့အခါ စုဘူးတစ်ခုထဲမှာ ပိုက်ဆံထည့်ပါ
သင့်ရဲ့ရည်းစားဟောင်းကို စာပို့ဖို့ စဉ်းစားမိတဲ့အချိန်တိုင်း အိုးတစ်လုံးထဲမှာ ပိုက်ဆံထည့်စုထားပါ။ နွမ်းပါးတဲ့ သူငယ်ချင်းတစ်ယောက် သို့မဟုတ် လိုအပ်တဲ့ တစ်နေရာရာမှာ ထိုပိုက်ဆံကို လှူဒါန်းနိုင်ပါတယ်။ ပိုက်ဆံနှမျောတာကြောင့် စာပို့ချင်စိတ်တွေ လျော့နည်းလာတာ ကိုယ့်ကိုယ်ကို သတိထားမိပါလိမ့်မယ်။
၈။ အရက်မသောက်ပါနဲ့
အရက်သောက်တာက သင့်ရဲ့ထိန်းချုပ်မှုတွေ လျော့ကျစေတာကြောင့် အရက်ကို ရှောင်ကြဉ်နိုင်အောင် ကြိုးစားပါ။ ဒီနည်းလမ်းက သင်မူးလာတဲ့အခါ ရည်းစားဟောင်းဆီ စာပို့ခြင်း၊ ဖုန်းခေါ်ခြင်း ပြုလုပ်မိတော့မှာ မဟုတ်ပါဘူး။
၉။ ကိုယ့်ကိုယ်ကို ဘာ့ကြောင့်လမ်းခွဲရလဲဆိုတာ သတိပေးပါ
ရည်းစားဟောင်းနဲ့ ဘာ့ကြောင့် လမ်းခွဲရတာလဲဆိုတာကို စာရင်းပြုစုပါ။ သူ့ဆီကို စာပို့ချင်စိတ်ဖြစ်လာတဲ့အခါ ထိုစာရင်းကို ထုတ်ကြည့်ပါ။ စာပို့တာက ကောင်းတဲ့ စိတ်ကူးမဟုတ်ဘူးဆိုတာ သတိရလာပါလိမ့်မယ်။
ဥပမာ- ဒီလူက သင့်အပေါ် လိမ်လည်လှည့်ဖျားသူဆိုရင် သင်လွမ်းဆွတ်မှု ခံစားရလာတဲ့အခါ သူသစ္စာဖောက်သွားတဲ့အကြောင်းကို သတိရလာပါလိမ့်မယ်။
၁၀။ သူငယ်ချင်းတွေနဲ့ မကြာခဏ အချိန်ဖြုန်းပါ
သူငယ်ချင်းတွေနဲ့ အားလပ်ရက်မှာ အချိန်ဖြုန်းတာက သူ့ကို သတိရမိချင်မှ သတိရပါလိမ့်မယ်။ ရည်းစားဟောင်းကို စိတ်ထဲက ထုတ်ပယ်ဖို့ အရင်းနှီးဆုံးလူများနှင့် အချိန်ဖြုန်းပါ။ သင့်ဘော်ဒါများနှင့် နေ့လယ်စာ သိုမဟုတ် ညစာထွက်စားပါ။ သူငယ်ချင်းအချို့နှင့် အိမ်မှာ ညဘက်ရုပ်ရှင်ကြည့်ဖို့ စီစဉ်ပါ။
လမ်းခွဲတဲ့ကိစ္စမှာ တချို့အချိန်တွေက တစ်ယောက်တည်းနေဖို့ လိုအပ်တယ်ဆိုရင် လိုအပ်တဲ့ အချိန်ယူပါ။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုကိုယ် လုံးဝသီးခြားမနေပါနဲ့။ ရည်းစားဟောင်းအပေါ် မခံချင်စိတ်နဲ့ အလုပ်ကြိုးစားမှုကလည်း သင့်ကို အောင်မြင်မှု ရရှိလာနိုင်ပါသေးတယ်။
၁၁။ ဝါသနာတစ်ခုနောက် လိုက်ပါ
လက်ရှိအရည်အချင်းကို ပိုသွေးပါ၊ သင်စိတ်အားထက်သန်တဲ့ ဝါသနာတစ်ခုခုပေါ်မှာ အာရုံစိုက်ပါ။ အားကစားတစ်ခု သို့မဟုတ် ဂီတတူရိယာတစ်ခုခု သင်ယူဖို့ ကြိုးစားပါ။ ပန်းချီ၊ စာရေးခြင်း၊ လက်မှုပညာတစ်ခုခု ဖန်တီးခြင်းဖြင့် ကိုယ့်ကိုယ်ကို ဖော်ထုတ်ပါ။
၁၂။ အသင်းအဖွဲ့တစ်ခုနှင့် ချိတ်ဆက်ပါ
မိတ်ဆွေအသစ်များနှင်တွေ့ဆုံခြင်း၊ အသင်းအဖွဲ့တစ်ခုမှာ ပါဝင်ခြင်းဖြင့် တာဝန်အသစ်ယူခြင်း၊ ဝါသနာပါရာ သို့မဟုတ် အလုပ်၊ သင့်ကျောင်းက အဖွဲ့အစည်းတွေ ထဲမှာ ဝင်ခြင်းပြုလုပ်ပါ။ ကောင်းမွန်တဲ့ လှုပ်ရှားမှုများနှင့်အတူ သင့်ရဲ့နေ့ရက်တွေကို ဖြည့်ခြင်းက သင့်ရည်းစားဟောင်းကို အဆက်အသွယ်လုပ်ခြင်းနဲ့ ပတ်သတ်ပြီး မေ့လျော့စေပါလိမ့်မယ်။
၁၃။ ကျွမ်းကျင်မှု အသစ်တစ်ခုကို လေ့လာပါ
နေရာသစ်တစ်ခု၊ ဝါသနာသစ်တစ်ခုမှာ သင့်ရည်းစားဟောင်းကို မေ့နိုင်ဖို့ ကြိုးစားပါ။ နိုင်ငံခြား ဘာသာစကား၊ချက်ပြုတ်ခြင်း ၊ သစ်သားလက်မှုပညာ စတဲ့ ဝါသနာပါရာကို လေ့လာပါ။ သင်တန်းတွေ မတတ်ချင်လျှင် စာအုပ်ဖက်ခြင်း၊ YouTube tutorial ကြည့်ခြင်းဖြင့် ကျွမ်းကျင်မှု အသစ်ကို လေ့လာပါ။ လေ့လာနေရင်း သင်ပျော်ရွင်ပြီး Exကိုမေ့နေပါလိမ့်မယ်။
Lifestyle_Myanmar
LM_Nandar
Source-wikihow
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။