သာယာတဲ့နံနက်ခင်းတိုင်းကို ပိုင်ဆိုင်နိုင်ဖို့
trend.com.mm
|
2020-07-30

မနက်ခင်းအချိန်ဟာ တနေ့တာလုံးမှာအရေးအကြီးဆုံးအချိန်ဖြစ်ပါတယ်။ ဒါကြောင့်မနက်ခင်းအချိန်လေးတွေကို သာသာယာယာဖြစ်စေဖို့က အရေးကြီးပါတယ်။ ဒါတင်မကသေးပါဘူး။ ကျွန်တော်တို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ မနက်ခင်းပေါင်း (၃၀၀၀၀) လောက်ကိုပဲ ကြုံတွေ့ရမှာဆိုတော့ (နှစ်တစ်ရာသက်တမ်းနဲ့တွက်လိုက်မယ်ဆိုရင်) မနက်ခင်းတိုင်းကို သာယာနေအောင်ဖန်တီးဖို့က အထူးအရေးကြီးပါတယ်။

၁။ အိပ်ရေးဝအောင်အိပ်ပါ

သာယာလှပတဲ့မနက်ခင်းအချိန်လေးကို မသာမယာဖြစ်စေနိုင်တဲ့အကောင်းဆုံးနည်းလမ်းကိုသိပါသလား။ ညအိပ်ချိန် (၄) နာရီလောက်ပဲယူကြည့်လိုက်ပါ။ မနက်နိုးရင်သိလာပါလိမ့်မယ်။ အိပ်ရေးမဝခြင်းက ခင်ဗျားရဲ့လန်းဆန်းတက်ကြွမှုတွေကို ဖျက်ဆီးပစ်ပြီး တနေ့တာလုံး လေးလံထိုင်းမှိုင်းနေစေမှာပါ။

ဒါတင်မကသေးပါဘူး။ အိပ်ရေးမဝခြင်းက စိတ်အခြေအနေ၊ ဆုံးဖြတ်ချက်မှန်ကန်စွာချနိုင်ခြင်း၊ မှတ်ဉာဏ် စတဲ့ ဦးနှောက်ရဲ့အရေးကြီးအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်တော့ အလုပ်မှာလုပ်ရည်ကိုင်ရည်ညံ့ဖျင်းတော့တာပေါ့။ ဒီလိုမဟုတ်ဘဲ အိပ်ရေးဝအောင်အိပ်ထားမယ်ဆိုရင် ကျွန်တော်တို့တွေပိုမိုပျော်ရွှင်ပြီး အားအင်ပြည့်ဝနေမှာဖြစ်တဲ့အတွက် အလုပ်လည်းပိုမိုတွင်ကျယ်စေပါတယ်။

ညအိပ်ခါနီးရင်မျက်စိကြောင်တတ်တဲ့သူတွေ အတွက်ကတော့ အိပ်ယာဝင်ခါနီး (၁၅) မိနစ်လောက်အလိုမှာ Blue Light (အပြာရောင်မီးလို့ခေါ်တဲ့ ဖုန်းတို့၊ ကွန်ပျူတာတို့ကလာတဲ့မီးရောင်တွေ)၊ အိပ်ခန်းထဲက မီးချောင်းကမီးရောင်တွေကို ပိတ်ပစ်လိုက်ပါ။

မျက်စိကိုအမှောင်နဲ့နေသားကျအောင်လုပ်ပြီး ရောက်တတ်ရာရာလျှောက်တွေးနေတဲ့ အတွေးတွေကို ထိန်းချုပ်ကြည့်လိုက်ပါ။ သိပ်မကြာခင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာကို တွေ့ရှိရပါလိမ့်မယ်။


၂။ ညထဲက ကြိုတင်ပြင်ဆင်ထားပါ
မနက်ခင်းအချိန်ရဲ့သာယာမှုတွေကို ဖျက်ဆီးပစ်နိုင်တဲ့နောက်တစ်ချက်ကတော့ အိပ်ယာထနောက်ကျလို့ လုပ်စရာရှိတာတွေကို အသဲအသန်လုပ်ပြီး အလုပ်ကို ကမန်းကတန်း ထပြေးရတာပါပဲ။ ညကတည်းက မနက်ရုံးသွားခါနီးလုပ်ရမှာတွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မနက်ကျရင် တက်သုတ်ရိုက် မဖြစ်တော့ဘူးပေါ့။

အချိန်တွေပိုနေလို့ နှပ်ကော်ဖီမွှေးမွှေးလေးတစ်ခွက် ဖျော်သောက်ပြီးတောင် တနေ့တာအတွက် အားအင်ကိုမြှင့်တင်လို့ရပါသေးတယ်။ မနက်ရုံးသွားခါနီး ယူသွားရမယ့်စာရွက်စာတမ်းတွေကို ညထဲကကြိုတင်ပြင်ဆင်ထားပါ။ မနက်ဝတ်ရမယ့်အဝတ်အစားတွေကိုလည်း ညထဲက အပြင်ထုတ်ပြီး ချိတ်နဲ့ ချိတ်ထားပါ။ ဒါဆိုရင်မနက် မျက်စိ (၂) လုံးပွင့်တာနဲ့ အရာရာတိုင်းဟာ စီစဉ်တကျဖြစ်နေပြီပေါ့။

၃။ အသံဆိုးကြီးနဲ့နှိုးစက်နာရီကို ပစ်ထုတ်လိုက်ပါ

ခင်ဗျားမှာ အိမ်ကအမေဝယ်ပေးထားတဲ့ ခေတ်ဟောင်းစတိုင်လ် နှိုးစက်နာရီတစ်လုံးရှိပါသလား။ မနက်အိပ်ယာထချိန်ရောက်ရင် ဆိုးဝါးတဲ့ “ဒီး…ဒီး” ဆိုတဲ့အသံကြီးနဲ့ နှိုးတတ်တယ်လေ။ အမှန်တကယ်တော့ နှိုးစက်နာရီသံဆိုတာ ကျွန်တော်တို့တွေမျက်စိ (၂) လုံးပွင့်တာနဲ့ အရင်ကြားရတဲ့အသံဖြစ်လို့ သာယာလှပတဲ့မနက်ခင်းလေးကိုလိုချင်တဲ့သူတွေအနေနဲ့ ဒီလိုနှိုးစက်နာရီသံအစား တခြားသာယာနာပျော်ဖွယ် အသံလေးတွေပြောင်းသုံးသင့်ပါတယ်။

အခုဆိုရင် စမတ်ဖုန်းတွေမှာ app ပေါင်းစုံလည်းရှိနေပါပြီ။ မိမိနှစ်သက်ရာ သာယာနာပျော်ဖွယ်အသံပေါင်းစုံကိုရွေးချယ်နိုင်ပါတယ်။ သာယာနာပျော်ဖွယ်အသံတွေက ခင်ဗျားကို နိုးအောင်မနှိုးနိုင်ဘူးလို့ထင်ရင် (၅) မိနစ်တစ်ခါ အသံပိုပိုကျယ်လာပြီး တုန်ခါစေတဲ့ setting ကိုပါထည့်ထားနိုင်ပါတယ်။

၄။ လှုပ်လှုပ်ရှားရှားလုပ်ပေးပါ

မနက်ခင်းအချိန်မှာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်ကိုအားအင်တက်ကြွစေပြီး လန်းဆန်းနေစေပါတယ်။ လေ့လာမှုတွေကဖော်ပြထားတာကတော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေကို နောက် (၁၂) နာရီလောက်ကြာသည်အထိ မြှင့်တင်ပေးပါတယ်တဲ့။

အမေရိကန်သမ္မတဟောင်း ဘားရက်ခ်အိုးဘားမားကတော့ တစ်နေ့ကို (၄၅) မိနစ်လေ့ကျင့်ခန်းလုပ်ပါသတဲ့။ ပြီးတော့ တစ်ပတ်မှာ (၆) ရက်လုပ်ပါသတဲ့။ အိုးဘားမားလုပ်သလောက်မလုပ်နိုင်ရင်တောင် တစ်နေ့ မိနစ် အနည်းငယ်လောက်လုပ်ပေးရင်ရပါပြီ။ ဒိုက်ထိုးပါ။ ခါးလှည့်ပါ။

ဘယ်လီနည်းနည်းရိုက်ပါ။ အဓိက က လုပ်ဆောင်တဲ့ကြာချိန်ထက် မနက်တိုင်းလေ့ကျင့်ခန်းလုပ်ဖြစ်တဲ့အလေ့အကျင့်လေးတစ်ခု ရသွားဖို့ပါပဲ။ အကျင့်ရသွားရင် ကြာချိန်ကလည်းပိုများလာပါလိမ့်မယ်။


၅။ မနက်စာကောင်းကောင်းစားပါ
မနက်စာဟာ တနေ့တာလုံးမှာအရေးအကြီးဆုံးအစားအစာပါပဲ။ စကားတစ်ခွန်းတောင်ရှိပါသေးတယ်။ “မနက်စာကိုသူဌေးလိုစား၊ နေ့လည်စာကိုပုံမှန်စား၊ ညစာကိုဆင်းရဲသားလိုစား” တဲ့။ အဆင့်အတန်းခွဲခြားတဲ့ စကားမျိုးမဟုတ်ဘဲ မနက်စာကိုတဝကြီးစားပြီး ညစာကိုနည်းနည်းပဲစားပါလို့ဆိုလိုချင်တာဖြစ်ပါတယ်။ ဒါကြောင့်သာယာတဲ့မနက်ခင်းအချိန်လေးကို ပိုင်ဆိုင်လိုရင်တော့ မိမိနှစ်သက်ရာ အစားအစာကို ဝဝလင်လင်သာစားသောက်ပါ။

၆။ မိမိနှစ်သက်တဲ့အရာတစ်ခုခုကိုလုပ်ပါ

မနက်ခင်းအချိန်ဟာ တနေ့တာလုံးမှာအရေးအကြီးဆုံးအချိန်ဖြစ်တဲ့အတွက် ကိုယ်ပိုင်တဲ့မနက်ခင်းကို ကိုယ်နှစ်သက်တဲ့အရာတွေကိုလုပ်ရင်း အချိန်ကုန်ဆုံးသင့်ပါတယ်။ အချိန်အများကြီးပေးစရာလည်း မလိုပါဘူး။ တစ်ရက်ကို မိနစ် (၂၀) လောက်ပဲပေါ့။ ခင်ဗျားနှစ်သက်တဲ့အရာဆိုတာလည်း တစ်ဦးချင်းစီအလိုက် ကွဲပြားနေနိုင်ပါတယ်။

မနက်ခင်းတရားထိုင်တာဖြစ်ချင်ဖြစ်မယ်။ စိတ်ကိုတက်ကြွစေတဲ့ ရုပ်ရှင်ကားတစ်ကားရဲ့အကြိုက်ဆုံးဇာတ်ဝင်ခန်းကို ကြည့်တာဖြစ်ချင်ဖြစ်မယ်။ (ကျွန်တော်ဆို Eminem သရုပ်ဆောင်ထားတဲ့ 8 Miles ကို ခဏခဏကြည့်ဖြစ်တယ်။) ခင်ဗျားအနှစ်သက်ဆုံးအဆိုတော်ရဲ့ အခွေကို နားထောင်တာဖြစ်ချင်ဖြစ်မယ်။ ဘာမဆိုဖြစ်နိုင်ပါတယ်။ အဓိက က မနက်ခင်းအချိန်မှာခင်ဗျားစိတ်ကိုပျော်ရွှင်စေမယ့် အရာတစ်ခုခုကို လုပ်လိုက်တာပါပဲ။

၇။ စာရေးပါ

စာရေးတယ်ဆိုတာ ဝတ္ထုတစ်အုပ်၊ ကဗျာတစ်ပုဒ်ထိုင်ရေးခိုင်းတာမဟုတ်ပါဘူး။ (ဝါသနာပါသူတွေကတော့ ရေးချင်ရေးနိုင်ပါတယ်။) မနက်ခင်းအချိန်က စိတ်ကူးစိတ်သန်း အပွင့်လန်းဆုံးအချိန်ဖြစ်လို့ မနက်ခင်း အချိန်မှာ စာရေးတာအကြံကောင်းတစ်ခု ဖြစ်ပါတယ်တဲ့။ ဒါကြောင့်မနက်ခင်းအချိန်မှာ အလုပ်နဲ့ပတ်သက်တဲ့အိုင်ဒီယာတွေကိုချရေးပါ။

ဘဝရည်မှန်းချက်တွေကို ချရေးပါ။ ကြုံနေရတဲ့ ပြသနာတွေနဲ့ ပြေလည်စေနိုင်မယ့် နည်းလမ်းတွေကိုချရေးပြီး စဉ်းစားပါ။ စစချင်းတော့ မထူးခြားပေမယ့် အကျင့်ရလာရင် ထူးခြားမှုကိုမြင်တွေ့လာရမှာပါ။ စိတ်ဖိစီးမှုတွေများနေရင်လည်း ချရေးလိုက်ခြင်းက စိတ်ဖိစီးမှုတွေကို သက်သာရာရစေပါတယ်။



#မနက်ခင်း
#စက်နာရီ
#နေ့တာ
#အချိန်
#မနက်

Some text some message..