ခပ်ဆိုးဆိုးကောင်လေးတွေရဲ့ ဘေးနားမှာ ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတာတွေ ဒါမှမဟုတ် ခပ်ချောချောကောင်မလေးတွေနဲ့ တွဲခုတ်နေကြတာကို အားလုံးမြင်ဖူးကြမှာပါ။ ဒီလိုဖြစ်ရတာ ဘာကြောင့်လဲလို့ တွေးမိကြပါလိမ့်မယ်။ ဒါပေမယ့် ဘယ်သူမှလည်း ဒီအပေါ်မှာ ပြတ်သားတဲ့အဖြေတစ်ခုကို မရှာဖွေနိုင်ကြသေးပါဘူး။ ကျွမ်းကျင်သူတွေကတော့ ဒီအချက်နဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ အပြည့်အဝမဟုတ်တောင် တစ်စိတ်တစ်ပိုင်းအထိ လက်ခံပေးလို့ရတဲ့ အကြောင်းအရင်းတွေကို ထုတ်ဖော်ပြသခဲ့ပါပြီ။ ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်။
၁။ ဆိုးသွမ်းတဲ့ကောင်လေးဆိုတော့ရော ဘာဖြစ်ချင်လဲဆိုတဲ့စိတ်။
ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဇီဝဗေဒပညာရှင်တွေရဲ့ အဆိုအရ မိန်းကလေးတွေဟာ ဆိုးသွမ်းတဲ့ကောင်လေးတွေရဲ့ ရဲရင့်မှု၊ သူပုန်ဆန်တဲ့ စိတ်ဓာတ်၊ အစိုးမရတဲ့စိတ်ပိုင်းဆိုင်ရာတွေအပေါ် ပိုမိုစွဲလမ်းတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလိုယောက်ျားလေးတွေနဲ့ ရန်ဖြစ်တဲ့အခါမှာလည်း မိန်းကလေးတွေက စိတ်ပိုင်းဆိုင်ရာအရ အသာစီးမရတတ်ကြပေမယ့် ဒီအပေါ်မှာပဲ မသိစိတ်က နှစ်သက်နေကြတယ်လို့ စိတ်ပိုင်းဆိုင်ရာပညာရှင်တွေက ဆိုထားကြတာပါ။
၂။ ကောင်းမွန်တဲ့မိန်းကလေးဖြစ်ဖို့ ဖိအားမရှိတော့ဘူး။
စိတ်ပညာနဲ့ Ph. D ဘွဲ့ရတစ်ဦးဖြစ်တဲ့ Robyn McKay က “မိန်းကလေးတွေက သူတို့ရဲ့ ငယ်စဉ်ဘဝမှာ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အခါ သူတို့ရဲ့အတွင်းစိတ်ထဲမှာ စိတ်တိုင်းမကျဖြစ်နေတတ်ပြီး သူတို့ရင်ဘတ်ထဲက နာကျင်မှုတွေကို ဖြေဖျောက်ဖို့အတွက်ဆိုရင် ဆိုးသွမ်းတဲ့ကောင်လေးတွေရဲ့ ဆွဲဆောင်မှုကို အလွယ်တကူခံရနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း အခြေခံအားဖြင့် လူတွေက သူတို့ဆီမှာ မရှိတဲ့အရည်အသွေးတွေကို တောင့်တတ်ကြပြီး သူတို့စိတ်ကြိုက်ဆိုးသွမ်းခွင့်ရဖို့အတွက်လည်း မျှော်လင့်ကြသလို ဒီအချက်တွေကြောင့်ပဲ Good Girl နဲ့ Bad Boy အတွဲဆိုပြီး လိုက်ဖက်ညီတာတွေရှိလာခဲ့တာဖြစ်ပါတယ်။
၃။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ယောက်ျားလေးတွေအဖြစ် ယူဆထားကြတယ်။
မိန်းကလေးတွေပျင်းရိငြီးငွေ့နေတဲ့အချိန်မှာ ဆိုးသွမ်းတဲ့ကောင်လေးတွေက သူတို့အတွက် လိုချင်စရာ အပြောင်းအလဲတစ်ခုအဖြစ် ယူဆထားတာကလည်း အရေးပါတဲ့အချက်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုဆိုးသွမ်းတဲ့ကောင်လေးတွေနဲ့ ဒိတ်လုပ်ရတာက စိတ်လှုပ်ရှားစရာကောင်းပြီး ပျော်စရာကောင်းတယ်လို့ မိန်းကလေးတွေက ယူဆထားကြပေမယ့် သူတို့နဲ့ရန်ဖြစ်ရင် စိတ်ပိုင်းဆိုင်ရာနာကျင်ရတာတွေရှိပြီး ပြစ်မှုမှတ်တမ်းရှိတာမျိုးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
၄။ အကာအကွယ်ရမယ်လို့ ယူဆထားတယ်။
မိန်းကလေးတွေဟာ ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို ဖိနှိပ်ရန်စမှုတွေ၊ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် သူတို့အတွက် အားကိုးရှာတဲ့အနေနဲ့ အခုလိုပဲ မိုက်ကန်းကန်းကောင်လေးတွေကို ရွေးချယ်လေ့ရှိပါတယ်။
၅။ ခပ်ဆိုးဆိုးကောင်လေးတွက စီမံကိန်းတစ်ခုလိုပဲ။
မိန်းကလေးတွေက ပြုပြင်ပြောင်းလဲမှုတွေ လုပ်တတ်ကြပြီး သူတို့ရဲ့ကျွမ်းကျင်မှုတွေနဲ့ ဆွဲဆောင်နိုင်စွမ်းတွေကို အသုံးချရင်း တစ်ဖက်သားကို ပြုပြင်ရတာ ဝါသနာပါသူတွေဖြစ်ကြပါတယ်။ ခပ်ဆိုးဆိုးကောင်လေးတွေရဲ့ကျဆုံးခန်း တစ်နည်းပြောရရင် တရားပေါက်ခန်းတွေကို ဂရုအစိုက်တတ်ဆုံးနဲ့ပြုစုပျိုးထောင်တဲ့နေရာမှာ အကျွမ်းကျင်ဆုံးဆိုတဲ့ မိန်းကလေးတွေနဲ့တွေ့တဲ့အချိန်မှာ မြင်တွေ့ရလေ့ရှိပြီး မိန်းကလေးတွေကလည်း ဒီလိုအခြေအနေမျိုးရောက်ဖို့အတွက် သူတို့အရည်အချင်းနဲ့ ဖန်တီးလိုက်တာမျိုး ဖြစ်စေချင်ကြတယ်လို့ စိတ်ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
#HM
#LifestyleMyanmar
Source: goodhousekeeping