ကြာသပတေးသားသမီးတွေဟာ ဂျူပီတာဂြိုဟ်ရဲ့ လွှမ်းမိုးမှုကို ခံထားရတဲ့ နေ့နံတွေဖြစ်ကြပြီး လူသားတိုင်းရဲ့ ဘဝကို အများကြီးကောင်းကျိုးဖြစ်စေတဲ့သူတွေလို့လည်း ဆိုရမှာပါ။ သူတို့တွေဟာ တိုးတက်မှု၊ အကောင်းမြင်မှု၊ တီထွင်ဆန်းသစ်မှု၊ ပျော်ရွှင်မှု၊ အကောင်းမြင်မှုတွေနဲ့ ဟာသဥာဏ်တွေကို ပိုင်ဆိုင်ထားကြပြီး တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ် လှည့်စားတတ်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ဘဝမှာ မြင့်မြတ်တဲ့အတွေးအခေါ်တွေကို ပိုင်ဆိုင်ထားကြပြီး ဘဝတစ်လျှောက်လုံး ဒီလိုမြင့်မြတ်တဲ့ အတွေးအခေါ်တွေကို အသုံးချရင်း ရှင်သန်တတ်ကြသူတွေပါ။
ကြာသပတေးသားသမီးတွေရဲ့ဘဝမှာ ပစ္စည်းဥစ္စာဓနတွေ ပေါကြွယ်ဝတတ်ကြပြီး တစ်ခါတလေမှာ စိတ်ဓာတ်ကျစရာတွေနဲ့ ကြုံရသည့်တိုင် ဘဝကို အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းနိုင်ကြသူတွေလည်း ဖြစ်ပါတယ်။ လောကဓံရဲ့ နိမ့်မြင့်တက်ကျ ဖြစ်ရပ်တွေကို အမြဲတမ်း ရင်ဆိုင်နေကြသူတွေဖြစ်ပြီး သူများကို အကြံပေးတဲ့နေရာမှာလည်း သိပ်တော်တဲ့သူတွေပါ။ ဒါပေမယ့် သူတို့ရဲ့ပတ်ဝန်းကျင်မှာ ဝေဖန်ရေးသမားတွေ သိပ်ကိုများပြားတာကြောင့် သူတစ်ပါးရဲ့ အမြင်တွေ၊ စကားလုံးတွေကို ဂရုမစိုက်ဘဲ ဘဝကို ရှေ့ဆက်နိုင်ဖို့ အရေးကြီးပါတယ်။
ဒါ့အပြင် သူတို့က ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ မွေးလာတယ်လို့ ဆိုရမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တတ်သည့်တိုင် သြဇာအာဏာကြီးမားသူတွေဖြစ်တာကြောင့် နိုင်ငံရေးလုပ်ဖို့ သင့်တော်တယ်လို့ ဆိုရမှာပါ။ နိုင်ငံရေးမဟုတ်တဲ့ ပြင်ပလောကမှာဆိုရင်လည်း သူတို့က အုပ်ချုပ်ရေးအဆင့်တစ်ခုမှာ အလုပ်လုပ်နိုင်တဲ့သူတွေဖြစ်ပြီး ကြီးမားတဲ့ ရည်မှန်းချက်တွေကြောင့်လည်း ကောင်းကောင်းနေ ကောင်းကောင်းစားနိုင်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်တစ်ခုမှာ ခဏလေးနဲ့ ပျင်းရိလွယ်ပြီး မတူညီတဲ့ စိန်ခေါ်မှုတွေရှာဖွေဖို့၊ ခရီးသွားဖို့ အချိန်ပြည့်စဉ်းစားနေကြသူတွေလည်းဖြစ်ပါတယ်။
အချစ်ရေးအချစ်ရာမှာတော့ တစ်ဖက်သားရဲ့ ခံစားချက်ကို သေချာမသိဘဲ စိတ်ထဲရှိတာကို ချက်ချင်းပြောတတ်တဲ့ အကျင့်ရှိတာကြောင့် သူတို့ရဲ့ နှလုံးသားရေးရာကိစ္စရပ်တွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာပါ။ တစ်ကိုယ်တော်အရည်အချင်းနဲ့ လုပ်ပြချင်စိတ်တွေများနေတတ်ပြီး အချစ်ရေးအပေါ်မှာလည်း ပျင်းရိလွယ်တတ်ကြတာကြောင့် စွန့်စားရတာကို နှစ်သက်တဲ့ လက်တွဲဖော်မျိုးကို ရှာတွေ့နိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အချစ်ရေးတည်မြဲဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ တစ်ဖက်သားရဲ့ ခံစားချက်ကို နားလည်အောင် လုပ်ဖို့ဖြစ်ပြီး အဲ့ဒါမှလည်း ကိုယ့်အချစ်ရေးက လိုက်လျောညီထွေရှိပြီး သာယာလှပနေမှာဖြစ်ပါတယ်။
အာသွက်လျှာသွက်အကျင့်ကိုသာ ပြင်လိုက်မယ်ဆိုရင် လက်ထပ်ပြီးနောက်ပိုင်း သူတို့ရဲ့ဘဝက အေးချမ်းနိုင်မှာဖြစ်ပြီး အခြားသောကိစ္စရပ်တွေမှာလည်း အောင်မြင်မှုတွေရရှိနိုင်မှာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်း ကိုယ့်လက်တွဲဖော်နဲ့ စိတ်ဆိုးစိတ်ကောက်ရတာမျိုးတွေရှိတတ်ပေမယ့် သိပ်ကိုရက်ရောတတ်ပြီး ကိုယ့်အိမ်ထောင်ဖက်အတွက် အကောင်းဆုံးဆိုတာတွေပဲ ပေးဆပ်ချင်တဲ့သူတွေပါ။ ဒါပေမယ့် အပေါင်းအသင်းမက်တာကြောင့် မိသားစုတာဝန်တွေကို မေ့လျော့တတ်ပြီး ကိုယ့်ရဲ့ အိမ်ထောင်ရေးကို သာယာလှပစေချင်တယ်ဆိုရင်တော့ လူမှုရေးနဲ့ အိမ်ထောင်ရေးကိစ္စရပ်တွေကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်လို့ ကြာသပတေးသားသမီးလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
#HM
#LifestyleMyanmar
Source: timesofindia