ချိမတို့တင် မဟုတ်ပါဘူးနော်။ ယောက်ျားလေးတွေ အပါအဝင် တော်တော်များများကလည်း သူတို့အတွက် အချိန်ပိုပေးနိုင်မယ့် ချစ်သူမျိုးကို လိုချင်တတ်ကြပါတယ်။ ဒါပေမယ့် ကံမကောင်းအကြောင်းမလှလို့ပဲပြောပြော အချစ်နွံထဲ ကျရှုံးသွားတယ်လို့ပဲ ပြောပြော Gamer တွေကိုမှ ချစ်မြတ်နိုးမိတယ်ဆိုရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် အဲ့ဒီလိုဆိုတိုင်းလည်း အရမ်းကြီး မစိုးရိမ်ပါနဲ့။ Gamer တွေကို ချစ်သူတော်ထားရတာကြောင့် အကျိုးကျေးဇူးတွေရှိပြီး အဲ့ဒီအချက်လေးတွေကို ဖော်ပြလိုက်ရပါတယ်။
၁။ RS တစ်ခုအတွက် လိုအပ်တဲ့ Space ကို အေးဆေးပေးတတ်ကြတယ်။
ချစ်သူရည်းစားထားပြီဆိုတော့မှ အရင်တုန်းက မလိုချင်ခဲ့တဲ့၊ ရှိတုန်းက တန်ဖိုးမထားခဲ့တဲ့ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်မှုဆိုတဲ့ Space ကို လိုချင်လာကြပါပြီ။ ဒါပေမယ့် ကိုယ့်ချစ်သူက Gamer တစ်ယောက် ဖြစ်နေတယ်ဆိုရင်တော့ ဒီအတွက် စိတ်မပူပါနဲ့။ သူမပါဘဲနဲ့ ကိုယ်က သူငယ်ချင်းတွေနဲ့ ညဘက်အပြင်ထွက် လည်ပတ်ချင်တာမျိုးဆိုရင်လည်း သူတို့က အေးအေးဆေးဆေး လက်ခံပေးပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကလည်း ဖုန်းတစ်လုံး၊ ကွန်ပျူတာတစ်လုံး၊ ဂိမ်းစက်တစ်လုံး တစ်ခုခုနဲ့ အေးဆေးဂိမ်းဆော့နေကြမှာမို့လို့ပါ။
၂။ Gamer လေးတွေက အခြားသူတွေထက် ပိုပြီးဥာဏ်ကောင်းကြတယ်။
စစ်တမ်းအချို့ရဲ့ ဖော်ပြချက်အရ Gamer တွေဟာ အခြားသူတွေထက် မှတ်ဥာဏ်ပိုကောင်းတယ်လို့ သိရှိရပြီး အမြဲတမ်းဂိမ်းကစားနေတာကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုအပေါ်အချိန်တိုတိုအတွင်း ဖြတ်ထိုးဉာဏ်နဲ့ ဘယ်လိုမျိုးကောင်းကောင်းဖြေရှင်းရမလဲဆိုတာကို ကျွမ်းကျင်ပြီးသားလို့ ဆိုကြပါတယ်။ ဒါ့အပြင် ဂိမ်းကစားတာက အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေမှာပါ။ အဲ့ဒါကြောင့် ကိုယ့်ရဲ့မွေးနေ့၊ ကိုယ်တို့ရဲ့ နှစ်ပတ်လည်နေ့တွေကို အမြဲတမ်းအမှတ်ရနေတာမျိုး လိုချင်တယ်ဆိုရင် ဂိမ်းပေးဆော့သင့်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုအလိုလိုက်ပြီးမှ မေ့နေတယ်ဆိုရင်တော့ ချိမတို့က သူတို့ရဲ့ ပေါင်တွင်းကြောတွေ၊ ဗိုက်ခေါက်ကြောတွေကို ပြတ်တဲ့အထိသာ လိမ်ဆွဲလိုက်ပါတော့ရှင်။
၃။ စိတ်ကူးစိတ်သန်းတွေ ထက်သန်ကြတယ်။
Gamer တွေက အပြင်မှာ အမှန်တကယ် လက်တွေ့မရှိတဲ့ အရာအများစုကို ဂိမ်းထဲမှာ ကစားနေရတာကြောင့် သူတို့စိတ်ထဲမှာ သဘာဝလွန် စိတ်ကူးစိတ်သန်းတွေရှိနေတတ်ပါတယ်။ ဒီလိုမျိုးသာဆိုရင်တော့ သူတို့နဲ့ ချိန်းတွေ့နေတဲ့အချိန်မှာလည်း ပျင်းစရာကောင်းတော့မှာ မဟုတ်ပါဘူး။ သူတို့ ပြောတဲ့စကားတွေထဲကနေ ကိုယ့်အတွက် စဉ်းစားစရာတွေရှိလာနိုင်ပြီး တခြားတစ်ဖက်မှာလည်း သူတို့က ကိုယ့်အတွက် သူများနဲ့မတူအောင်လို့ ဘယ်လိုများရိုလိုက်ရမလဲလို့ စဉ်းစားနေကြမှာပါ။
၄။ ဖြစ်သလို စားသောက်တတ်ကြတယ်။
ဂိမ်းဆော့နေရရင် ပြီးရောဆိုတဲ့ အဆင့်အထိ ရောက်နေတဲ့သူတွေကို ဆိုလိုတာပါ။ တစ်ချိန်တုန်းက အင်တာနက်ဆိုင်တွေမှာ ခေါက်ဆွဲပြုတ်တစ်ပွဲနဲ့ ညလုံးပေါက်ဂိမ်းဆော့ရင်း မနက်မိုးလင်းမှအိမ်ပြန်ခဲ့တဲ့ Gamer တွေကို ဒီနေ့ခေတ်မှာ တော်တော်များများ ပြန်လည်မြင်တွေ့နေရပါပြီ။ ဒါပေမယ့် သူတို့က အခုဆိုအိမ်မှာပဲ အများဆုံးဆော့ကြပါတော့တယ်။ အလုပ်ပိတ်ရက်မှာဂိမ်းဆော့တဲ့သူတွေဆိုရင် စားသောက်ဖို့အတွက် အထူးတလည် မပြင်ဆင်တော့ဘဲ Pizza လေးဘာလေးမှာစား၊ ခေါက်ဆွဲလေးဘာလေးပြုတ်သောက်နဲ့ တစ်ချိန်လုံး အခန်းအောင်းနေကြမှာပါ။ အဲ့ဒါကြောင့် ကိုယ်နဲ့မတွေ့ဖြစ်တဲ့အချိန်မှာ ဘယ်သူနဲ့များ သွားဒိတ်နေမလဲလို့ စိတ်ပူစရာမလိုတော့ပါဘူး။ Gamer တွေအတွက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် Stay Home နေရတယ်ဆိုတာ အပျော့ပါ။
၅။ သူတို့နဲ့ရှိနေရင် ကိုယ်လည်း ပစ္စည်းအကောင်းစားတွေကို ကိုင်တွယ်ခွင့်ရမယ်။
သူတို့အိမ်အလည်သွားရင်းနဲ့ သူတို့ဂိမ်းဆော့တဲ့အချိန်ထိုင်တဲ့ နောက်ဆုံးပေါ်ကုလားထိုင်အကောင်းစားတွေ၊ မော်နီတာအကောင်းစား၊ သူမတူတဲ့ကီးဘုတ်တွေ၊ Mouse တွေကို ကိုင်တွယ်အသုံးပြုနိုင်မှာပါ။ ကိုယ့်အိမ်က ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းတစ်ခုခုဖြစ်တယ်ဆိုရင်လည်း ဘာမှစိတ်ပူစရာမရှိဘဲ သူတို့ကို လှမ်းခေါ်လိုက်ရုံပါပဲ။ ဘာလို့လဲဆိုတော့ ဂိမ်းဆော့ရင်း သူတို့ရဲ့ဖုန်းနဲ့ ကွန်ပျူတာတွေ ပြဿနာတစ်ခုခုဖြစ်ရင် ချက်ချင်းအရေးပေါ် ဖြေရှင်းနိုင်အောင် ဒီပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်ကြလို့ပါပဲ။ တစ်ခုသတိပေးချင်တာက ဒီလိုမျိုးနောက်ဆုံးပေါ် ပစ္စည်းအကောင်းစားတွေကြားထဲရောက်သွားရင်တောင် အရေးကြီးတာတစ်ခုကို မမေ့ပါနဲ့။ အဲ့ဒါကတော့ သူတို့နဲ့ အခန်းထဲမှာ အနမ်းချင်းဖလှယ်ဖို့ပါပဲနော်။
၆။ Gamer တွေက တကယ့်ဘဝမှာပါ သူရဲကောင်းတွေဖြစ်နိုင်ကြတယ်။
Gamer တွေအတွက် အချိုမြိန်ဆုံးစကားလုံးကတော့ Epic Comeback ဆိုတဲ့ စကားလုံးပါပဲ။ ဂိမ်းထဲမှာ လွယ်လွယ်အရှုံးမပေးတတ်တဲ့ သူတို့က တကယ့်လက်တွေ့ဘဝမှာလည်း ဘယ်အရာကိုမှ လွယ်လွယ်နဲ့ လက်မလျှော့တတ်ကြပါဘူး။ ကိုယ်နဲ့ပြဿနာတတ်လို့ ကိုယ့်ဘက်က စိတ်ဆိုးပြီး လမ်းခွဲမယ်ပြောရင်တောင် သူတို့က လမ်းခွဲပေးမယ့်သူမျိုးတွေ မဟုတ်ပါဘူး။
နောက်ပြီး ချိမတို့အတွက် အရေးကြီးတဲ့ အချက်တစ်ခုရှိပါသေးတယ်။ မိန်းကလေးတွေဆိုတာက ချိန်းတွေ့ပြီဆိုရင် ရေချိုးရတာနဲ့၊ မိတ်ကပ်လိမ်းရတာနဲ့၊ ပြင်ရဆင်ရ အဝတ်အစားရွေးရတာနဲ့ အချိန်တွေ အများကြီးကုန်ပါတယ်။ ရုပ်ရှင်ရုံမှာ (၁၂) ခွဲပွဲကြည့်ဖို့အတွက် (၁၀) နာရီလောက်ချိန်းထားရင်တောင် နေ့လယ် (၁) နာရီလောက်မှ ရောက်တာမျိုးတွေတောင်ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလိုဖြစ်လို့ ကိုယ့်ချစ်သူ Gamer ကောင်လေးက စိတ်ဆိုးမယ်မထင်ပါနဲ့။ ကိုယ်နဲ့ချိန်းထားတဲ့ (၁၀) နာရီတည်းက အချိန်မှန်ရောက်နေမှာဖြစ်ပြီး ဂိမ်းဆော့ရင်းနဲ့ပဲ ချိမတို့ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေကြမှာကြောင့် Gamer တွေကို ချစ်သူတော်ထားရလို့ဆိုပြီး စိတ်မညစ်ကြဖို့ အကြံပေးလိုက်ပါတယ်နော်။
#HM
#LifestyleMyanmar