အချစ်ဆိုတာ ဘယ်လိုမျိုးလဲ..။ ရူးသွပ်သွားအောင်ပြုစားတတ်တာမျိုးလား..။ ဒါမှမဟုတ် လူ့လောကီမှာ ရရှိနိုင်တဲ့ အမြင့်ဆုံးသောဆုလာဒ်တမျိုးလား..။အချစ်ကြောင့်အရာရာအားလုံး ပြိုလဲသွားခဲ့ကြတယ်။ အချစ်ကြောင့်ဘဲ ဘဝကြီးတခုလုံးပြည့်စုံသွားကြတယ်။ ဒါဟာ ဘာကြောင့်များလဲ..။ သေချာတာကတော့ ကျနော်တို့အားလုံးဟာ အချစ်နဲ့ပတ်သတ်ရင် လုံလောက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုး မရှိနိုင်ကြတာပါဘဲ။ ဒါပေမယ့် အချစ်ဆိုတဲ့အရာနဲ့ပတ်သတ်ပြီးတော့ မနှစ်သက်ပေမယ် လက်ခံကြရမယ့် အမှန်တရားတွေကတော့ ရှိနေပြန်ပါတယ်။
အချစ်ဆိုတာ တကြိမ်လောက်လက်လွှတ်လိုက်ရရုံနဲ့ သေဆုံးမသွားတတ်ပါဘူး
အချစ်ဆိုတာ လွယ်လွယ်နဲ့တော့ မွေးဖွားလာတတ်တဲ့အရာမျိုးမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့အားလုံးဟာ ကိုယ်နဲ့ကိုက်ညီမယ်ထင်တဲ့သူတွေနဲ့ ချစ်သူရည်းစားတွေဖြစ်ခဲ့ကြတယ်။ တကယ့်ချစ်ခြင်းဟုတ်မဟုတ် လေ့လာစူးစမ်းခဲ့ကြတယ်။ အချစ်လို့ မှတ်ထင်ပြီး ပြိုလဲခဲ့ကြတယ်။ ပျော်ရွှင်ခဲ့ကြတယ်။ ကိုယ့်ဘက်က သူ့အပေါ်တကယ်ချစ်မြတ်နိုးပေမယ့် သူ့ဘက်ကကိုယ့်လိုမဟုတ်ခဲ့တဲ့အတွက် အသည်းတွေကွဲခဲ့ကြတယ်။ တချို့တွေကတော့ ပထမဆုံးအကြိမ်ဆုံတွေ့စဉ်မှာဘဲ တယောက်နဲ့တယောက် အပြန်အလှန်ချစ်မြတ်နိုးခဲ့ကြပြီး တသက်လုံးအတူတူတကွဖြတ်သန်းခွင့်ရကြပေမယ့် တချို့တွေကြတော့ ချစ်လျက်နဲ့ ဝေးကွာခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း အချစ်ဆိုတာ တကြိမ်လောက်လက်လွှတ်ဆုံးရှုံးသွားရတာနဲ့ မသေဆုံးသွားတတ်ဘဲ နောက်ထပ်ပြန်ရှင်သန်လာနိုင်ပါတယ်။ ဒီအချက်ကိုလူတော်တော်များများက သိပ်ပြီးတော့လက်မခံချင်ကြပါဘူး။ အချစ်ဆိုတာတသက်မှာ တခါသာဖြစ်ပေါ်လာတတ်တာလို့ တရားသေမှတ်ယူထားတတ်ကြပါတယ်။
အချစ်ဆိုတာမှာ နာကျင်ရတာမျိုးတွေလည်းရှိတယ်
ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်လို့ အဆိုးဝါးဆုံးအရာတခုကတော့ အနာဂတ်မှာဘာတွေဖြစ်လာနိုင်သလဲ မသိနိုင်တာဘဲဖြစ်ပါတယ်။ တကယ်ချစ်တဲ့သူတွေအတူတူသာရှိနေကြရင် အရာရာအားလုံးအဆင်ပြေကြမယ်လို့ မှတ်ထင်တတ်ကြပါတယ်။ များသောအားဖြင့်တော့ ပျော်ရွှင်ကြရပေမယ့်လည်း တခါတရံမျိုးမှာ ထိခိုက်နာကျင်ရတာတွေရှိပါတယ်။ ဘဝဆိုတာအချိန်ပြည့်ပျော်ရွှင်နေနေရတာမျိုးမဟုတ်တဲ့အတွက် ဒုက္ခတွေ၊ ပူပင်သောကတွေ၊ မပြေလည်နိုင်တဲ့ ဘဝရှေ့ရေးတွေကြားမှာအချစ်ဆိုတာကလည်း နာကျင်စွာထိခိုက်တတ်တဲ့အမျိုးအစားတမျိုးဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အချို့သော ချစ်ခြင်းတွေဟာ လောကဓံရဲ့ဖိနှိပ်မှုတွေကြားမှာ ပြိုလဲသွားကြတာဘဲဖြစ်ပါတယ်။
အချစ်ဆိုတာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားပွဲသာဖြစ်ပါတယ်
အချစ်နဲ့ပတ်သတ်ရင် လူတွေအားလုံးစိတ်လှုပ်ရှားတတ်ကြပါတယ်။ အချစ်စစ်ဆိုတာမျိုးက မြင်သာတဲ့အရာမျိုးမဟုတ်တော့ အတုအယောင်တွေကြားမှာ ဝမ်းနည်းနာကျင်ရတာမျိုးတွေရှိပါတယ်။ တကယ်ချစ်လို့ ဒီလိုဒဏ်ရာတွေကို ခံစားရတာဘဲဆိုပြီး ဘဝကို ရေစုန်မျောလို့မရပါဘူး။ ဒါကြောင့်မို့ ကိုယ့်ဆီဦးတည့်မလာနိုင်တဲ့ ချစ်ခြင်းတရားတခုကို တဖက်သတ်မျှော်လင့်နေတာမျိုးက ဘာတခုမှအဆင်ပြေလာစရာမရှိတာမို့ ခပ်မြန်မြန်ဘဲလွှတ်ချပစ်သင့်ပါတယ်။
အချစ်နဲ့ပတ်သတ်လို့ ပုံသေနည်းမရှိပါဘူး
လူတဦးနဲ့တဦး အချစ်ဆိုတာကို ခံစားသိရှိပုံခြင်းလည်းမတူညီသလို၊ ညွှန်းဆိုပြပုံခြင်းလည်းမတူညီပါဘူး။ အချို့သောလူတွေက အချစ်ဆိုတာကို ရိုမန့်တစ်ဆန်ဆန်ဖွဲ့နွဲ့ပြတတ်ကြပေမယ့် အချို့သောလူတွေကတော့ အဲဒီလိုဖွဲ့နွဲ့ပြတာမျိုးကို မနှစ်သက်ကြပါဘူး။ ဘာဘဲပြောပြော အချစ်နဲ့ပတ်သတ်ရင် လူတိုင်းမှာ သူ့ပုံစံနဲ့သူရှိနေကြတာမို့ အရမ်းကြီးရိုမန့်တစ်ဆန်ဆန်နေပြမှ အချစ်လို့သတ်မှတ်တာမျိုးက မှန်ကန်နိုင်ခြေမရှိပါဘူး။ ကဗျာဆရာတယောက်က အချစ်နဲ့ပတ်သတ်ပြီး ကဗျာတပုဒ်ရေးချင်ရေးပါလိမ့်မယ်။ ဒါပေမယ့် ပန်းချီဆရာတယောက်ကတော့ သူ့ရဲ့ချစ်ခြင်းတွေကို စုတ်ချက်တွေ၊ ဆေးရောင်တွေနဲ့သာ ဖော်ပြပါလိမ့်မယ်။
ချစ်ခြင်းမေတ္တာဆိုတာ တပ်မက်ခြင်းမဟုတ်ပါဘူး
ချစ်ခြင်းမေတ္တာဆိုတာ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုတွေထက် အများကြီးသာပါတယ်။ ရုပ်ရည်လှပလို့၊ ဉာဏ်ပညာထက်မြက်လို့၊ စည်းစိမ်ချမ်းသာလို့ အစရှိတာတွေကို အခြေခံပြီး ချစ်ခြင်းမေတ္တာဆိုတာ ဖြစ်ပေါ်လာတတ်ပေမယ့် တကယ်တော့ အချစ်စစ်ဆိုတာမျိုးက အဲဒီလိုအရာမျိုးတွေ ဘာတခုမှမရှိတော့ရင်တောင်မှ တယောက်နဲ့တယောက်ဆက်ပြီးချစ်နေနိုင်တဲ့အထိကို အင်အားကြီးမားပါတယ်။ “ရှိတော့ရှိတယ် ဒါပေမယ့် ရှားပါးတယ်” ဆိုတဲ့ အမှန်တရားတွေထဲမှာ ဒီလိုချစ်ခြင်းမေတ္တာမျိုးလည်း ပါရှိပါတယ်။
အချစ်ဆိုတာ အသုံးချခံပစ္စည်းမဟုတ်ပါဘူး
အချစ်ဆိုတဲ့အရာမှာ လူနှစ်ယောက် မျှတတဲ့တွေးခေါ်မှု၊ အပြန်အလှန်နားလည်ပေးမှု၊ အနစ်နာခံမှု၊ သည်းခံလိုက်လျောမှု အစရှိတာတွေလိုအပ်ပါတယ်။ တကိုယ်ကောင်းဆန်တဲ့အတွေးအခေါ်တွေ၊ လုပ်ရပ်တွေကို ခွာချထားရပါမယ်။ အချစ်ဆိုတဲ့အရာကို ခေါင်းစဉ်တပ်ပြီး တဘက်သတ်တွေးခေါ်လုပ်ကိုင်တာမျိုးက လက်တွေ့မှာ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ တကယ်ချစ်ကြတယ်ဆိုရင်တော့ တယောက်နဲ့တယောက် အပြုသဘောဆောင်တဲ့အတွေးအခေါ်တွေ၊ နားလည်မှုတွေထားရှိမှ ရေရှည်မှာတည်တံ့ခိုင်မြဲပါလိမ့်မယ်။ အချစ်ဆိုတာ လူတယောက်ရဲ့ ဘဝကို ကောင်းမွန်အောင် ပြောင်းလဲနိုင်စွမ်းရှိသလို၊ ဆုတ်ယုတ်သွားအောင် လုပ်ဆောင်နိုင်စွမ်းလည်းရှိပါတယ်။ တယောက်နဲ့တယောက် မှန်ကန်တဲ့လမ်းကြောင်းတွေကို လမ်းညွှန်ပြသနိုင်မှု၊ ဖေးမကူညီမှုတွေထားရှိထားမှဘဲ ချစ်ခြင်းတရားရဲ့ လှပမှုကို အပြည့်အဝခံစားနိုင်မှာဘဲဖြစ်ပါတယ်။ အချစ်နဲ့ပတ်သတ်ပြီး နားမလည်နိုင်တာတွေမျိုးတွေ၊ သဘောထားမကိုက်ညီတာမျိုးတွေ အများကြီးရှိကြပါတယ်။ ဘယ်လောက်ဘဲ ခက်ခဲမှုတွေရှိပါစေ အဆုံးသတ်ကြရင်တော့ စစ်မှန်တဲ့ချစ်ခြင်းတရားကဘဲ အရာရာတိုင်းကို အနိုင်ယူသွားပါလိမ့်မယ်။
#Lifestyle_Myanmar
#Dmo_aung
#Ref- thoughtcatalog
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။