
လူတိုင်းဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင် စုံလုံးကန်းတဲ့အဖြစ်မျိုးတွေ အနည်းနဲ့အများ ကြုံရတတ်ပါတယ်။ ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးအတွက် အနားမှာကောင်းကောင်းဆိုးဆိုး အတူရှိနေမယ့် လက်တွဲဖော်ကောင်းတစ်ယောက်ဟုတ်မဟုတ်ဆိုတာကို အလွယ်တကူနဲ့ခွဲခြားနိုင်တဲ့ အချက်တွေရှိပေမယ့် လူတော်တော်များများက ဒီအချက်တွေကို တော်ရုံမမြင်နိုင်ကြပါဘူး။ တချို့ကတော့လည်း သိသိလျက်နဲ့ မမြင်ချင်ယောင်ဆောင်ပြီးကို အနားမှာဆက်ပြီးရှိနေချင်ကြတဲ့သူတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ကို ဘဝလက်တွဲဖော်အဖြစ်သတ်မှတ်တဲ့အခါမှာ ကိုယ့်အနားမှာရှိနေရုံတစ်ခုတည်းနဲ့ ရွေးချယ်လို့မဖြစ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် နားလည်မှူတွေရှိဖို့နဲ့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် လက်တွဲမဖြုတ်တဲ့သူ ၊ ကိုယ့်အပေါ်ရိုးသားတဲ့သူဖြစ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ဒါကြောင့် ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါ အရွေးမမှားရအောင် ဘယ်လိုအချက်တွေကများ ကိုယ့်အနားကသူတစ်ယောက်ဟာ Wrong Person ဖြစ်နေမလဲဆိုတာဖော်ပြနေမယ့်အချက်တချို့ကို ရွေးချယ်စုစည်း ဖော်ပြပေးလိုက်ပါတယ်။
1.စကားပြောတိုင်း အပြစ်တွေပါနေခြင်း
စကားကောင်းကောင်း ကြာကြာပြောလို့မရပဲ အချိန်အတိုင်းအတာတစ်ခုလောက်ကြာတာနဲ့ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်တာတွေ ငြင်းခုန်တာတွေပါလာပြီဆိုရင် ဒါဟာကောင်းတဲ့လက္ခဏာတစ်ခုမဟုတ်ပါဘူး။ အမြဲလိုလို ဘာပြသနာပဲဖြစ်ဖြစ် အဓိကတရားခံက သင်ပဲလို့ သင့်ရဲ့ချစ်သူက ထင်မြင်ယူဆနေတယ်ဆိုရင် သူကကိုယ့်ရဲ့ Right Person တစ်ယောက် ဖြစ်နိုင်ဖို့ လမ်းစတော်တော်လေးနည်းနေပါပြီ။
2. တူညီမှူတွေလျော့နည်းလာခြင်း
ချစ်သူနှစ်ဦး ချစ်စကြင်နာစမှာ အမူအကျင့်နဲ့ အကြိုက်တော်တော်များများကို တူညီအောင်လုပ်ယူတတ်ကြပါတယ်။ မတူရင်တောင် အတင်းလိုက်တူပြီး “ ဟာ ငါတို့ အကြိုက်တူတယ်နော်” ဆိုတာမျိုးပေါ့ ။ ဘယ်သွားသွားဘာလုပ်လုပ် တူတူသွား တူတူလုပ်ဆောင်ကြတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုကြာမြင့်လာတာနဲ့အမျှ စတင်ပြီးစိတ်ပြောင်းလဲလာတဲ့အခါ ကိုယ့်အကြိုက်ကိုယ်လုပ် ကိုယ့်အထာနဲ့ကိုယ်နေဆိုတာမျိုးတွေဖြစ်ကုန်ကြပါတယ်။ ပြောရရင်တော့ ဟန်ဆောင်မျက်နှာဖုံးတွေကွာကျလာတာမျိုးပေါ့။ ကိုယ့်ဘက်ကမပြောင်းလဲပဲ သူ့ဘက်ကစပြီး အဲဒီလိုအခြေအနေမျိုးတွေပြလာပြီဆိုရင်တော့ စောစောစီးစီး ပြန်စဉ်းစားတာအကောင်းဆုံးပါပဲ။
3. ကိုယ့်ကိုကိုယ်ပျောက်ဆုံးလာခြင်း
လူတစ်ယောက်ရဲ့အနားမှာ ကိုယ့်ရဲ့အချိန်တွေအများကြီးကိုကုန်ဆုံးစေခဲ့ပြီး နှစ်ဦးသားကြားက Relationship ကို ခိုင်မြဲအောင် အမျိုးမျိုးကြိုးစားသည်းခံနေခဲ့ရင်းက ကိုယ်ဟာ ကိုယ့်ကိုကိုယ်မပိုင်တော့သလို ခံစားလာရပြီဆိုရင်လည်း အထူးသတိပြုဖို့လိုတဲ့အခြေအနေကိုရောက်နေပြီဆိုတာ သိထားသင့်ပါတယ်။ တစ်ခုခုပြောပြီး တစ်ခုခုလုပ်ပြီးပြီဆိုရင် သူမျက်နှာပျက်သွားမလား ငါပြောလိုက်တဲ့စကား ငါလုပ်လိုက်တဲ့အလုပ်တစ်ခုအပေါ် ကြိုက်ရောကြိုက်ရဲ့လားဆိုတာကို မျက်နှာရိပ်မျက်နှာကဲလိုက်ကြည့်နေရပြီး ကိုယ်ဟာ လူတစ်ဖက်သားရဲ့ထောက်ခံမှူကိုလိုအပ်တဲ့ ပျော့ညံ့သူတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာတာ သတိထားမိမှာပါ။ သူက ကိုယ့်ရဲ့အနားဝန်းကျင်မှာမရှိပဲနဲ့တောင် ကိုယ့်ကိုကိုယ်အပြစ်ကင်းအောင်ထိန်းသိမ်းလာရင်းက ဘာလုပ်လုပ် အမှားပါမလားဆိုတဲ့ စိုးရိမ်စိတ်တွေပြည့်နှက်နေတဲ့သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အဲဒီကြားထဲကမှ အနိုင်ပေးလွန်းပါများတဲ့အခါ သူ့ဘက်က စင်ပေါ်ကလူတစ်ယောက်လို ကိုယ့်မျက်နှာကိုမထောက်ပဲ လုပ်ချင်ရာလုပ်တတ်တဲ့သူတစ်ဦးဖြစ်မှန်းမသိဖြစ်လာရင်း နောက်ဆုံးမှာ အဖော်ကောင်းရင်ကောင်းသလို ဖောက်ပြန်မှူတွေကိုပြုလုပ်ရဲလာတဲ့အထိပါဖြစ်လာနိုင်ပါတယ်။
4. ကိုယ့်ဘက်ကစိတ်ပိုင်းဆိုင်ရာဖောက်ပြန်လာမိခြင်း
လက်တွေ့မှာ တကယ်မလုပ်ပေမယ့် စိတ်ပိုင်းဆိုင်ရာအနေနဲ့ တခြားသူတစ်ဦးတစ်ယောက်နဲ့ ကိုယ့်ကိုကိုယ်တွဲပြီးစိတ်ကူးယဉ်လာမိတာမျိုးပါ။ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို တုန့်ပြန့်မှူမခံရတော့တဲ့အခါ၊ ဥပေက္ခာပြုခံရမှူတွေများလာတဲ့အခါ ၊ ဒါမှမဟုတ် ပျော်စရာမကောင်းတော့တဲ့ Relationship တစ်ခုလို့မြင်လာမိတဲ့အခါမျိုးမှာ ကိုယ့်ကိုကိုယ်ချုပ်ထိန်းထားတဲ့ကြားက တခြားသူတစ်ဦးတစ်ယောက်ဆီကို စိတ်ယိုင်တဲ့အတွေးမျိုးတွေဝင်လာတတ်ပါတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်တဲ့ ပြိုကွဲလုဆဲဆဲ Relationship တစ်ခုရဲ့ အခြေအနေကိုဖော်ပြနေတဲ့ လက္ခဏာရပ်ပါ။
5. လက်တွဲဖြုတ်ခြင်း
ဒါကတော့ Relationship တစ်ခုရဲ့ နောက်ဆုံးအခြေအနေလို့ဆိုရမှာပါပဲ။ သူ့ဘက်ကနေ အကြောင်းပြချက်မျိုးစုံပေးပြီး Relationship ကိုဖြတ်တောက်သွားတာမျိုးပေါ့။ ကံမကောင်းရင် ကိုယ်ဘက်က ရိုးသားခဲ့လျက်နဲ့တောင် သူ့ဘက်ကမရိုးသားမှူကိုဖုံးကွယ်ဖို့အတွက် အပြစ်လွှဲချ အပြစ်ပုံချတာမျိုးနဲ့ ဇာတ်လမ်းကိုဖြတ်တောက်သွားနိုင်ပါသေးတယ်။ ဒီလိုအခြေအနေမျိုးကိုရောက်တဲ့အခါ ပြန်အဆင်ပြေဖို့အတွက် အများကြီးညှိနှိုင်းမနေတော့ပဲ ကြုံလာတဲ့အတိုင်း အေးအေးဆေးဆေး လက်ခံလိုက်တာအကောင်းဆုံးပါပဲ။ မပြတ်နိုင်လို့ ကိုယ့်ဘက်က အလျှော့ပေးညှိနှိုင်းမှူတွေနဲ့ ပြန်လည်အဆင်ပြေသွားခဲ့ရင်တောင် Right Person မဖြစ်ချင်တော့တဲ့ သူတစ်ယောက်အနားမှာ နောက်တစ်ခါထပ်ပြီးနာကျင်ရမယ့်အဖြစ်မျိုး မလွဲမသွေထပ်ကြုံရဦးမှာပဲမို့ ခက်ခဲမယ်ဆိုရင်တောင် တစ်ကြိမ်တစ်ခါတည်းသာ ဖြတ်ကျော်ဖို့ကြိုးစားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ကိုမလိုလားတဲ့ Wrong Person အနားမှာ ဆက်ပြီး လမ်းပျောက်နေစရာမလိုတော့ဘူးပေါ့။
Photo Credit to the Rightful Owners