သင့်ဘဝကို တိုးတက်စေနိုင်မယ့် သင်လုပ်နိုင်တဲ့ အသေးအဖွဲလေး (၁၀) ချက်
lifestylemyanmar.com
|
2020-08-24



ကျွန်မတို့ရဲ့ နေ့ရက်တိုင်းကို ကိုယ့်ရဲ့ အမူအကျင့်တွေနဲ့ ဖြတ်သန်းနေတာဖြစ်ပါတယ်။ ကျွန်မတို့အားလုံးဟာ လူသားတွေဖြစ်ပြီး ကိုယ့်ရဲ့ သက်တမ်းကာလမကုန်ဆုံးခင်လောက်ပဲ ရှင်သန်ကြရပါတယ်။ ဒါ့ကြောင့် ကိုယ်ရရှိလာတဲ့အချိန်တိုလေးအတွင်းမှာ ကိုယ့်ရဲ့ ဘဝကို အကောင်းဆုံးဖြစ်စေဖို့ သေးသေးမွှားမွှားလေးတွေကနေ တစ်ဆင့် စတင်လိုက်ပါ။

ဒီကနေ့မှာတော့ သင့်ဘဝကို ပိုတိုးတက်စေနိုင်တဲ့ သင်ကိုယ်တိုင်လုပ်နိုင်တဲ့ အသေးအဖွဲလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အပြောင်းအလဲများကို ကြိုဆိုခြင်း




နေ့စဉ်ကျွန်မတို့လုပ်ကိုင်နေရတဲ့ ဝေယျာဝေစ္စတွေကို စာရင်းပြုစုကြည့်ပါ။ ကျွန်မတို့ရဲ့ အချိန်ကို အများဆုံးအသုံးချမိတဲ့နေရာတွေကို သတိထားမိလာပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်ဖွံ့ဖြိုးတိုးတက်လာစေဖို့ အပြောင်းအလဲတစ်ချို့ကိုလည်း တွေ့လာရပါလိမ့်မယ်။ ဥပမာအနေနဲ့ မနက်ခင်းတိုင်း (၁၀း၃၀) မှာ အိပ်ရာထမယ်ဆိုရင် ဒီစာဖတ်ပြီး နောက်တစ်နေ့မှာ ဒီ့ထက်စောစောထပြီး လေ့ကျင့်ခန်းလိုမျိုး ပိုအကျိုးရှိတဲ့လုပ်ဆောင်ချက်တွေကို အချိန်ပိုပေးကြည့်ပါ။

သင့်ရဲ့ အပြောင်းအလဲကာလတွေမှာ သင်ဖြစ်ချင်တဲ့အရာတွေနဲ့ ပတ်သက်ပြီး ရိုးသားပါ။ ပြောင်းလဲခြင်းနှင့် စနစ်တကျဖွဲ့စည်းခြင်းက သင့်ကို နည်းလမ်းပေါင်းစုံနဲ့ အကျိုးပြုပါတယ်။ ၎င်းက ရှင်းလင်းပြတ်သားသော အခြေအနေတစ်ခုကို သင်ပေးပါတယ်။ သင့်ကိုယ်သင် တစ်နည်းနည်းနဲ့ ချဉ်းကပ်ပြီး အလိမ္မာနည်းနဲ့ ကိုင်တွယ်မယ်ဆိုရင် ပိုပြီးလွယ်ကူပါလိမ့်မယ်။ ပြောင်းလဲကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

၂။ အိပ်ရာသိမ်းပါ




ကျွန်မတို့ဟာ မနက်ခင်းမှာ နောက်ကျမှနှိုးတတ်ကြပြီး နှိုးလာတာတောင် အိပ်ရာထဲကနေ ထချင်မှ ထတတ်ကြပါတယ်။ မနက်ခင်းတွေဟာ ကျွန်မတို့ထင်ထားတာထက် ပိုပြီးတန်ဖိုးရှိပါတယ်။ သို့ပေမယ့် ကျွန်မတို့ရဲ့ ဘဝအရည်အသွေးတွေတိုးတက်လာကတည်းက မနက်ခင်းတိုင်းမှာ ‘အိပ်ရာကို သပ်သပ်ရပ်ရပ်သိမ်းပါ’ဆိုတဲ့ အချက်က ဦးစားပေးစာရင်းထိပ်ဆုံးမှာရှိနေခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ၎င်းက ရင့်ကျက်ခြင်းတစ်မျိုးဖြစ်ပြီး ကိုယ်ရေးကိုယ်တာအလုပ်တစ်ခုပြီးမြောက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကျွန်မတို့လုပ်ခဲ့တာတွေ၊ အသေးအဖွဲလေးတွေကြည့်လိုက်မယ်ဆိုရင် လွတ်လပ်မှုတွေကို ဖြစ်စေပြီး ရင့်ကျက်မှုအဆင့်ကိုလည်း ဆုံးဖြတ်ပေးပါတယ်။ အိပ်ရာသိမ်းတာဟာ အလေ့အကျင့်တစ်ခုပါ။

၃။ တက်ကြွပါ




သင့်မှာ ခန္ဓာကိုယ်တစ်ခုတည်းရှိပါတယ်။ ၎င်းကို ကောင်းကောင်းထိန်းသိမ်းထားဖို့ဆိုတာက သင့်ရဲ့တစ်ခုတည်းသော တာဝန်ပါပဲ။ လေ့ကျင့်ခန်းအတွက် ၁၅-၂၀ မိနစ် သုံးပေးပါ။ သင့်ကို ပိုပြီးfitter ဖြစ်စေဖို့နှင့် ပိုမိုကျန်းမာသန်စွမ်းသော ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေရရှိလာစေပါတယ်။ ဒီနေရာမှာ သင်လုပ်နိုင်တဲ့ activities တစ်ချို့ကို မျှဝေပေးထားပါတယ်။ ခရီးဝေးလမ်းလျှောက်ခြင်း၊ အနှေးလျှောက်ခြင်း၊ ယောဂ၊ တရားထိုင်ခြင်း၊ ရေကူးခြင်း၊ အားကစားတစ်ခုခုလုပ်ခြင်း (ဘောလုံး၊ ဘေ့စ်ဘော…) စတာတွေ လုပ်ပေးနိုင်ပါတယ်။ လေးလံထိုင်းမှိုင်းနေရတာဟာလည်း တကယ်ကို ပျင်းစရာကောင်းပါတယ်။

၄။ ရေများများသောက်ပါ။




ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ နေ့စဉ်အိမ်မှုကိစ္စဝေယျာဝစ္စတွေ၊ အသေးအဖွဲလေးတွေနဲ့ အလုပ်များနေတတ်ပါတယ်။ ကျွန်မတို့လျစ်လျူရှုနေကြတဲ့အရာတွေထဲမှာ ဘဝရဲ့ အရေးကြီးဆုံးအချက်တွေထဲက တစ်ခုက ရေများများသောက်ခြင်းဖြစ်ပါတယ်။ ဘာကြောင့်ရေများများသောက်သင့်တာလဲ? ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ အကြမ်းအားဖြင့် ရေပမာဏ ၆၀% နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ နေ့စဉ် ရေများများသောက်သုံးခြင်းဟာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံးလည်ပတ်မှုရှိစေဖို့ ဖြစ်ပါတယ်။

ရေများများသောက်သုံးခြင်းရဲ့ ထင်ရှားသောအကျိုးကျေးဇူးတွေအနေနဲ့ ခေါင်းကိုက်ခြင်းကို ကာကွယ်ပေးခြင်း၊ အသားအရေ glow ခြင်း၊ ဝိတ်ကျခြင်း၊ အရိုးအဆစ်နာကျင်မှုတွေကို လျှော့ကျနိုင်ခြင်းနှင့် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေကို တားဆီးနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ နေ့စဉ်သောက်သုံးရေဟာ ၂ လီတာလောက်အထိဖြစ်သင့်ပါတယ်။ Glow ဖို့ ရေများများသောက်ကြစို့။

၅။ အတင်းပြောတာ လျှော့ပါ




တစ်စုံတစ်ယောက်အကြောင်းပြောတော့မယ်ဆိုရင် ၎င်းကို ”အတင်းအဖျင်း”စာရင်းထဲထည့်သင့်လားဆိုတာ ဒီအချက် (၃)ချက်နဲ့ သုံးသပ်ပါ။ အဲ့ဒါက မှန်လား? ကိုယ်ပြောလိုက်လို့ရော တန်ဖိုးတွေ တက်သွားမှာလား? ပြောမယ့်စကားလုံးတွေမှာရော ကြင်နာမှုရှိရဲ့လား? ဒီအချက်တွေထဲက တစ်ချက်ချက်က ‘no’ ဆိုရင် သင့်လျှာကို ရပ်တန့်လိုက်ပါတော့။ တကယ်တော့ ကမ္ဘာပေါ်မှာ စကားလုံးတွေလောက်ကြောက်စရာကောင်းတာ မရှိပါဘူး။ မှားယွင်းတဲ့စကားလုံးတွေဟာ ဆက်ဆံရေးကို ပျက်စီးစေနိုင်ပြီး ယုံကြည်မှုတွေကိုလည်း ဖျက်ဆီးနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်ယောက်အကြောင်းပြောမယ်ဆိုရင် သူတို့ရဲ့ နောက်ကြောင်းတွေကို ဖော်နေမယ့်အစား သူတို့နဲ့ ဆွေးနွေးတာမျိုးလုပ်ကြည့်ပါ။ ဘယ်သူကမှ သူတို့ရဲ့ ကမ္ဘာလေးအကြောင်းကို အပျက်သဘောဘက် ပြောတာကြိုက်မှာ မဟုတ်ပါဘူး။ မိန်းမသဘာဝအရ အတင်းမပြောရ မနေနိုင်ရင် မပေါက်ကြားနိုင်မယ့် အခြေအနေမှာပဲ ပြောပါ။

၆။ ပိုပြုံးပါ- (fake smile တွေဖြစ်နေမယ်ဆိုရင်တောင် သင့်ရဲ့ ကိုယ်ကျိုးတွေပွန်းပဲ့မသွားဘူးဆိုရင် ပြုံးပါ)




သိပ္ပံပညာရဲ့ အဆိုအရ အပြုံးတစ်ခုကို သယ်ဆောင်နိုင်မယ်ဆိုရင် သင့်ရဲ့ စိတ်ခံစားမှုတွေကို မြှင့်တင်ပေးနိုင်ရုံသာမက သင့်ရဲ့ စိတ်ဖိစီးမှုတွေကိုလည်း အချိန်တိုအတွင်းမှာ လျှော့ကျနိုင်ပါတယ်။ ဘယ်သူကမှ သံပရာသီးမျက်နှာကို မကြိုက်ပါဘူး။ ဒါ့ကြောင့် ပိုပြုံးပါ၊ သင်ပိုပျော်ရွှင်ရရုံသာမက ဒီအချက်က သင့်ကို တစ်ခြားလူတွေကလည်း ပိုလက်ခံလာစေပါလိမ့်မယ်။ ပိုပြီး ရင်းနှီးခင်မင်လာစေဖို့၊ ပိုကြင်နာလာစေဖို့နှင့် သူတို့ကိုယ်တိုင်ရဲ့ အလိုဆန္ဒတွေကို သင့်ဆီမှာ ဖွင့်ဟလာစေဖို့ ပိုပြုံးပါ။ ချိုချဉ်ပြုံးပဲဖြစ်ဖြစ်၊ မန်ကျည်းပြုံးပဲဖြစ်ဖြစ် ပြုံးဖို့ အရေးကြီးပါတယ်။

၇။ sorry, please နှင့် thank you လို့ ပြောပါ




များသောအားဖြင့် အရိုးရှင်းဆုံးပုံစံက အရိုးရှင်းဆုံးစကားလုံးတွေပြောတာပဲဖြစ်ပါတယ်။ သင့်လုပ်ခဲ့တဲ့ အမှားတွေအတွက် တောင်းပန်ပါ။ သင်ကြိုက်တဲ့အရာတွေအတွက် ကျေးဇူးပြု၍လို့ ပြောပါ။ ကမ်းလှမ်းမှုတွေအတွက် ကျေးဇူးတင်ပါ။ အပြစ်ကင်းစင်ခြင်းနှင့် ကြင်နာမှုတွေဆိုတာ ဘဝကြီးကို တကယ်ပျော်ရွှင်ဖို့ကောင်းတဲ့နေရာဖြစ်အောင် ကူညီပေးနိုင်ပါလိမ်မယ့်။ သင့်ရဲ့ ရိုးသားမှုနှင့် ကြင်နာမှုအတွက် ပြန်လည်ရရှိမှာ ဆယ်ဆထက်မနည်းပါပဲ။ ချက်ချင်းတုန့်ပြန်မှုမရဘူးဆိုရင်တောင် ထင်းခွေမကြုံ၊ ရေခတ်ကြုံရလာပါလိမ့်မယ်။

၈။ ကြင်နာပါ၊ စိတ်အားထက်သန်မှုရှိပါစေ




လူတိုင်းမှာ ကိုယ်ပိုင်ပုံပြင်တွေရှိကြပါတယ်။ ဒါတွေအားလုံးကို သိဖို့၊ နားလည်ဖို့ မလိုအပ်ပေမယ့် လူတိုင်းက သူတို့ကိုယ်တိုင်’စစ်ပွဲ’တွေကို တိုက်ခိုက်နေတယ်ဆိုတာ နားလည်ဖို့ လုံလောက်တဲ့ သနားကြင်နာမှုရှိဖို့ ကိုယ့်ကိုယ်ကိုယ် မကြာခဏသတိရစေပါ။ တစ်ယောက်ယောက်အတွက် တံခါးဖွင့်ထားပါ။ သင်ကိုယ်တိုင်ရော၊ ဘယ်သူကမှ ပြီးပြည့်စုံခြင်း မရှိပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့နေ့တွေဖြတ်သန်းနေရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်အနားယူခွင့်ပြုပါ။ လူတိုင်းကို တစ်ချိန်လုံးစိတ်ကျေနပ်မှုမပေးနိုင်ကြောင်းနှင့် တစ်ခါတရံမှာလည်း ”no” လို့ပြောတတ်ဖို့ ငွေပေးသင်ယူရတာတွေလည်း ကြုံတွေ့ရပါလိမ့်မယ်။

သင့်ရဲ့ အတွေးပုံစံတွေ၊ အလေ့အထတွေနှင့် အပြုအမူတွေကို သတိပြုပါ။ မိမိကိုယ်ကို ကြင်နာပါ။ ဒီ့ထက်ပိုပြောရရင်လည်း မိမိကိုယ်ကိုယ် တစ်ခြားလူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ သင်ဟာ ဘယ်သူနဲ့မှ မတူတဲ့ထူးခြားသူတစ်ယောက်ပါ။

၉။ နေ့ရက်တိုင်းမှာသင်ယူပါ




ဘဝကြီးဟာ ကောင်းမွန်ပြီး ပန်းဆီရောင်သန်းလာတဲ့အခါ ကျွန်မတို့ဟာ ဝမ်းသာကြပါတယ်။ သို့ပေမယ့် စိန်ခေါ်မှုတွေဟာ သင့်အကြိုက်တွေလိုမဟုတ်တော့ဘဲ သင်ဖြစ်ချင်သလို ဖြစ်မလာတဲ့အခါ စိတ်ပျက်ခြင်းနှင့် ကျိန်ဆဲခြင်းတွေ ရောစပ်လာကြပါတယ်။ နေ့ရက်တိုင်းမှာ သင်ယူပါ။ အမှားတွေ၊ သင်ခန်းစာတွေနှင့် ကျရှုံးခြင်းတွေကနေလည်း သင်ယူတတ်ပါစေ။ စဉ်းစားပါ၊ ပြီးရင် ချမ်းသာခြင်းတွေဆီကို သွားပါ။ Trauma တွေကို ကုသပါ။ ဂန္ဒီက ”ထာဝရအသက်ရှင်နေထိုင်ရမယ့်လို သင်ယူပါ၊ မနက်ဖြန်သေရမယ့်လူတစ်ယောက်လို နေထိုင်ကျင့်ကြံပါ”တဲ့။

၁၀။ သင့်ကိုယ်သင် စိန်ခေါ်ပါ




ဘယ်လိုရှုထောင့်မျိုးမှာမဆို သင်ကိုယ်တိုင်တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးတွေရှိပါတယ်။ ၎င်းက ဘာသာစကားအသစ်တစ်ခုလား၊ Skill တစ်ခုလား၊ နေ့စဉ်ကြုံတွေ့ရနိုင်တဲ့ကြောက်ရွှံ့မှုတွေကို ကျော်လွှားနိုင်ဖို့ လေ့လာသင်ယူပါ။

၎င်းက သင့်ရဲ့ ကျွမ်းကျင်မှုနှင့် စွမ်းရည်ကို မြှင့်တင်ပေးရုံသာမက ဒီစွမ်းရည်တွေနှင့် ဗဟုသုတအသစ်တွေက သင့်ရဲ့ ပုဂ္ဂိုလ်ရေးစိတ်ကျေနပ်မှုတွေကိုလည်း တိုးပွားစေနိုင်ပါတယ်။ သင့်အတွက် ကြောက်ရွံ့မှုတွေကို နေ့စဉ်ရင်ဆိုင်ဖို့ နည်းနည်းလောက်ပဲရဲရင့်ပါ။

ဥပမာ – သင့်အနေနဲ့ သင့်ရဲ့ အထက်လူကြီးတွေနှင့် စကားပြောဖို့ ကြောက်ရွံ့နေမယ်ဆိုရင် နံနက်ခင်းတိုင်း ရိုးရှင်းသော ‘Morning’ ဆိုတဲ့ နှုတ်ဆက်ခြင်းနဲ့ စတင်ပါ။ အနာဂတ်အတွက် နက်နက်ရှိုင်းရှိုင်းစကားပြောဆိုမှုအတွက် လိုအပ်သော ခွန်အားတွေကို ရရှိစေရုံသာမက ၎င်းက ကောင်းမွန်သော impression ကိုလည်း ဖြစ်စေနိုင်ပါတယ်။ တစ်ကြိမ်မှာ ခြေလှမ်းတစ်လှမ်းပဲ လှမ်းပါ။

Lifestyle_Myanmar
Nyein_Thu


Ref-greatbigmind


#မနက်ခင်း
#အိပ်ရာ
#နေ့စဉ်
#တစ်ခြားလူ
#စကားလုံး

Some text some message..