ဒီနေ့ခေတ်ကာလမှာ အမျိုးသားကောင်းတစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာက တော်တော်မလွယ်တဲ့ကိစ္စတစ်ခုလိုဖြစ်လာနေပါပြီ။ လူတွေဟာ ‘စိတ်ဓာတ်က အရေးကြီးတယ်’ လို့ ဘယ်လောက်ပြောပြော ပထမဆုံးချိန်းတွေ့ကြချိန်မှာ အမျိုးသားတစ်ယောက်လို အရပ်အမြင့်၊ ဆံပင်နှင့် မျက်နှာအနေအထား…စတာတွေကို အရင်ဆုံးကြည့်ကြပါတယ်။ ဒါဟာလည်း အလွန်သဘာဝကျတဲ့ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုတစ်ခုဖြစ်တာကြောင့် လူသားတွေအတွက်က အရေးကြီးပြန်ပါတယ်။ တစ်ဆက်တည်းမှာပဲ ရုပ်ရည်ဆိုတာ အပေါ်ယံအရေပြားပဲဖြစ်တယ်ဆိုတာလည်း သတိတော့ ရပါဦး။
အမျိုးသားတစ်ယောက်ကို ချစ်သူအဖြစ် သီးသန့်တွဲဖို့ ဆိုရင်တော့ ရုပ်ရည်က အဓိကကျပါတယ်။ သို့ပေမယ့် တစ်သက်တာအတွက်ဆိုရင်တော့ အမျိုးသမီးတွေအတွက် ခန့်ချောကြီးဆိုတာထက် တစ်ခြားနှစ်သက်ဖွယ်အပြုအမူတွေ၊ အမူအရာတွေကို ပိုဂရုစိုက်ရမှာဖြစ်ပါတယ်။ ဒီတော့ အမျိုးသားကောင်းဆိုတာ သိနိုင်ဖို့ ဒီအချက်လေးတွေနဲ့ ခွဲခြားကြည့်ရအောင်။
၁။ သူဟာ လူကြီးလူကောင်းပီသသူတစ်ယောက်ဖြစ်သလား?
ကောင်းမွန်တဲ့ကောင်လေးတွေဟာ တကယ်ယဉ်ကျေးကြပါတယ်။ ဆိုလိုတာက သင့်ရဲ့ ထင်မြင်ယူဆချက်တွေကို လေးစားသူမျိုးဖြစ်ပြီး သင့်ရဲ့ ခံစားချက်တွေကို စာနာနားလည်ပေးတတ်သူမျိုးဖြစ်ပါတယ်။ တစ်ခြားတစ်ဖက်မှာလည်း သူဟာ သင့်ရဲ့ အယူအဆတွေအားလုံးကို ငြင်းပယ်နေမယ်ဆိုရင် ၎င်းမှာ အာဏာပါဝါပြချင်တဲ့ ရောဂါလက္ခဏာရှိသူဖြစ်ပါလိမ့်မယ်။ ဂန္တဝင်လူကြီးလူကောင်းဆန်သူတစ်ယောက်ရဲ့ အပြုအမူတွေဟာ ဒီနေ့ခေတ်မှာ တကယ်ကို ရှားပါးလာနေပါတယ်။ ဒါ့ကြောင့် အမျိုးသားတစ်ယောက်မှာ ဒီလက္ခဏာတွေရှိတယ်ဆိုရင် မလိုအပ်ဘဲရစ်တာတွေလျှော့ပြီး အပြန်အလှန်တန်ဖိုးထားပါ။
မိန်းကလေးအတွက် ကုလားထိုင်ထုတ်ပေးခြင်း (သို့) ပစ္စည်းကျသွားတဲ့အခါ ကောက်ပေးခြင်း…စတဲ့ အသေးအဖွဲလေးတွေကို ဂရုစိုက်တတ်ခြင်းကလည်း ယောင်္ကျားကောင်းတို့ရဲ့ အမူအကျင့်တွေဖြစ်ပြီး အမျိုးသမီးတွေအပေါ် လေးစားမှုပြခြင်းလည်းဖြစ်ပါတယ်။ တစ်ခုရှိတာက ဟန်ဆောင်နေတာဟုတ်မဟုတ် သိနိုင်ဖို့၊ ရေရှည်လက်တွဲကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
၂။ သူဟာ ဖြောင့်မတ်ပြီး သမာသမတ်ကျသူလား
ဖြောင့်မတ်မှုရှိတယ်ဆိုတာ သူ့ကိုယ်တိုင်၊ သူ့ရဲ့ တန်ဖိုးနှင့် သူ့ရဲ့ စကားလုံးတွေအတွက် မှန်မှန်ကန်ကန်ပြောဆိုနေထိုင်ပြီး တာဝန်ယူရဲတာမျိုးဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ဖြစ်ပြီး မိန်းမလိုမိန်းမရဆန်တဲ့အမျိုးသားတွေဟာ တကယ်စိတ်ပျက်ဖို့ကောင်းပါတယ်။ ကလိမ်ကကျစ်ကျခြင်း၊ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးပြောခြင်း၊ ပျော့ညံ့သော စိတ်ထားရှိခြင်းစတဲ့ ဒီလိုကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေကို ရှောင်ပါ။ အမျိုးသားတွေဟာ ယုံကြည်အားထားရသူတွေ၊ ယုံကြည်မှုနဲ့ ထိုက်တန်သူတွေဖြစ်သင့်ပြီး အများအားဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းနှင့် ကိုယ်ရေးကိုယ်တာ relationship တွေမှာ တည်ငြိမ်မှုတွေရှိသင့်ပါတယ်။ ဖြောင့်မတ်တဲ့အမျိုးသားတစ်ယောက်ဟာ အမြဲတမ်းလေးစားခံရပြီး အပြန်အလှန်အနေနဲ့ တစ်ခြားလူတွေရဲ့ ယုံကြည်မှုတွေကိုလည်း လေးစားတန်ဖိုးထားရမယ်ဆိုတာ နားလည်သူတစ်ယောက်ဖြစ်ပါတယ်။
၃။ သူဟာ ရိုးသားလား
သင်ရှာတွေ့ထားတဲ့ ကောင်လေးဟာ လုံးဝရိုးသားတစ်ယောက်ဖြစ်တယ်ဆိုရင် သင့်ကိုယ်တိုင်က ကံကောင်းသူတစ်ယောက်ဖြစ်တယ်လို့ လက်ခံလိုက်ပါတော့။ ရိုးသားတဲ့လူတွေဟာ သူတို့ရဲ့ အားနည်းချက်တွေကို လက်ခံဖို့ လုံလောက်တဲ့ပညာရှိသူတွေလည်းဖြစ်ကြပါတယ်။ ၎င်းတို့ဟာ သူတို့ရဲ့ အတွင်းအကျဆုံးခံစားချက်တွေနှင့် မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး ပိုမိုပြီး ပွင့်လင်းမြင်သာမှုရှိကြပါတယ်။ ၎င်းက မလုံခြုံမှုတွေကို ဖယ်ရှားဖို့နှင့် RS တစ်ခုမှာ ပြည့်စုံမှုတွေကို ရှာဖွေဖို့ အလွန်အရေးကြီးပါတယ်။
၄။ သူဟာ ထောက်ပံ့ပေးသူတစ်ယောက်လား
သင်ဖွံ့ဖြိုးတိုးတက်လာစေဖို့ တွန်းအားပေးပြီး စိတ်ဓာတ်တက်ကြွစေနိုင်တဲ့ အမျိုးသားတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်ဆိုရင် သင့်အတွက် တကယ့်ကို ကောင်းချီးမင်္ဂလာတစ်မျိုးပါပဲ။ အမျိုးသမီးအများစုဟာ အိမ်ထောင်ကျပြီးတဲ့အခါ အိမ်အလုပ်တွေ၊ ကလေးတွေနဲ့ အိမ်ထဲမှာပဲ ပိတ်မိနေတတ်ကြပါတယ်။ ဒီလိုအချိန်မှာ ထောက်ပံ့ပေးတတ်တဲ့ အမျိုးသားတစ်ယောက်ရှိနေမယ်ဆိုရင် သူမဟာ သူမရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေကို ကောင်းကောင်းဖန်တီးခွင့်ရပါလိမ့်မယ်။ ဒါ့ကြောင့် ကူညီထောက်ပံ့ပေးမယ့်အမျိုးသားကို ရှာပါ။
၅။ သူ့မှာ အပြုသဘော၊ အကောင်းမြင်ဝါဒရှိလား
လူတစ်ယောက်အနားမှာနေရတာဟာ စိတ်ကျေနပ်မှုလည်း မရှိဘူး၊ တစ်ချိန်လုံး အထွန့်တက်နေတဲ့လူတစ်ယောက်နဲ့ ဝန်းရံထားမယ်ဆိုရင် သင့်ပတ်ဝန်းကျင်ကိုပါ အပျက်သဘောစွမ်းအင်တွေနဲ့ မှောင်မိုက်နေပါလိမ့်မယ်။ တစ်ခြားတစ်ဖက်မှာလည်း အပြုသဘောသဘောထားရှိတဲ့ ကောင်လေးတစ်ယောက်နဲ့အတူရှိနေမယ်ဆိုရင် စိတ်ခံစားမှုတွေဟာလည်း တောက်ပနေပြီး ပိုပြီးစွမ်းအားတွေပြည့်နေပါလိမ့်မယ်။
၆။ သူဟာ ဟာသဉာဏ်ရှိသူတစ်ယောက်လား
ဟာသဉာဏ်ရှိခြင်းဆိုတာ အမျိုးသားတစ်ယောက်ကို ကြည့်ကောင်းသူတစ်ယောက်ဖြစ်အောင် စွမ်းဆောင်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ ရယ်ရွှင်ဖွယ်ဖြစ်ပြီး ဟာသတွေပြောတတ်တဲ့ အမျိုးသားတွေအနားမှာ တစ်ချိန်လုံးရှိနေတတ်တာနဲ့ပတ်သက်ပြီး အံ့ဩဖူးလား? ဟာသဉာဏ်ရဲ့ ကောင်းမွန်တဲ့အာရုံခံမှုဟာ ရိုးသားခြင်းနှင့် အသိဉာဏ်ရှိခြင်းလိုမျိုး တစ်ခြားလူတွေ လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုရောင်ပြန်ဟပ်နေတာဖြစ်ပါတယ်။
ကျွန်မတို့အတွက် ရယ်မောခြင်းဆိုတာ အကောင်းဆုံးဆေးတစ်လက်ဖြစ်ပါတယ်။ သင့်အနေနဲ့သင့်ကို တစ်ချိန်လုံး ပျော်ရွှင်စေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ခဲ့တယ်ဆိုရင် သူဟာ သင်ရှာဖွေနေတဲ့ သင့်ရဲ့အိပ်မက်ဖက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
၇။ သူဟာ ရင့်ကျက်မှုကို ပြသတယ်
သင်ဟာ အင်မတန်လွတ်လပ်တဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုရင် အမျိုးသားတစ်ဦးဆီမှာ ရင့်ကျက်မှုအဆင့်အတန်းတစ်ခုကို ရှာဖွေဖို့ အခွင့်အလမ်းတွေမြောက်များစွာရှိပါတယ်။ အမှန်ကတော့ မိမိဘဝကို တာဝန်ယူတတ်သူဟာ မိမိကိုယ်ကိုယ်သတိပြုမိပြီး စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်မြင့်မားသောလူတစ်ဦးဟာ Rs တစ်ခုရဲ့ ရှုပ်ထွေးမှုတွေကို ပိုမိုနားလည်နိုင်ပါတယ်။ အမျိုးသမီးအများစုဟာ သူတို့ချစ်သူကို မိဘအသိုင်းအဝိုင်းကို မိတ်ဆက်ပေးဖို့ စိတ်အားထက်သန်ကြပါတယ်။ ရင့်ကျက်သော ကောင်လေးဟာ မိန်းကလေးရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနှင့်လည်း အလားတူရင်းနှီးဖော်ရွေပြီးရင့်ကျက်နေပါလိမ့်မယ်။
၈။ ကောင်းမွန်တဲ့ ကောင်လေးတစ်ယောက်ဟာ အမြဲတမ်းအားထုတ်ကြိုးပမ်းချင်သူ
ရင်ဆိုင်ကြရအောင်။ RS တစ်ခုမှာ ကြီးမားတဲ့ ကတိကဝတ်တွေနှင့် လိုအပ်ချက်တွေအတွက် တူညီတဲ့အားထုတ်မှုတွေကို လိုအပ်ပါတယ်။ ဒါ့ကြောင့် အားထုတ်ကြိုးပမ်းတတ်တဲ့ကောင်လေးတစ်ယောက်ကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားပါ။ အနာဂတ်ပန်းတိုင်ရှိတဲ့ ကောင်လေးမျိုးဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။
ခုမျှဝေပေးခဲ့တဲ့ကောင်းမွန်တဲ့ကောင်လေးတစ်ယောက်ရဲ့ အချက်အလက်တွေဆိုတာ အခြေအနေတစ်ခုမှာ အကဲခတ်ဆုံးဖြတ်ဖို့ပါ။ ဒီအချက်အလက်တွေနဲ့ ချိန်ထိုးစဉ်းစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ပြီးပြည့်စုံတာမဟုတ်လို့ သင့်အတွက်အရေးကြီးတဲ့အရာတွေကိုသာ တွက်ကြည့်ပါ။ ချစ်ချင်လို့ ချစ်တာဆိုရင်လည်း ချစ်ပါ။ ဘယ်လောက်လေးပဲ ချစ်ခွင့်ရှိရှိ ချစ်ခွင့်ရတုန်းချစ်လိုက်ပါ။
Lifesytle_Myanmar
Nyein_Thu
Ref-themindjournal