ကိုယ့်ကိုကိုယ် ပြန်ချစ်နည်းများ
moda.com.mm
|
2020-08-27
မိမိကိုယ်ကို အားမလိုအားမရမှူ ၊အလိုမကျမှူတွေနဲ့ စိတ်ဓာတ်တွေ အောက်ဆုံးရောက်နေရတဲ့ အခြေအနေမျိုးတွေကို အားလုံး အနည်းနဲ့အများဖြတ်ကျော်ဖူးကြမှာပါ။ ငါက အသုံးမကျဘူး ဘာလုပ်လုပ်အဆင်မပြေဘူး အရမ်းညံ့တဲ့သူတစ်ယောက် ဆိုတဲ့အတွေးမျိုးတွေနဲ့ ကိုယ့်ကိုကိုယ်အမြဲတမ်းလှောင်ပိတ်မခံပါနဲ့။ ကိုယ့်ရဲ့ ပျော်ရွှင်မှူတွေပျောက်ဆုံးလာတာနဲ့အမျှ ကိုယ့်ကိုကိုယ် ယုံကြည်မှူပါပျောက်ဆုံးလာပြီး နောက်ဆုံးကိုယ်ပါပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် ပိုပြီးချစ်တတ်လာအောင်ကြိုးစားပါ။ ပျော်အောင်ထားပါ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုကိုယ်ချစ်ခြင်းနဲ့ အကောင်းမြင်စိတ်ဟာ တစ်နည်းတစ်ဖုံအားဖြင့်အရေးပါသလို အခက်အခဲတွေကို အလွယ်တကူကျော်ဖြတ်ရာမှာလည်းအသုံးဝင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကိုကိုယ်ဘယ်လိုနည်းလမ်းတွေနဲ့ ချစ်ကြမလဲ ၊ ဘယ်လိုပျော်အောင်ထားကြမလဲဆိုတာကို အောက်ကအချက်လေးတွေမှာ လေ့လာကြည့်လိုက်ရအောင်။


1.အကောင်းမြင်ပါ

အကောင်းမြင်စိတ်ကို နေ့တိုင်းမွေးပါ။ နေ့စဉ်မနက်တိုင်း ကိုယ့်ပတ်ဝန်းကျင်က ကောင်းတဲ့အရာတွေကို အနည်းဆုံး ဆယ်ခုလောက်အထိ ချရေးတဲ့ အလေ့အကျင့်မျိုးလုပ်ပါ။ ကောင်းသောအကြောင်းအရာတွေနဲ့စတင်ထားတဲ့မနက်ခင်းတိုင်းဟာ ဘယ်လောက်ပဲ ဆိုးဝါးတဲ့အရာတွေကိုကြုံတွေ့နေရပါစေ ကြံ့ကြံ့ခံ အားတင်းနိုင်တဲ့ စိတ်ဓာတ်မျိုးကိုဖြစ်ပေါ်စေပါတယ်။ဥပမာ - ငါကတော်တယ်၊ ငါကသန်မာတယ်၊ ငါကအရမ်းကြည့်ကောင်းတယ်၊ ငါ့မိဘကငါ့ကိုချစ်တယ်၊ ငါ့မှာသူငယ်ချင်းကောင်းတချို့ရှိတယ်၊အိမ်နီးချင်းတွေကအရမ်းစိတ်ကောင်းရှိတယ် စသဖြင့်ပေါ့။


2.ကိုယ်ကြိုက်တာကိုယ်လုပ်ပါ




ကိုယ့်ကိုကိုယ်အမှန်တကယ်ချစ်တယ်ဆိုရင် ကိုယ်ကြိုက်တာကိုယ်လုပ်ဖို့ နောက်မတွန့်ပါနဲ့။ ဥပမာ တချို့ကခရီးတွေသွားရတာကြိုက်တယ်။တောင်တန်းတွေ သဘာဝတရားတွေဆီကို ခရီးနှင်ရတာမျိုး ၊ Hiking တွေလုပ်ရတာမျိုး ၊ လွတ်လပ်ပေါ့ပါးပြီး စွန့်စားရတဲ့ အရသာမျိုးကို သဘောကျကြတယ်။ ဒါဟာ အသက်အရွယ်တစ်ခုကိုရောက်လာလို့ ဒီအလုပ်မျိုးတွေကို မလုပ်နိုင်တော့တဲ့အချိန်မျိုးမှာ အရမ်းကို အမှတ်တရဖြစ်စရာ Memories တွေအဖြစ်ကျန်ရှိနေမှာမို့လို့ ကိုယ် သဘောကျတာကို မလုပ်ခဲ့ရလို့ ရမယ့်နောင်တတွေထက် ကိုယ်သဘောကျတာကို လုပ်ခဲ့ဖူးတဲ့အမှတ်တရတွေအဖြစ်သာကျန်ရှိစေပါ။


3.မနှိုင်းယှဉ်ပါနဲ့




လူတစ်ယောက်နဲ့တစ်ယောက် ပုံပန်းသွင်ပြင် အမူအကျင့် လည်းမတူသလို မွေးဖွားလာတဲ့ပတ်ဝန်းကျင်အခြေအနေခြင်းလည်းမတူတာမို့ ကိုယ့်ကိုကိုယ်တခြားသူတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုကိုယ်စိတ်ညစ်ခံတာမျိုးကိုရှောင်ပါ။သူတစ်ပါးနဲ့နှိုင်းယှဉ်တယ်ဆိုတာ ကိုယ့်ကိုကိုယ် အကြီးမားဆုံး ညှင်းပန်းမှူတစ်ခုပါပဲ။ “ငါကသူ့လိုမလှဘူး”ဆိုတဲ့ အတွေးမျိုးထက် “ငါ့ပုံစံနဲ့ငါ သူများနဲ့မတူပဲ ဘယ်လိုလှအောင်လုပ်လို့ရလဲ” ဆိုတဲ့ အဖြေကိုရှာပါ။


4.ကိုယ့်ကိုကိုယ် Date လုပ်ပါ


ကိုယ့်ကိုကိုယ် တတ်နိုင်သမျှ ဂရုစိုက်ဖို့လိုပါတယ်။ဘယ်သူမပါပဲ တစ်ယောက်တည်း အပြင်လျှောက်လည်တာမျိုး ၊တစ်ယောက်တည်း ခရီးတွေသွားတာမျိုးနဲ့ ကိုယ့်ကိုကိုယ်ပိုပြီးချစ်တတ်လာအောင်ကြိုးစားပါ။ တစ်ခါတစ်လေတော့ အထီးကျန်သလိုလို ခပ်ကြောင်ကြောင်နိုင်သလို ခံစားရနိုင်ပေမယ့် တစ်ယောက်တည်းသွားပါများလာတဲ့အခါ တစ်ယောက်တည်းနေရတဲ့အရသာကို ပိုသဘောကျနှစ်သက်လာပါလိမ့်မယ်။ ငွေကုန်ကြေးကျအနည်းဆုံး ကိုယ့်ကိုကိုယ် date လုပ်နည်းတွေကတော့ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်တာမျိုး၊ မုန့်သွားစားတာမျိုး၊ ကမ်းခြေတွေသွားတာမျိုး နဲ့ စက်ဘီးလျှောက်စီးတာမျိုးတွေပါပဲ။


5. ကိုယ့်ကိုကိုယ် ဆုချပါ




ခက်ခဲတဲ့အရာတစ်ခု ၊ ကိစ္စကြီးကြီးတစ်ခု အောင်အောင်မြင်မြင်ပြီးဆုံးသွားတိုင်း ကိုယ့်ကိုကိုယ်ဆုချတဲ့အလေ့အကျင့်မျိုး ပြုလုပ်ပါ။ အခက်အခဲ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်တဲ့အခါမျိုးမှာ ကိုယ့်ကိုကိုယ်အားပေးချီးမွမ်းတတ်ရပါမယ်။ အားပေးမယ့်သူတစ်ဦးတစ်ယောက်မှမရှိရင်တောင် ကိုယ့်ကိုကိုယ်အားပေးချီးမြှောက်ဂုဏ်ယူတတ်တဲ့စိတ်ကို မွေးမြူပါ။ ကိုယ်ကသာ ကိုယ့်ဘဝအတွက် သစ္စာအရှိဆုံး Fan တစ်ယောက်ပါပဲ။

Photo Credit to the Rightful Owners


#စိတ်ဓာတ်
#အရာ
#အမှတ်တရ
#ခရီး
#အတွေး

Some text some message..