ဘဝမှာလိုချင်တဲ့အောင်မြင်မှုမှန်သမျှကိုဆွတ်ခူးနိုင်မယ့် နည်းလမ်းကောင်းများ
lifestylemyanmar.com
|
2020-09-03



မအောင်မြင်ချင်တဲ့လူဆိုတာမရှိပါဘူး။ ဒါပေမယ့် ဒီလိုမျိုးအောင်မြင်ဖို့ဆိုတာကလည်း လူတိုင်းမလုပ်နိုင်တဲ့အရာတစ်ခုပါ။ ကိစ္စတစ်ခုမှာအောင်မြင်ဖို့အတွက် အသေးစိတ်အချက်အလက်လေးတွေကအစ ဂရုစိုက်ရပြီး အဲ့ဒါမှပဲ အောင်မြင်မှုပန်းတိုင်ဆီ အဆင့်ဆင့်တက်လှမ်းသွားနိုင်မှာပါ။ အောင်မြင်မှုဆီသွားရာလမ်းကြောင်းမှာဖြတ်လမ်းဆိုတာမရှိပါဘူး။ အဲ့ဒါကြောင့် ဘဝမှာကိုယ်ရည်မှန်းသမျှအောင်မြင်မှုတိုင်းကို ဆွတ်ခူးနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေလိုက်ရပါတယ်။




၁။ လုပ်စရာရှိတဲ့ကိစ္စတွေအားလုံးကို အသေးစိတ်ချရေးထားပါ။

ကိစ္စတစ်ခုခုကိုလုပ်တော့မယ်ဆိုရင် ရည်မှန်းချက်တစ်ခုခုထားသင့်ပြီး အနည်းဆုံးတော့ ဘယ်လိုမျိုးအကောင်အထည်ဖော်ရမယ်ဆိုပြီး အစီအစဉ်ဆွဲထားသင့်ပါတယ်။ ပြီးရင်တော့အသေးစိတ်ချရေးပြီး လိုအပ်တဲ့အစီအစဉ်တွေကို ဖြည့်စွက်ပါ။ ဘယ်အချိန်မှာသေချာပေါက်အောင်မြင်ရမယ်ဆိုပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ်သန္ဒိဌာန်ချထားသင့်ပါတယ်။ ကိုယ်လုပ်ဆောင်ရမယ့်အရာအားလုံးကို အသေးစိတ်အစီအစဉ်ချထားတာက အောင်မြင်မှုရဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်တာကြောင့် ဒီအချက်ကို မမေ့မလျော့ဆောင်ရွက်သင့်ပါတယ်။




၂။ အလုပ်ကြိုးစားပါ။

အောင်မြင်ဖို့ဆိုတာက ကာလံဒေသံအရာအားလုံး ကိုက်ညီဖို့လိုအပ်ပေမယ့် ကိုယ်တိုင်ကအလုပ်ကြိုးစားမှပဲ ကိုယ့်အတွက်အောင်မြင်မယ့်အချိန်နဲ့အနေအထားတစ်ခုကို ရောက်ရှိလာမှာပါ။ သီချင်းစာသားတစ်ကြောင်းလောက် စပ်ကြည့်ရုံနဲ့ သီချင်းရေးဆရာမဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့် ဖြည်းဖြည်းနဲ့မှန်မှန်ကြိုးစားပြီး ကိုယ့်အလုပ်နဲ့သက်ဆိုင်တဲ့လူတွေဆီက ပညာသင်ရင်း အသိပညာ၊ အတတ်ပညာတွေကို ဝီရိယရှိရှိစုဆောင်းသင့်ပါတယ်။ အလုပ်ကြိုးစားမှုဆိုတာက ဘယ်လိုနယ်ပယ်မျိုးအတွက်မဆို မဖြစ်မနေ လိုအပ်ပြီး အရေးကြီးဆုံးလိုအပ်ချက်တစ်ခုလို့လည်း ဆိုရမှာပါ။




၃။ အခြားသူတွေကိုနင်းချေပြီးမှရတဲ့အောင်မြင်မှုကို မမက်မောပါနဲ့။

အောင်မြင်ဖို့ဆိုရင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက် အမြဲတမ်းထည့်သွင်းစဉ်းစားပေးသင့်ပြီး ကိုယ်အောင်မြင်သွားတဲ့တစ်နေ့မှာလည်း သူတို့အပေါ် လိပ်ပြာသန့်သန့်နဲ့ ပေါင်းသင်းဆက်ဆံနိုင်ဖို့က အရေးကြီးပါတယ်။ သူတစ်ပါးကို အထူးသဖြင့် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် အသိမိတ်ဆွေတွေကို ချနင်းပြီးမှရရှိလာတဲ့အောင်မြင်မှုကို လုံးဝလုံးဝမမက်မောပါနဲ့။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေဆိုတာက ကိုယ့်အောင်မြင်မှုအတွက် အရင်းနှီးခံမြေစာပင်တွေမဖြစ်သင့်ဘဲ အောင်မြင်ပြီးနောက်ပိုင်း ကိုယ့်အတွက် အရိပ်ရစေမယ့် သစ်ပင်ကြီးတစ်ပင်အဖြစ်ရှိနေဖို့ကို စိတ်ထဲမှာစွဲစွဲမြဲမြဲမှတ်သားထားပါ။




၄။ အောင်မြင်ဖို့အတွက် ပစ်မှတ်ထားနေတဲ့အရာကို ကိုယ်တိုင်ဆုံးဖြတ်ပါ။

ကိုယ့်ရဲ့အောင်မြင်မှုကို အခြားသူတွေရဲ့ အောင်မြင်မှုနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒီအချက်က လူတိုင်းပြုလုပ်မိတတ်တဲ့အမှားအယွင်းဖြစ်ပြီး ကိုယ်အားကျရတဲ့သူတစ်ယောက် ရောက်နေတဲ့အနေအထားတစ်ခုကို မတက်လှမ်းနိုင်သရွေ့ ကိုယ့်ရဲ့မျက်စိရှေ့က လတ်တလောရရှိနေတဲ့အောင်မြင်မှုတွေကို မေ့လျော့နေတတ်ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်ပိုပြီးဖိအားတွေပေးမိလာပြီး နောက်ဆုံးမှာ ကိုယ်ပုံမှန်သွားနေကျလမ်းကြောင်းကိုတောင် အကြီးအကျယ်ထိခိုက်စေနိုင်တာကြောင့် သေချာပေါက်ရှောင်ရှားသင့်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။




၅။ ကျရှုံးမှာကို မကြောက်ပါနဲ့။

မင်းလဲကျသွားမှာကို မစိုးရိမ်ဘူး၊ မင်းပြန်မထနိုင်မှာကိုပဲ စိတ်ပူတာဆိုတဲ့ စကားကို စိတ်ထဲစွဲနေကြမှာပါ။ အဲ့ဒီစကားအတိုင်းပါပဲ။ ကျရှုံးခြင်းဆိုတဲ့ သဘောသဘာဝကို မသိသရွေ့ စစ်မှန်တဲ့အောင်မြင်ခြင်းကို ခံစားနိုင်မှာမဟုတ်ပါဘူး။ ရှုံးနိမ့်နာကျင်ရမှာကို ကြောက်ရွံ့ပြီး တွန့်ဆုတ်တွန့်ဆုတ်နဲ့ ရှေ့ဆက်မတိုးနိုင်တာကပဲ ကိုယ့်အတွက်မအောင်မြင်စေနိုင်တဲ့အပြင် ဆုတ်ယုတ်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အကြိမ်ကြိမ်ကျရှုံးခြင်းတွေကနေတစ်ဆင့် လေ့လာသင်ယူရင်း ရရှိလာတဲ့အောင်မြင်မှုက အရာအားလုံးထက် ဘယ်လောက်အထိ ပိုမိုချိုမြိန်လဲဆိုတာကို သေချာပေါက်ခံစားကြည့်ရင်း ဘဝရဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ပါစေလို့ Lifestyle Myanmar ရဲ့ ပရိသတ်တွေအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

#HM

#LifestyleMyanmar


#အောင်မြင်မှု
#ကျရှုံးခြင်း
#လုပ်ဖော်ကိုင်ဖက်
#အခြားသူ
#မြေစာပင်

Some text some message..