“ချစ်သူကို ရွှေနန်းထက်မှာထားချင်တယ်။” ဆိုတဲ့ သီချင်းစာသားလေးအတိုင်းပဲပေါ့။ ကိုယ့်အတွက် အမြတ်တနိုးတန်ဖိုးထားရတဲ့ ချစ်သူကို ကောင်းကောင်းမွန်မွန်မထားချင်၊ စိတ်ချမ်းသာအောင်မထားချင်တဲ့သူဆိုတာ မရှိပါဘူး။ ဒီအတွက်လည်း ရွှေတွေ၊ ငွေတွေ၊ ဂုဏ်ပကာသနတွေ အများကြီးမလိုအပ်ပါဘူး။ ချစ်သူကို ကိုယ်တတ်စွမ်းတဲ့ဘက်ကနေ ရိုးရိုးရှင်းရှင်းနဲ့ စိတ်ချမ်းသာအောင်ထားနိုင်ပြီး ဒီလိုနည်းလမ်းလေးတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။
၁။ ချစ်ခြင်းတရားတွေပြည့်နှက်နေတဲ့အကြည့်မျိုးနဲ့ ချစ်သူကိုရှုစားပါ။
“အကြည့်တစ်ချက် ငါ့ရင်ခုန်သွားတယ်။” ဆိုတဲ့သီချင်းလေးကို တိုးတိုးလေးရွတ်ဆိုခဲ့ဖူးလား။ ဒီလိုပါပဲ။ ချစ်သူကို ကိုယ့်ရဲ့အကြည့်တစ်ချက်နဲ့တင် ရင်ခုန်အောင် ပြုလုပ်နိုင်သလို မေတ္တာတရားတွေအလျှံအပယ်နဲ့မျက်ဝန်းတစ်စုံက ကိုယ့်ချစ်သူအတွက် အစစအရာရာနွေးထွေးစေမှာ သေချာပါတယ်။ အဲ့ဒါကြောင့် ချိန်းတွေ့တိုင်းမှာ အမှုမှတ်အမှတ်မဲ့မနေဘဲ အချစ်တွေနဲ့ပေါင်းစပ်ထားပြီး နွေးထွေးတဲ့မျက်ဝန်းတစ်စုံက ချစ်သူအတွက် ဖြစ်နေပါစေ။
၂။ ချစ်သူက ကမ္ဘာပေါ်မှာ အတော်ဆုံးဆိုတဲ့စကားလေးတစ်ခွန်းကိုရော မပြောကြဘူးလား။
မိန်းကလေးတွေက သူတို့ကို ချီးမွမ်းရင် သိပ်ကိုသဘောကျပါတယ်။ ဒါပေမယ့် ဂျပိုးကိုလိပ်ဖြစ်အောင် လုပ်ထားတဲ့ ချီးမွမ်းစကားတွေကိုတော့ သူတို့လည်း မလိုချင်ပါဘူး။ သူတို့ရဲ့ ဝတ်စားဆင်ယင်မှု၊ မိတ်ကပ်အပြင်အဆင်၊ လုပ်ငန်းခွင်၊ ပညာရေးနဲ့ပတ်သက်ပြီး စွမ်းဆောင်မှုတွေထဲက အကောင်းဆုံးအရာတစ်ခုကို ရွေးထုတ်ပြီး ချက်ကျလက်ကျချီးမွမ်းပါ။ ချစ်သူက ကိုယ့်ကိုယ်ကိုယ်အားမရဖြစ်နေသည့်တိုင် ကိုယ့်ရဲ့ချီးကျူးစကားလေးတစ်ခွန်းက သူ့အတွက်တော့ ဘီလ်ဂိတ်လိုပုဂ္ဂိုလ်မျိုးနဲ့ အပြိုင်အဆိုင်လုပ်နိုင်လောက်တယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုကိုတော့ ရသွားစေပါလိမ့်မယ်။
၃။ သူ့ကိုချစ်ရတာက ဂုဏ်အယူရဆုံးကိစ္စရပ်တစ်ခုပဲမဟုတ်လား။
သူငယ်ချင်းမွေးနေ့၊ မင်္ဂလာဆောင်၊ ပါတီပွဲ ဘယ်နေရာမှာမဆို ချစ်ရသူရဲ့လက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပြီး မင်းကငါ့ရဲ့ချစ်သူဖြစ်ပါတယ်လို့ တစ်ကမ္ဘာလုံးကို ကြေညာမောင်းခတ်နေသလို ခံစားချက်မျိုးကို ပိုင်ဆိုင်ရတာက မိန်းကလေးတွေရဲ့ ရင်ထဲကိုနွေးထွေးသွားစေမှာပါ။ ချစ်သူကို လူကြားသူကြားထဲမှာ ပွေ့ဖက်တာ၊ သကြားလုံးတစ်လုံးလို ချိုမြိန်တဲ့အနမ်းလေးတွေ ပေးတာ၊ Facebook ပေါ်မှာ ဒါငါ့ချစ်သူပဲလို့ အသိပေးတာတွေက ကိုယ်ချစ်ရတဲ့သူအတွက် ဘာနဲ့မှလဲလို့မရတဲ့ ဂုဏ်ယူစရာဖြစ်ရပ်တွေပါပဲ။
၄။ ရိုတတ်သူတစ်ယောက်ဖြစ်ပါစေ။
မကြာခဏဆိုသလို စားသောက်ဆိုင်ကောင်းကောင်းကိုသွားပြီး ရိုမန်တစ်ဆန်ဆန်ညစာစားတာမျိုး၊ ရုပ်ရှင်ရုံမှာ ညဉ့်နက်ပွဲကြည့်တာမျိုးတွေကို ပြုလုပ်သင့်ပါတယ်။ နောက်ထပ် ရိုမန်တစ်ဆန်ဖို့အတွက်လည်း ပိုက်ဆံတွေအများကြီး အကုန်ခံစရာမလိုပါဘူး။ ချစ်သူသိပ်ကြိုက်တဲ့ အစားအစာလေးတွေနဲ့ Surprise လုပ်တာ၊ စာရွက်လေးတစ်ရွက်ပေါ်မှာ ဘယ်လောက်ချစ်ကြောင်း ဖော်ကျူးရေးသားပြီး ပေးတာမျိုးတွေကို မိန်းကလေးတွေ သိပ်သဘောကျပါတယ်။ Surprise က အသေးအဖွဲလေးဖြစ်နေလို့ဆိုပြီး အားမငယ်ပါနဲ့။ ကိစ္စသေးသေးလေးတွေနဲ့ မျက်ရည်ကျတတ်တဲ့ မိန်းကလေးတွေက အသေးအဖွဲလေးတွေကြောင့်ပဲ အတိုင်းအဆမဲ့ပျာ်ရွှင်ကြည်နူးတတ်ကြပါတယ်။
၅။ ကိုယ်တိုင်ကြိုးစားအားထုတ်လိုက်ပါ။
အပေါ်မှာပြောခဲ့ဖူးတဲ့အချက်တွေထဲကမှ ချစ်ရသူသိပ်ကြိုက်တဲ့ အစားအစာကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာကလည်း မိန်းကလေးတွေအတွက် တန်ဖိုးဖြတ်မရတဲ့အရာပါပဲ။ ပန်းစည်းပေးရင်တောင် ကိုယ်တိုင်ထိုးပေး၊ စည်းပေးတာမျိုး၊ ကိုယ်ကိုယ်တိုင် ဂျုံမှုန့်အဖွေးသားနဲ့ မုန့်ဖုတ်ပေးတာမျိုးက ချစ်သူအတွက် အင်မတန်မှဂုဏ်ယူစရာကောင်းတဲ့ကိစ္စဖြစ်ပါလိမ့်မယ်။
၆။ ရိုးသားမှုအပြည့်ရှိပါ။
ရိုးသားတဲ့အချစ်ဆိုတာ မိန်းကလေးတွေ အလိုလားအတောင့်တဆုံး အရာတစ်ခုပါပဲ။ ချစ်ခြင်းမေတ္တာမှာ အမျိုးအစားတွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲကမှ ကိုယ့်ရဲ့အချစ်က ကိုယ်သိပ်ချစ်ရတဲ့ချစ်သူအတွက် တုနှိုင်းမမှီတဲ့ အချစ်စစ်အချစ်မှန်ဖြစ်နေဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာလှုပ်ရှားမှုတွေအကြောင်းကို ခရေစေ့တွင်းကျ မပြောပြဖြစ်ရင်တောင် ယေဘုယျအားဖြင့် ပြောပြပြီး ချစ်သူရဲ့တစ်နေ့တာဖြတ်သန်းမှုတွေကိုလည်း ပြန်လည်နားထောင်ပေးပါ။ နှစ်ယောက်သားအတူတူ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရင်ဖွင့်ပြောဆိုနေနိုင်ပြီဆိုရင်တော့ “ဒီလိုလိုက်ဖက်တဲ့ဘဝ၊ ပြောစရာလောကကြီးက တကယ်ပါ ကြင်နာသူလေးရှိနေမှ” ဆိုတဲ့ သီချင်းလေးအတိုင်း ကြည်နူးစရာကောင်းနေပြီး ချစ်သူကလည်း ကိုယ်နဲ့ပတ်သက်သမျှ အရာအားလုံးအတွက် စိတ်ချမ်းချမ်းသာသာနေနိုင်မှာလည်းဖြစ်ပါတယ်။
#LifestyleMyanmar
#HM
Source: magforwomen