ချစ်သူစုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိမှ ကောင်းမွန်တဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်မှာပါ။ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ သမီးရည်းစားဆက်ဆံရေးကို တည်ဆောက်ဖို့ဆိုရင် နားလည်မှုနဲ့ ယုံကြည်မှုက အဓိကကျပါတယ်။ ချစ်သူစုံတွဲကြား တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိအောင် ဘယ်လိုပြုမူနေထိုင်သင့်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
၁။ အရှိကို အရှိအတိုင်းလက်ခံပါ
စုံတွဲတွေကွဲရခြင်း အဓိကအကြောင်းအရင်းကတော့ တစ်ယောက်ကိုတစ်ယောက် ပြောင်းလဲဖို့ ကြိုးစားတာပါ။ Relationship တစ်ခုမှာ မျှော်လင့်ထားတာတွေ များတဲ့အခါမှာ ကိုယ်ချစ်သူကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ပြောင်းလဲဖို့ ကြိုးစားကြပါတယ်။ အဲ့ဒီလိုမလုပ်ပဲနဲ့ သင့်ချစ်သူကိုလေးစားပေးမယ်၊ သူ့ကို အရှိအတိုင်းလက်ခံပေးမယ်ဆို သင်တို့သမီးရည်းစားဆက်ဆံရေးက ပျော်ရွှင်ဖွယ်အတိဖြစ်နေမှာပါ။
၂။ မလိုအပ်ဘဲ မငြင်းခုန်ပါနဲ့
ဘာမဟုတ်တဲ့ ကိစ္စအသေးအဖွဲလေးတွေကို ငြင်းခုန်နေရင်းကနေ အကြီးအကျယ်ရန်ဖြစ်နိုင်ပါတယ်။ သင့်ချစ်သူကို အကြောင်းအရင်းမရှိဘဲနဲ့ အော်ငေါက်နေခြင်းက သင့်အပေါ်အချစ်လျော့သွားမှာဖြစ်ပြီး သင့်ကိုစိတ်ကုန်သွားနိုင်ပါတယ်။ ရန်ဖြစ်ဖို့ ကိစ္စလေးတွေ ပေါ်လာပြီဆိုရင်လည်း စိတ်ရှည်ရှည်နဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို လေ့ကျင့်ပါ။
၃။ အများကြီး မလိုချင်ပါနဲံ
ကိုယ့်အပေါ်ကို ဘယ်လိုဂရုစိုက်ပေးစေချင်တယ်၊ ဘယ်လိုရိုမန်းတစ်ဆန်စေချင်တယ်ဆိုပြီး မမျှော်လင့်ထားပါနဲ့။ ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါမှာ ပူဆွေးဝမ်းနည်းရပါတယ်။ ကြာလာရင် သမီးရည်းစားဆက်ဆံရေးကို ထိခိုက်လာနိုင်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သလို အရှိအတိုင်း အခြေအနေကို လက်ခံပြီး ပျော်ပျော်ပဲနေပါ။
၄။ မိမိရဲ့ မကောင်းတဲ့အကျင့်လေးတွေကို ပြောင်းလဲပါ
တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အကျင့်စရိုက်တွေကြောင့် နားလည်မှုလွဲတာ၊ ရန်ဖြစ်တာတွေ ဖြစ်လာပါတယ်။ မိမိချစ်သူကို ပြောင်းလဲဖို့မကြိုးစားဘဲ သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်လေးတွေကို ဖျောက်ပေးပါ။ သင့်ရဲ့မကောင်းတဲ့အကျင့်စရိုက်လေးတွေကို သင်ကိုယ်တိုင် ပြောင်းလဲဖို့ကြိုးစားနေတာကို သူသိမြင်တဲ့အခါ သင့်အပေါ်အချစ်တွေ ပိုလို့တောင် တိုးလာနိုင်ပါသေးတယ်။
၅။ သင့်ချစ်သူကို ယုံကြည်ပေးပါ
တစ်ယောက်နဲ့တစ်ယောက် သံသယတွေများနေတဲ့အခါ Relationship တစ်ခုက ဘယ်လိုမှ အဆင်မပြေပါဘူး။ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုရှိမှသာ ခံစားချက်တွေကို မျှဝေနိုင်မယ်၊ အရာရာကိုတိုင်ပင်နိုင်မှာပါ။ သမီးရည်စားဆက်ဆံရေးမှာ ရိုးသားဖို့လိုပါတယ်။ ဘယ်တော့မှမလိမ်ညာပါနဲ့။ အမှန်တရားက သူ့ကိုနာကျင်စေတယ်ဆိုရင်တောင် အလိမ်အညာက သူ့ကို ပိုနာကျင်စေပါတယ်။ ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းသာပြောပါ။
၆။ တစ်ယောက်နဲ့ တစ်ယောက်အချိန်ပေးပါ
လူတိုင်းက ကိုယ့်အလုပ်နဲ့ကိုယ် မအားဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ခိုင်မြဲတဲ့ သမီးရည်းစားဆက်ဆံရေးကို တည်ဆောက်ဖို့ဆိုရင် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးဖို့လိုအပ်ပါတယ်။ ဒါမှလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး ပျော်ရွှင်ခိုင်မြဲတဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်မှာပါ။
#Lifestyle_Myanmar
#Dmo_aung
Ref- brightside
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။