လူသားတွေပိုင်ဆိုင်ထားတဲ့ စိတ်အမျိုးအစား (၃) မျိုးအကြောင်း
lifestylemyanmar.com
|
2020-09-07



လူ့စိတ်ဆိုတာ မျောက်စိတ်လိုပဲ ခန့်မှန်းရခက်ပါတယ်။ အခုချိန်မှာ ငိုနေပေမယ့် နောက် (၁) မိနစ်လောက်ကြာရင် အားရပါးရရယ်မောနေတတ်ပြီး မိန်းကလေးတွေဆိုရင် ပိုဆိုးတာပေါ့။ စိတ်ပညာရှင်တွေတောင်မှ လူသားတွေရဲ့ စိတ်အခြေအနေအတိအကျကို ဖတ်ရှုနိုင်ဖို့ ခက်ခဲကြပြီး လူအမျိုးမျိုး စိတ်အထွေထွေရှိတတ်ပေမယ့် အားလုံးဆီမှာ ယေဘုယျအားဖြင့်ရှိတတ်တဲ့ စိတ်အမျိုးအစား (၃) ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။




၁။ အရည်နဲ့တူတဲ့စိတ်။

အရည်နဲ့တူတဲ့စိတ်အခြေခံကို ပိုင်ဆိုင်ထားတဲ့သူတွေဟာ ပြဿနာဖြေရှင်းတဲ့နေရာမှာ အခက်အခဲတွေရှိနိုင်ပြီး အခြားသူတွေရဲ့ အကြံဉာဏ်တွေ၊ လမ်းညွှန်မှုတွေကို အများကြီးလိုအပ်ပါတယ်။ နောက်ပြီး သူတို့ရဲ့စိတ်ထဲမှာလည်း မသေချာမရေရာမှုတွေနဲ့ ရုန်းကန်နေရမှာပါ။ ဆုံးဖြတ်ချက်တစ်ခုချမှတ်ဖို့ အင်မတန်ခက်ခဲပြီး ခိုင်မာတဲ့စိတ်ဓာတ်ပြတ်သားမှုမျိုးမရှိတာကြောင့် လမ်းတစ်ဝက်မှာတင် သူတို့ရဲ့ မျှော်လင့်ချက်ပန်းတိုင်တွေကို အရှုံးပေးတတ်ကြပါတယ်။ အခြားတစ်ဖက်မှာ သူတို့က သူတစ်ပါးကို ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်သွားဖို့ တိုက်တွန်းနေကြပြီး လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ လူကောင်းတစ်ယောက်ဖြစ်သည့်တိုင် ဘယ်တော့မှ ခေါင်းဆောင်ဖြစ်လာကြမှာမဟုတ်ပါဘူး။ ဒါ့အပြင် သူတို့က သက်သောင့်သက်သာနေတတ်ပြီး အလုပ်တစ်ခုအပေါ်မှာလည်း အပြည့်အဝ အာရုံစိုက်တာမျိုးမရှိပါဘူး။




၂။ ခိုင်မာတဲ့စိတ်။

ဒါကတော့ အပေါ်မှာပြောပြခဲ့တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့သူတွေနဲ့ ဆန့်ကျင်ဘက်ပါ။ သူတို့ရဲ့စိတ်ထဲမှာ တိကျပြတ်သားတဲ့ခံယူချက်တွေရှိပြီး ကိုယ့်ကိုယ်ကိုယ်လည်း ကောင်းကောင်းထိန်းချုပ်နိုင်ကြပါတယ်။ အဲ့ဒီလိုလူမျိုးတွေရဲ့ မိဘတွေက သိပ်ကိုတင်းကျပ်တဲ့မိဘတွေဖြစ်ကြမှာပါ။ ခိုင်မာတဲ့အတွေးအခေါ်နဲ့ စိတ်ကူးစိတ်သန်းတွေကို ပိုင်ဆိုင်ထားတဲ့သူတွေဟာ အရာရာတိုင်းကို တည်ငြိမ်အောင် ထိန်းချုပ်ချင်ကြပြီး စည်းကမ်းကြီးတဲ့ အလုပ်အကိုင်တွေအတွက် အထူးသင့်တော်တဲ့သူတွေဖြစ်ကြပါတယ်။ ဒီလိုမျိုး ခိုင်မာ ပြတ်သားတဲ့ စိတ်ဓာတ်ကြောင့်လည်း ဘယ်တော့မှ အရှုံးမပေး၊ အလျှော့မပေး၊ မရပ်တန့်ကြဘဲ ပြတ်ပြတ်သားသားနဲ့ပဲ ရည်မှန်းချက်ပန်းတိုင်ဆီ ရှေ့ဆက်သွားနိုင်ကြပါတယ်။ အရာရာတိုင်းကို စည်းကမ်း၊ အာဏာနဲ့ ဆုံးဖြတ်တတ်ကြပြီး ဘယ်လိုအကြောင်းပြချက်တွေရှိနေပါစေ၊ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာချင်ကြပါတယ်။ တစ်ဖက်မှာလည်း သူတို့က ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတင်းကျပ်ထားတာကြောင့် ဖန်တီးနိုင်စွမ်းအားနည်းပြီး အရာတစ်ခုကိုပဲ ထပ်ခါထပ်ခါလုပ်တတ်တာကြောင့် ပျင်းစရာကောင်းလာမှာပါ။ နောက်ပြီး သူတို့ဟာ Comfort Zone ထဲက ရုန်းထွက်ဖို့လည်း စိတ်ကူးမရှိကြပါဘူး။




၃။ ပွင့်လင်းပြီး မျှတတဲ့စိတ်။

ဒီလိုမျိုး Flexible ဖြစ်တဲ့သူတွေဟာ လူတိုင်းနဲ့ပေါင်းသင်းဆက်ဆံနိုင်ပြီး အပေါ်ဆုံးမှာပြောခဲ့တဲ့ အရည်နဲ့တူတဲ့စိတ်ကိုပိုင်ဆိုင်ထားတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေနဲ့တော့ ကွဲပြားခြားနားပါတယ်။ ဒါပေမယ့် အရာအားလုံးကိုလည်း လက်သင့်မခံကြဘဲ သူတို့ရဲ့သဘာဝနဲ့အတွေးအခေါ်တွေက ပိုပြီး တီထွင်ဆန်းသစ်မှုရှိသလို၊ ပိုပြီးတော့လည်း စမတ်ကျပါတယ်။ အခြားသူတွေအပေါ် သူတို့ရဲ့ အမြင်ကို ဘယ်တော့မှတစ်သမတ်တည်းမထားတတ်ကြပါဘူး။ ပွင့်လင်းတဲ့စိတ်အခံရှိကြပြီး စည်းမျဉ်းစည်းကမ်းတိုင်းကိုလည်း မလိုက်နာနိုင်ကြပါဘူး။ ကိုယ်နဲ့သူတို့အကြား သဘောထားကွဲလွဲ၊ အမြင်ကွဲလွဲရင်တောင်မှ ကိုယ့်ကိုလူဆိုးကြီးတစ်ယောက်လို ခံစားစေမှာမဟုတ်ဘဲ ကိုယ့်ခံစားချက်မှန်သမျှကို ဖွင့်ပြောလို့ရတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေဖြစ်ပါတယ်။ အိုင်ဒီယာအသစ်တွေ၊ မတူကွဲပြားတဲ့အမြင်သစ်တွေကို အမြဲတမ်းကြိုဆိုနေသလို ငါထင်တာတစ်ခုတည်းကပဲ အမှန်ဆိုတဲ့ စိတ်မျိုးလည်း မထားတတ်ကြပါဘူး။




Lifestyle Myanmar ရဲ့ ပရိသတ်တွေရော ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစိတ်ဓာတ်မျိုးကို ပိုင်ဆိုင်ထားတယ်လို့ ထင်ကြလဲ ???

#HM

#LifestyleMyanmar

Source: magforwomen


#စိတ်ဓာတ်
#ပန်းတိုင်
#စည်းကမ်း
#အခြားသူ
#အတွေးအခေါ်

Some text some message..