ကိုယ့်ရဲ့သူဌေးကို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ချီးမွမ်းကြမလဲ
lifestylemyanmar.com
|
2020-09-09



ဝန်ထမ်းတစ်ယောက်က ကိုယ့်ရဲ့သူဌေးကို ပြန်ပြီးချီးမွမ်းတယ်ဆိုတာ အင်မတန်မှကို ထူးခြားဆန်းပြားတဲ့ဖြစ်ရပ်ပါ။ အဲ့ဒီလိုမျိုး ချီးကျူးစကားပြောဖို့အတွက်လည်း risk တွေအများကြီးယူဖို့ လိုအပ်တာကြောင့် ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့သူဌေးကို ပြန်ပြီးချီးမွမ်းသင့်လဲ ဖော်ပြပေးလိုက်ပါတယ်။




၁။ ကိစ္စသေးသေးလေးတွေကစလို့ ချီးကျူးပါ။

ကိုယ့်ရဲ့သူဌေး ဒီနေ့ဝတ်လာတဲ့ အဝတ်အစားအရောင်က သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ဘယ်လိုမျိုးလိုက်ဖက်နေလဲဆိုတာက စပြီး ချီးကျူးကြည့်ပါ။ အဲ့ဒီလိုချီးကျူးတဲ့အချိန်မှာလည်း ကိုယ့်ရဲ့အသံက အလောတကြီးဖြစ်နေတာမျိုး ဒါမှမဟုတ် အရွဲ့တိုက်နေတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ နောက်ထပ်တစ်ခုအနေနဲ့ သူ ဒီနေ့စီးလာတဲ့ ဖိနပ်က ဘယ်လိုမျိုး အဆင့်မြင့်လဲဆိုတာကို ထုတ်ဖော်ချီးမွမ်းလိုက်ပါ။ အဲ့ဒီလိုအချိန်မျိုးတွေမှာ ကိုယ့်ရဲ့သူဌေးက ချိုသာတဲ့အပြုံးတွေနဲ့ ပြန်ပြီးပြုံးပြနိုင်မှာပါ။




၂။ လေးစားမှုကိုပြသပါ။

သူအခုရောက်နေတဲ့ အနေအထားက ဘယ်လောက်အထိ ကြီးကျယ်ခမ်းနားလဲဆိုတာကို ဂုဏ်ယူဖွယ်ရာပြောပြပါ။ သူ လက်ရှိအချိန်အထိ လုပ်ဆောင်ခဲ့တဲ့အရာတွေက လူတိုင်းမလုပ်နိုင်တဲ့အရာတွေဖြစ်တယ်ဆိုတာကိုပါ ထည့်သွင်းချီးကျူးသင့်ပြီး ဒီလိုချီးကျူးနည်းကတော့ သူနဲ့ပတ်သက်လို့ ကိုယ့်ရဲ့ဂုဏ်ယူဖွယ်ရာ ချီးကျူးနည်းတစ်ခုလည်းဖြစ်ပါတယ်။




၃။ အလုပ်လုပ်တဲ့ပုံစံကို ချီးကျူးပါ။

ကိုယ့်ရဲ့သူဌေးအလုပ်လုပ်တဲ့ပုံစံက ဘယ်လောက်အထိ စိတ်ဓာတ်ခွန်အားရတယ်၊ ဘယ်လောက်အထိ သင်ယူစရာတွေများပြားတယ်ဆိုတာကို ပြောပြပြီး ချီးမွမ်းလိုက်ပါ။ အဲ့ဒီလိုမျိုး ချီးကျူးစကားတွေက ကိုယ့်သူဌေးရဲ့နှလုံးသားကို အရည်ပျော်စေမှာဖြစ်ပြီး နောက်ပိုင်းမှာ သူနဲ့အတူ အလုပ်လုပ်ရတာက ကိုယ့်အတွက် အင်မတန်မှ လွယ်ကူသွားမှာပါ။ ချီးကျူးတဲ့နည်းလမ်းတွေထဲမှာ ဒီနည်းလမ်းက နူးညံ့သိမ်မွေ့တဲ့ ချီးကျူးနည်းပါပဲ။




၄။ ရိုးရိုးသားသားနဲ့ ချီးမွမ်းပါ။

ကိုယ့်သူဌေးကို ချီးကျူးနေတဲ့အချိန်မှာ ကိုယ့်ဘက်က ရိုးသားဖို့ လိုအပ်ပြီး မလိုအပ်ဘဲ အတိသယဝုတ္တိအလင်္ကာတွေနဲ့ ချီးကျူးနေတယ်ဆိုရင်တော့ ကိုယ်ပြောနေတဲ့စကားက လုပ်ဇာတ်ကြီးဆိုတာကို သိသာစေမှာပါ။ သူဌေးဆိုတာမျိုးက ကိုယ့်လိုဘဝမျိုးကို ဖြတ်သန်းခဲ့ပြီးမှ အားလုံးရဲ့အမြင့်ဆုံးဆိုတဲ့နေရာကို ရောက်ရှိခဲ့တာကြောင့် လူတွေအကြောင်း အထူးသဖြင့် ကိုယ့်လိုဝန်ထမ်းတွေအကြောင်းကို ကောင်းကောင်းနောကျေပြီးသားပါ။ အဲ့ဒါကြောင့် သူဌေးကို ချီးမွမ်းတဲ့နေရာမှာ ရာထူးတိုး၊ လစာတိုးချင်လို့ ကပ်ဖားလျက်ဖားလုပ်တာမျိုး မဟုတ်ဘဲ ရိုးရိုးသားသားနဲ့ ချီးမွမ်းတာမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။




၅။ ချီးမွမ်းနည်းမှန်ကန်ပါစေ။

အလွန်အမင်းချဲ့ကားချီးကျူးတာမျိုးက ခေတ်စကားနဲ့ပြောရရင် အင်မတန်မှရုပ်ပေါက်တဲ့ကိစ္စပါ။ တစ်ချိန်လုံး သူဌေးအနားသွားပြီး လုပ်ဇာတ်တွေနဲ့ ချီးကျူးနေတယ်ဆိုရင်တော့ ကိုယ်က အကျိုးလိုလို့ ညောင်ရေသွန်းတာမျိုး ဖြစ်သွားပြီး အခြားလုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်ကပ်တာကိုပါ ခံရပါလိမ့်မယ်။ အဲ့ဒါကြောင့် ကိုယ်က သူဌေးကိုချီးမွမ်းမယ်ဆိုရင်တောင် အကြောင်းအရာတစ်ခုလောက်ကိုပဲ ထုတ်ဖော်ချီးကျူးပြီး အဲ့ဒီနောက်မှာတော့ အခြားအကြောင်းအရာတစ်ခုခုကို ပြောင်းလဲပြောဆိုသင့်ပါတယ်။




၆။ သူဌေးရဲ့ခံစားချက်ကို သိထားပါ။

လူတစ်ယောက် စိတ်ခံစားချက်မကောင်းတဲ့အချိန်မှာ သွားချီးကျူးလို့ တစ်ဖက်သားက ပျော်ရွှင်လာတယ်ဆိုတာ ရှားပါတယ်။ ဒီကြားထဲ ကိုယ်ပြောလိုက်တဲ့စကားက အဆီအငေါ်မတည့်ရင် ပြဿနာတွေ ပိုမိုများပြားလာနိုင်ပါတယ်။ အဲ့ဒါကြောင့် သူဌေးကို မချီးကျူးခင်မှာ သူပျော်နေလား၊ စိတ်ညစ်နေလားဆိုတာကို အကဲခတ်ပါ။ အလုပ်အဆင်မပြေတဲ့အချိန်မှာ သွားပြီးချီးကျူးတာမျိုးထက် အလုပ်အဆင်ပြေနေတဲ့အချိန်၊ သူဌေးစိတ်ပျော်နေတဲ့အချိန်မျိုးမှာပဲ သွားရောက်ချီးမွမ်းသင့်ပါတယ်။




၇။ မကြာခဏချီးမွမ်းပါ။

ကိုယ့်ရဲ့သူဌေးက ဝန်ထမ်းတွေကိုလည်း ပြန်ကြည့်တယ်၊ အလုပ်လုပ်တာကလည်း အားလုံးအတွက် စံပြဖြစ်ပြီး တိကျမှန်ကန်တယ်ဆိုရင်တော့ ကိုယ်တတ်နိုင်သလောက် မကြာခဏချီးမွမ်းပေးပါ။ ကိုယ့်ရဲ့ချီးမွမ်းစကားကလည်း အကျိုးတစ်စုံတစ်ရာကိုမျှော်လင့်ထားတာမျိုးမဟုတ်ရင် သူဌေးကလည်း ကိုယ့်ရဲ့စိတ်ရင်းကို ကောင်းကောင်းနားလည်နိုင်ပါလိမ့်မယ်။

#HM

#LifestyleMyanmar

Source: magforwomen


#ချီးမွမ်း
#သူဌေး
#ဂုဏ်ယူဖွယ်
#အတိသယဝုတ္တိအလင်္ကာ
#အလုပ်

Some text some message..