
အချစ်မှာ မျက်စိမရှိဘူးဆိုပြီး အချစ်ကို ယုံကြည်နေကြသူတွေ ရှိပါတယ်။ အချစ်ကို ဘယ်လိုမှ ယုံကြည်မပေးနိုင်တဲ့သူတွေလည်း ရှိနေပြန်ပါသေးတယ်။ အချစ်ကို မယုံသူတွေကတော့ သူတို့မှာ အကြောင်းပြချက် ကိုယ်စီ ရှိနေတတ်ပါတယ်။ အချစ်ကို ယုံကြည်မှု မရှိတဲ့ သူအများစုရဲ့ အတွေးတွေကတော့..
(၁) အချစ်က မတည်မြဲဘူး
အချစ်ကို မယုံကြည်တဲ့သူ အများစုကတော့ လက်တွေ့သမားတွေ ဖြစ်ပါတယ်။ တစ်ယောက်ယောက်ကို ချစ်တယ် ပြောလိုက် ပြတ်သွားလိုက်၊ အိမ်ထောင်ရေးမှာ ဖောက်ပြန်တဲ့သူတွေကို တွေ့လိုက်နဲ့မို့ သူတို့တွေက အချစ်ကို မတည်မြဲတဲ့ အရာတစ်ခုကို မှတ်ယူထားပါတယ်။ လူတွေ ပြောတဲ့ ချစ်တယ်ဆိုတာ အကြာကြီး မကြာတတ်တာ များတယ်လို့ တွေးကြပါတယ်။

Photo by luizclas from Pexels
(၂) ယုံကြည်လို့ မရဘူး
အချစ်ဆိုတာ အလကားပါလို့ တွေးတတ်ကြတဲ့သူတို့တွေက အချစ်ကို မယုံကြည်ကြတာ ခိုင်မာတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်ပါတယ်။ သူငယ်ချင်း မိတ်ဆွေတွေ အသည်းကွဲနေတာကို မြင်ရတဲ့အခါတိုင်း၊ နာကျင်နေရတဲ့ အချစ်ရေးတွေကို တွေ့ရတိုင်း အချစ်ဆိုတာ မတည်မြဲတဲ့ ခံစားချက်တစ်ခုလို့ တွေးကြပါတယ်။ ဒါကြောင့် ချစ်တယ်လို့ ပြောတဲ့စကားတွေကို မယုံတတ်သလို ယုံရင်တောင် အနာဂတ်မှာ ချစ်နေလိမ့်မယ်လို့ မထင်ကြပါဘူး။

gorynvd/Freepik
(၃) အချစ်ဆိုတာ ထီထိုးရတာပဲ
ဘယ်လောက်ပဲချစ်ချစ် တစ်ချိန်မှာ နောက်ထပ်လူတစ်ယောက်ကို ချစ်သွားတတ်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်က ဘယ်လိုပဲ ယုံကြည်မှု ပေးပြီး ချစ်ချစ် အချစ်တွေ ရပ်သွားရင် ကိုယ် မတတ်နိုင်တော့တာမို့ အချစ်ကို ကြိုတွေးလို့ မရတဲ့အရာလို့ သဘောပေါက်ကြပါတယ်။ ဒါကြောင့် ထီထိုးတာထက် ပိုပြီး ကိုယ့်ကို နာကျင်စေနိုင်တဲ့ အရာက အချစ်ပါပဲလို့ တွေးကြပါတယ်။ ဘယ်တော့ ဘာဖြစ်မယ် မသိနိုင်လို့ အချစ်ဆိုတာကို မခံစားသလို လက်မခံတတ်ကြပါဘူး။

oundum101/Freepik
(၄) နာကျင်ရမှာ ကြောက်တယ်
အချစ်ကို မယုံကြသူတွေထဲမှာ ထာဝရ အချစ်ကို လိုချင်ကြသူတွေ ရှိပါတယ်။ မတည်မြဲတဲ့ အချစ်ရေးတွေကို ကြည့်ပြီး အချစ်ကို မယုံကြည်တဲ့သူတစ်ယောက် ဖြစ်ပေမယ့် အချစ်ကို လိုချင်မိတတ်ပါသေးတယ်။ ဒါပေမယ့်လည်း ကိုယ့်ဆီက တစ်နေ့ ပြန်ထွက်သွားတဲ့အခါ ကိုယ်က နာကျင်ပြီး ကျန်ခဲ့ရမှာကို ကြောက်တာမို့ အချစ်ကိုလည်း မယုံကြတာ ဖြစ်ပါတယ်။

wavebreakmedia/Freepik
(၅) လူဆိုတာ မယုံရဘူး
အချစ်ကို မယုံရတဲ့ အကြောင်းအရင်းတွေထဲမှာ လူတွေကို မယုံတာလည်း ပါဝင်ကြပါတယ်။ တစ်ချို့သူတွေက တကယ် မချစ်ဘဲ ခံစားချက်တွေကို အလိုလိုက် ရည်းစားထားပြီး အချစ်တွေ တကယ် ဖြစ်လာတဲ့အခါ အခြေအနေ ရှုပ်ထွေးတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် မချစ်ဘဲ လက်တွဲနေတာမျိုးတွေလည်း ရှိနေတတ်တာကြောင့် လူတွေကို ယုံဖို့ မလွယ်တာမို့ အချစ်ဆိုတဲ့ စကားကိုလည်း မယုံကြတော့တာ ဖြစ်ပါတယ်။
Kham