မူးလာတဲ့အချိန်မှာ ရည်းစားဟောင်းဆီဖုန်းမဆက်မိစေဖို့အတွက်နည်းလမ်းကောင်းများ
lifestylemyanmar.com
|
2020-09-16



မူးလာပြီဆိုတာနဲ့ ရည်းစားဟောင်းကို သတိရပြီးဆွေးလိုက်ရမှဆိုတဲ့လူတန်းစားတစ်ရပ်သပ်သပ်ရှိပါတယ်။ စစချင်းတော့ အဆွေးဓာတ်ခံလေးနဲ့ ငြိမ့်ငြိမ့်လေးပါပဲ။ ဒါပေမယ့် အဲ့ဒီအချိန်မှာ (၂) ခွက်လောက်ထပ်ပြီး ဝင်သွားတာနဲ့ ယဉ်ယဉ်လေးနဲ့သွေးဆိုးလာပြီး ရည်းစားဟောင်းဆီ ဖုန်းခေါ်တော့တာပဲ။ ရည်းစားဟောင်းတစ်ယောက်လောက်ပဲရှိတဲ့သူက ပြဿနာမရှိပေမယ့် (၂) ယောက်၊ (၃) ယောက်လောက်ထားဖူးတဲ့သူတွေကျ တစ်ယောက်ပြီးတစ်ယောက်ကို ဆက်တော့တာပါပဲ။ နောက်တစ်နေ့မနက်အမူးပြေသွားရင်တော့ ဒါတွေက မျက်နှာပူစရာတွေအဖြစ် ကျန်ခဲ့လေ့ရှိတာကြောင့် မူးလာတဲ့အချိန်မှာ ရည်းစားဟောင်းဆီ ဖုန်းမဆက်မိအောင် ဘယ်လိုမျိုးကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ရပါတယ်။




၁။ ရည်းစားဟောင်းရဲ့ဖုန်းနံပါတ်ကို ဖျက်ထားပါ။

ပြတ်သွားပြီဆိုတာနဲ့ ကိုယ်နဲ့သူက ဘာမှမဆိုင်တော့ပါဘူး။ သူနဲ့ပတ်သက်တဲ့အမှတ်တရတွေ၊ မက်ဆေ့ခ်ျတွေ၊ ဓာတ်ပုံတွေအပြင် ဖုန်းနံပါတ်တွေကိုပါ တစ်ခါတည်းဖျက်ပစ်ပါ။ အဲ့ဒီလိုမှမဟုတ်ဘဲ အမှတ်တရတွေကို ကိုယ့်ဖုန်းထဲချန်ထားမယ်ဆိုရင် မူးလာတဲ့အချိန်ကျ ထုတ်ကြည့်မိမယ်၊ အတိတ်ကိုသွားသတိရပြီး နောက်ဆုံးကျရင် ရည်းစားဟောင်းဆီ ဖုန်းဆက်တဲ့အဆင့်အထိ ပြန်ရောက်သွားလေ့ရှိပါတယ်။




၂။ အမူးသောက်မယ်လို့ စဉ်းစားထားတဲ့နေ့မှာ ဖုန်းကိုအိမ်မှာပဲထားခဲ့ပါ။

အပေါ်ကပြောသလိုမျိုး အမှတ်တရတွေကို ဖုန်းထဲကမဖျက်ပစ်နိုင်သေးရင်တော့ အမှန်အကန်သောက်မယ့်နေ့မှာ ဖုန်းကိုထားပစ်ခဲ့တာ အကောင်းဆုံးပါ။ အဲ့ဒီလိုမထားခဲ့ရင်တော့ ကိုယ်အမှန်အကန်ရေချိန်ကိုက်လာတဲ့အချိန်မှာ ရည်းစားဟောင်းဆီ သေချာပေါက်ဖုန်းခေါ်မိမှာဖြစ်ပြီး မပြောသင့်တဲ့စကားတွေပြောမိရင်းနဲ့ နောက်တစ်နေ့မနက်ကျ မျက်နှာပူနေရပါလိမ့်မယ်။




၃။ သူငယ်ချင်းဆီ ဖုန်းအပ်ထားပါ။

ဖုန်းလည်းပါလာတယ်၊ သူ့ဖုန်းနံပါတ်ကိုဖျက်ထားသည့်တိုင် အလွတ်လည်းရနေသေးတယ်ဆိုရင်တော့ ကိုယ်မမူးခင်မှာပဲ ကိုယ့်ရဲ့ဖုန်းကို သူငယ်ချင်းဆီ အပ်ထားပြီး သေချာထိန်းသိမ်းခိုင်းထားလိုက်ပါ။ ကိုယ်မူးလာလို့ ဘယ်လောက်ပဲတောင်းတောင်း၊ လုံးဝပြန်မပေးဖို့အထိ သေချာမှာထားပါ။ ဒါပေမယ့် ကိုယ့်ဖုန်းကိုအပ်ထားမယ့် သူငယ်ချင်းကလည်း ကိုယ့်အတွက် ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်ဖို့ လိုအပ်ပြီး ဆေးထိုးတတ်တဲ့သူငယ်ချင်းဆီ သွားအပ်ထားရင်တော့ ကိုယ်မမူးခင်မှာတင် သူက ကိုယ့်ရည်းစားဟောင်းဆီ ကိုယ့်ဖုန်းနဲ့ အရင်ဆက်သွယ်ပြီး ကိုယ့်ကိုချောက်ထဲအရောက်ပို့နေပါလိမ့်မယ်။




၄။ သူငယ်ချင်းနဲ့ ဖုန်းလဲသုံးပါ။

ကိုယ်က Digital နဲ့ ပတ်သက်တဲ့လုပ်ငန်းခွင်ထဲကဖြစ်နေတာကြောင့် ဖုန်းထားပြီး အပြင်သွားလို့အဆင်မပြေဘူးဆိုရင်တော့ ကိုယ့်ရဲ့သူငယ်ချင်းနဲ့ ဖုန်းလဲသုံးကြည့်ပါ။ အဲ့ဒါဆိုရင် ရည်းစားဟောင်းဆီ ဖုန်းဆက်မိဖို့လည်း တော်တော်လေးခက်ခဲနိုင်ပြီး အလုပ်အတွက် လိုအပ်တဲ့မေးလ်စစ်တာတွေ၊ မက်ဆေ့ခ်ျအကြောင်းပြန်တာတွေကိုလည်း လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်ပါတယ်။




၅။ အသုံးဝင်မယ့် အက်ပလီကေးရှင်းအချို့ကို ဒေါင်းလုတ်ခ်ဆွဲထားပါ။

ကိုယ်မူးလာတဲ့အချိန်မှာ အက်ပလီကေးရှင်းရဲ့ အကူအညီနဲ့ မဆက်သင့်တဲ့ဖုန်းတွေကို ဖုန်းထဲကနေ ခေတ္တခဏဖျောက်ဖျက်ပေးထားမှာဖြစ်ပြီး ကိုယ်အမူးပြေလောက်တဲ့အချိန်မှပဲ အဲ့ဒီဖုန်းနံပါတ်တွေက ကိုယ့်ဖုန်းထဲပြန်ပေါ်လာပါတယ်။ အက်ပလီကေးရှင်းရဲ့အကူအညီနဲ့ ဖျောက်ထားမယ့် ဖုန်းနံပါတ်တွေကိုတော့ ကိုယ်မမူးခင်တည်းက ထည့်သွင်းထားရမှာဖြစ်ပြီး အဲ့ဒီနည်းလမ်းကလည်း အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိနိုင်ပါတယ်။




၆။ ရည်းစားဟောင်းရဲ့ Contact ကို အခြားတစ်ခုခုနဲ့ အစားထိုးပါ။

ရည်းစားဟောင်းရဲ့ နာမည်ကို ကိုယ့်ဖုန်း Contact ထဲမှာ မှတ်ထားသည့်တိုင် သူ့နာမည်အောက်က ဖုန်းနံပါတ်ကို ကိုယ့်သူငယ်ချင်း ဒါမှမဟုတ် အဖေနဲ့အမေတို့ရဲ့ ဖုန်းနံပါတ်တွေနဲ့ အစားထိုးထားလိုက်ပါ။ အဲ့ဒါဆိုရင်တော့ ကိုယ်ကမူးပြီးဖုန်းဆက်မိသည့်တိုင် ကိုယ့်အတွက်နွေးထွေးမှုတွေပဲပေးနိုင်တဲ့သူတွေဆီကိုပဲ ရောက်သွားမှာဖြစ်ပြီး နောက်တစ်နေ့မှာတော့ ကိုယ့်ရဲ့လုပ်ရပ်က ရှက်ရကောင်းမှန်းသိပြီး နောက်တစ်ခါမူးရင် ရည်းစားဟောင်းဆီ ဖုန်းဆက်ဖြစ်တော့မှာမဟုတ်ပါဘူး။




၇။ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ အချိန်ပေးပါ။

ကိုယ်က သူတို့နဲ့အတူတူရှိနေတဲ့အချိန်မှာ ဖုန်းတကိုင်ကိုင်နဲ့ မက်ဆေ့ခ်ျပို့နေတာ၊ ဆိုရှယ်မီဒီယာတွေသုံးနေတာက သူတို့အပေါ်ကို လေးစားမှုမရှိရာကျပါတယ်။ အဲ့ဒါကြောင့် အပေါင်းအသင်းတွေနဲ့ စုံစုံလင်လင်တွေ့ပြီဆိုရင် ဖုန်းကိုလက်ထဲကလုံးဝချထားပြီး ပျော်စရာအကောင်းဆုံးအချိန်တွေကို ရယူပိုင်ဆိုင်လိုက်ပါ။




၈။ ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းပါ။

မူးလာတဲ့အချိန်မှာ ရည်းစားဟောင်းဆီ မက်ဆေ့ခ်ျပို့တာ၊ ဖုန်းခေါ်တာတွေက သေချာစဉ်းစားကြည့်ရင် အင်မတန်ရှက်ဖို့ကောင်းတဲ့အရာတွေပါ။ ကိုယ်ကကိုယ်ကျင်လည်ရာနယ်ပယ်တစ်ခုမှာ မားမားမတ်မတ်နဲ့ ရပ်တည်နေတဲ့သူဖြစ်ပေမယ့် မူးလာတဲ့အချိန်မှာ ဒီလိုမျိုးအပြုအမူတွေလုပ်တတ်တာက ကောင်းမွန်တဲ့အလေ့အကျင့်မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ဘယ်လောက်ပဲမူးလာပါစေ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်အောင်ကြိုးစားဖို့ အကြံပေးချင်ပါတယ်။

#HM

#LifestyleMyanmar

Source: bolde


#ရည်းစား
#ဖုန်း
#ဖုန်းနံပါတ်
#သူငယ်ချင်း
#အက်ပလီကေးရှင်း

Some text some message..