Ambivert တယောက်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ အပြုအမူများ
lifestylemyanmar.com
|
2020-09-18



စိတ်ပညာရှင်တွေပြောတဲ့ စိတ်စွမ်းအားကို အပြင်ကရတဲ့ (Extrovert)၊ စိတ်စွမ်းအားကို အတွင်းကရတဲ့ (Introvert) နဲ့ အတွင်းရောအပြင်ကပါ မျှတစွာရရှိ (Ambivert) ဆိုတဲ့ လူအမျိုးအစားသုံးမျိုးထဲက Ambivert တို့အကြောင်းကို ဖော်ပြပေးသွားပါ့မယ်။ Ambivert တို့ဟာ အလယ်အလတ်မျှတတဲ့စိတ်သဘောထားတွေရှိတတ်ကြပြီး အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ကောင်းမွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်ကြတဲ့သူတွေဘဲဖြစ်ပါတယ်။ မိမိကိုယ်ကို Ambivert ဟုတ်မဟုတ် သိရှိနိုင်တဲ့ အချက်အလက်လေးတွေကို ရှိပါတယ်။ အဲဒါတွေကတော့…..

နားထောင်တတ်သူ၊ လူမှုဆက်ဆံရေးကြေညက်သူ




Extroverts တွေဟာ စကားအရမ်းပြောတတ်ကြတဲ့သူတွေဖြစ်ပေမယ့် Ambivert တွေကတော့ နားထောင်တတ်ကြသူတွေပါတဲ့။ မလိုအပ်ဘဲ စကားပြောလေ့မရှိကြဘဲ ပြောပြီဆိုရင်လည်း တကယ့်ကိုချက်ကျလက်ကျပြောဆိုတတ်ကြတဲ့သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ လူတဘက်သားရဲ့ ခံစားချက်တွေကိုနားလည်တတ်ကြပြီး သူတို့ရဲ့ အခက်အခဲတွေ၊ စိုးရိမ်မှုတွေကို စာနာနားလည်စွာ နားထောင်ပေးတတ်ကြပါတယ်။

အခြေအနပေါ်မူတည်ပြီး ထိန်းချုပ်နိုင်စွမ်း




အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး လိုက်လျောညီထွေဖြစ်အောင်နေထိုင်နိုင်စွမ်းရှိတာဟာ ambiverts တို့ရဲ့ သဘာဝစွမ်းရည်ကောင်းတရပ်ဖြစ်ပါတယ်။ လူမှုရေးအရဖြစ်စေ၊ လုပ်ငန်းကိစ္စကြောင့်ဖြစ်စေ လူအများနဲ့ပြောဆိုဆက်ဆံရတာတွေကို ဝန်မလေးပေမယ့် အဲဒီလိုမျိုးတွေပြီးသွားရင်တော့ တယောက်ထဲတိတ်တဆိတ်တွေးတောနေရတာမျိုးကို ပိုပြီးသဘောကျတတ်ကြပါတယ်။ အဲဒီလို နေထိုင်ရတာဟာ သူတို့ကိုပိုပြီး အားကောင်းစေတယ်လို့လည်း ခံစားယုံကြည်ကြပါတယ်။

စာနာထောက်ထားတတ်တဲ့ စိတ်ဓါတ်




တကယ်လို့ သူငယ်ချင်းတယောက်ယောက်မှာ ပြဿနာတခုခုရှိနေရင် extrovert တယောက်ဟာ ချက်ခြင်းဖြေရှင်းနိုင်ဖို့အကြံပေးပေမယ့်၊ ambivert တယောက်ကတော့ အရင်ဆုံးနားထောင်တယ်။ ပြီးရင်တွေးတောကြံဆမှုပါတဲ့ မေးခွန်းတွေမေးတယ်။ ပြီးတော့မှ ကူညီဖြေရှင်းပေးပါတယ်။ ဒါဟာ extrovert နဲ့ ambivert တို့ရဲ့ကွာခြားချက်ဖြစ်ပြီး ambivert တို့ဟာ တွေးတောချိန်ဆပြီးမှ ပြဿနာတွေကို ဖြေရှင်းတတ်ကြတဲ့အတွက် အမှားအယွင်းပိုနည်းကြပါတယ်။

ကြားခံဆက်သွယ်ခြင်းစွမ်းရည်




Ambivert တယောက်ဟာ အဖွဲ့အစည်းတခုနဲ့တခုကြား (ဥပမာ- အလုပ်တူပေမယ့် ဌာနကွဲနေတဲ့သူတွေ) ကြားဝင်ချိတ်ဆက်ပေးနိုင်တဲ့စွမ်းဆောင်ရည်မျိုးမြင့်မားစွာရှိကြပါတယ်။ မရင်းနှီးတဲ့ လူတယောက်နဲ့ တယောက်အနေမခက်စေဖို့နဲ့ သက်တောင့်သက်သာဖြစ်စေဖို့၊ တိတ်ဆိတ်ငြိမ်သက်မှုကို လျော့ပါးစေဖို့နဲ့ ရင်းနှီးလာစေဖို့ကို လူမှုရေးအရ လိုအပ်တဲ့ချိန်ခွင်လျှာကို ချိန်ညှိပေးစွမ်းနိုင်ကြပါတယ်။

Ambivert တယောက်ရဲ့ အားသာချက်နဲ့ အားနည်းချက်များ




Ambivert တယောက်ဟာ Extrovert နဲ့ Introvert တို့ရဲ့ အလယ်မှာရှိတာကြောင့် နှစ်ခုစလုံးရဲ့ အားသာချက်တွေ၊ ထူးခြားတဲ့စွမ်းရည်တွေရရှိထားတယ်လို့ဆိုနိုင်ပါတယ်။ Ambivert တို့ဟာ ပြုလွယ်ပြောင်းလွယ်နိုင်တဲ့စရိုက်လက္ခဏာတွေပိုင်ဆိုင်ထားတာမို့ ဘယ်သူနဲ့မဆိုလိုက်လျောညီထွေစွာနေထိုင်ဆက်ဆံနိုင်ကြပါတယ်။ Ambivert တယောက်ဟာ ကိုယ်ရည်ကိုယ်သွေးအမျိုးအစားနှစ်ခုလုံးရဲ့ အပြုသဘောဆောင်တဲ့ရှုထောင့်တွေကို ကောင်းမွန်စွာအသုံးချနိုင်ဖို့ လေ့လာသင်ယူနိုင်ပါက သူတို့ရဲ့အရည်အချင်းတွေဟာ ပိုပြီးထက်မြက်နိုင်ပါတယ်။ Extroverts နဲ့ Introverts နှစ်မျိုးစလုံးဟာ ခေါင်းဆောင်ကောင်းတွေဖြစ်လာနိုင်ပေမယ့် Ambivert တယောက်လောက်တော့ အခြေအနေနဲ့အချိန်အခါကိုမူတည်ပြီး ဦးစီးဦးဆောင်နိုင်မှုစွမ်းရည်တွေမကောင်းမွန်နိုင်ပါဘူး။




ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အခြားသောသူတွေရဲ့ပြဿနာများ၊ အားနည်းချက်၊ အားသာချက်များကို နားထောင်တတ်ကြပြီး ကူညီဖြေရှင်းပေးဖို့စွမ်းရည်ကောင်းတွေကို သူများတွေထက်ပိုင်ဆိုင်ထားတဲ့အတွက်ဘဲဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိနိုင်ဖို့အတွက် စီမံခန့်ခွဲမှုနဲ့ပတ်သတ်လာရင်လည်း အန္တိမအားသာချက်တွေရှိကြပါတယ်။ Ambivert တွေရဲ့ အားနည်းချက်ကတော့ အမြဲလိုဘက်မျှအောင်နေထိုင်ရခြင်း၊ ချိန်ခွင်လျှာညှိရခြင်းစတာတွေကြောင့်မို့ သူများထက်ကို ပိုပင်ပန်းရတတ်ပါတယ်။ သူတို့ဟာကြားခံဆက်သွယ်ရေးလိုဖြစ်တတ်ကြတဲ့အတွက် ပိုပြီးအလုပ်များတတ်ကြသလို သူတို့ရဲ့အရေးနောက်ကွယ်မှာလည်း မကောင်းသတင်းလွှင့်ခံရတာမျိုးတွေရှိတတ်ကြပါတယ်။

#Lifestyle_Myanmar

#Dmo_aung

#Ref-healthline



Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#စွမ်းရည်
#အားသာချက်
#ချိန်ခွင်လျှာ
#အချိန်အခါ
#ကြားခံ

Some text some message..