လူတိုင်း ကိုယ်စီ ကြိုက်နှစ်သက်တဲ့ အရောင်ဆိုတာ ရှိကြမှာပါ။ ကိုယ်ကြိုက်တဲ့ အရောင်ကနေ တစ်ဆင့် ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်တယ်လို့ ဆိုကြပြီး ဒီအရောင်တွေရဲ့ နောက်ကွယ်မှာလည်း အဓိပ္ပာယ် ကိုယ်စီ ရှိတယ်လို့ ဆိုပါတယ်။ စိတ်ပညာရှင်တွေ ပြောတဲ့ အရောင်တွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကို မြန်မာ့ပလက်ဖောင်းကနေ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော်။
အဝါရောင်
အဝါရောင်ဟာ တီထွင်ဖန်တီးနိုင်စွမ်းကို ကိုယ်စားပြုတာပဲဖြစ်ပါတယ်။စိတ်ခံစားချက်များ၊တီထွင်ဖန်တီးနိုင်မှုစွမ်းများကို တိုးတက်စေကာ မိမိကိုယ်ကို ယုံကြည်မှုလည်း ရှိစေပါတယ်။ဒါ့အပြင် အဝါရောင် ဟာ ပျော်ရွှင်မှုလို့ လည်း အဓိပ္ပါယ်ရပါတယ်။
အပြာရောင်
အပြာရောင်ဟာ တည်ငြိမ်အေးချမ်းတဲ့ အသွင်ကို ရစေပြီး စိတ်ကို ငြိမ်စေပါတယ်။ဖက်ရှင်ကျွမ်းကျင်သူတွေကတော့ အလုပ်အင်တာဗျူးသွားဖြေမယ့် သူတွေကို အပြာရောင် အင်္ကျီ ဝတ်ဆင်ဖို့ အတွက် အကြံပြုထားကြပါတယ်။ပန်းရောင်
ပန်းရောင်
ပန်းရောင် ခပ်ရင့်ရင့် အရောင်များဟာ စိတ်လှုပ်ရှားမှုများနှင့် ပျော်ရွှင်ဖွယ်ကောင်းတာတွေကို ကိုယ်စားပြုပြီး ပန်းရောင် အနုကတော့ လန်းဆန်းမှုရဲ့ အဓိပ္ပါယ်လို့ ဆိုရပါမယ်။အနောက်တိုင်း နိုင်ငံများမှာတော့ ပန်းရောင်ကို သိမ်မွေ့နူးညံ့ခြင်း၊ရိုးသားခြင်းနှင့် အချစ်တို့ကို ကိုယ်စားပြုပါတယ်။
အစိမ်းရောင်
အစိမ်းရောင်ကတော့ အားလုံးသိကြတဲ့ အတိုင်း သဘာဝတရားကြီးကို ကိုယ်စားပြုပါတယ်။သစ်ပင်ပန်းမာန်များကို မြင်လိုက်ရလို့ လန်းဆန်းသွားသလိုမျိုး အစိမ်းရောင်ကလည်းလန်းဆန်းခြင်း အဓိပ္ပါယ်ကို ဆောင်ပါတယ်။
အဖြူရောင်
အဖြူရောင်ဟာ ပြီးပြည့်စုံတဲ့ အရောင်လို့ သတ်မှတ်ထားကြလေ့ရှိပါတယ်။စိတ်ကို အေးချမ်းစေတာကြောင့်တရားအားထုတ်သူတွေလည်း အများဆုံး ဝတ်ဆင်ကြလေ့ရှိပါတယ်။
အနီရောင်
စိတ်အားထက်သန်မှုကို ဖော်ပြတဲ့ အရောင်ဖြစ်ပြီး အနီရောင် ကြိုက်နှစ်သက်တဲ့ အမျိုးသမီးများကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိကြလေ့ရှိပါတယ်။
ခရမ်းရောင်
ခရမ်းရောင်ဟာ သစ္စာတရားကို ကိုယ်စားပြုတဲ့ အရောင်လို့ ဆိုကြပါတယ်။ဒါ့အပြင် ချမ်းသာကြွယ်ဝခြင်းနှင့် အထက်တန်း မြင့်တဲ့ လူနေမှုဘဝကို လည်း ဖော်ညွှန်းပါသေးတယ်။
လိမ္မော်ရောင်
လိမ္မော်ရောင်ဟာ စိတ်ဓာတ်ခိုင်မာပြတ်သားခြင်းနှင့် အမြဲတမ်း လန်းဆန်းတက်ကြွခြင်းတို့ရဲ့ အဓိပ္ပါယ်ဖြစ်ပြီး အဖွဲ့အစည်းတွေကို ကိုယ်စားပြုပါတယ်။
အညိုရောင်
တည်ငြိမ်တဲ့ အရောင်လို့ ဆိုရမှာဖြစ်ပြီး ဖက်ရှင်မှာဆိုရင်လည်း ရင့်ကျက်တဲ့ မမတွေအသွင်ကို ရစေနိုင်တဲ့ အရောင်လို့ ဆိုရမှာပါ၊
အမည်းရောင်
အမည်းရောင်ဟာ ကျက်သရေရှိတဲ့ အလှကို ပေါ်လွင်စေတဲ့ အရောင်လို့ ဆိုကြပါတယ်။လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်တဲ့အရောင်ဖြစ်ပြီး ဖက်ရှင် အကျဆုံး လည်း ဖြစ်ပါတယ်။