ဖိုးသားလေးက အိမ်မှာ သူငယ်ချင်းတွေနဲ့ Lego တုံးဆက်ဂိမ်းကို ကစားနေပါတယ်။ အဲ့ချိန်မှာ သူ့အမေက မလှမ်းမကမ်းကနေ ကလေးတွေကို စောင့်ကြည့်နေရပါတယ်။ အဲ့နောက်မှာတော့ မနှစ်သက်စရာ အဖြစ်အပျက်တစ်ခု ဖြစ်လာပါတယ်။ သူငယ်ချင်းရဲ့ Lego နဲ့ဆောက်တဲ့ အိမ်ပုံလေးက ဖိုးသားလေးထက် အရမ်းကြည့်ကောင်းနေတယ်။ သူ့ထက် ကောင်းနေတဲ့အတွက် ဖိုးသားလေးက မကြိုက်ဘူး။ အဲဒါ့ကြောင့် သူ့သူငယ်ချင်းကို စိတ်လိုက်မာန်ပါနဲ့ ရိုက်လိုက်ပါတယ်။ သူ့အမေ အရမ်းတုန်လှုပ်သွားတယ်။
သို့သော် ဒါက ကလေးငယ်တွေမှာ ထူးခြားတဲ့ အပြုအမှုတော့ မဟုတ်ပါဘူး။ ကလေးငယ်တွေ ဘာ့ကြောင့် လက်ပါလေ့ရှိတာလဲ၊ ဒီလိုမလုပ်မိအောင် ဘယ်လိုတားဆီးမလဲ၊ ဒီလိုအပြုအမှုနဲ့ ရင်ဆိုင်နေရစဉ် စိန်ခေါ်မှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို အကျဉ်းချုံးပြောပြပေးချင်ပါတယ်။
ဘာ့ကြောင့် ကလေးတွေ ရိုက်တတ်တာလဲ?
ဒီဖွံ့ဖြိုးမှုအဆင့်မှာ ကလေးငယ်တွေ လက်ပါတတ်တာက သဘာဝအရဖြစ်ပါတယ်။ မေမေတို့အနေနဲ့ စိတ်တိုစရာ ဖြစ်နိုင်သော်လည်း ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ မေမေတို့ ကလေးငယ်တွေ ဘာ့ကြောင့် လက်ပါရတဲ့ အကြောင်းရင်းကို နားလည်ဖို့ လိုပါတယ်။
၁။ ထုတ်ဖော်ပြသတဲ့နည်းလမ်းတစ်ခုဖြစ်လို့ပါ
ကလေးငယ်တွေဟာ သူတို့ရဲ့အတွေးတွေကို စကားလုံးတွေနဲ့ မပြောပြနိုင်သလို ပြောဆိုဖို့ စွမ်းရည်လည်း မရှိကြပါဘူး။ ဒါ့ကြောင့် သူတို့ဟာ စိတ်ခံစားမှုကြီးတွေကို ကိုင်တွယ်ဖို့ ရုန်းကန်နေရနိုင်ပါတယ်။ သူတို့ရဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းမရှိခြင်း၊ လှုံ့ဆော်မှုအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိသေးခြင်းတို့က စိတ်တိုလာရင် လက်ပါတတ်တဲ့အပြုအမှုကို ဦးတည်စေပါတယ်။
၂။ သိချင်စိတ်ကြောင့်ပါ
ကလေးငယ်တွေဟာ ဒီအသက်အရွယ်မှာ အရာရာကိုစပ်စုပြီး သင်ခန်းစာအများကြီး သင်ယူချင်ကြပါတယ်။ သူတို့ စမ်းသပ်ကြည့်ချင်တယ်။ ဒါကို မလုပ်နဲ့လို့ ပြောရင် လုပ်ကြည့်ချင်တယ်၊ ရိုက်လိုက်ခြင်းရဲ့ သက်ရောက်မှုတွေကို မြင်ချင်ကြတယ်၊ တစ်ယောက်ကို ရိုက်လိုက်ရင် ဘာ့ကြောင့်မှားလဲဆိုတာ သိချင်ကြပါတယ်။
၃။ အာရုံစိုက်မှု ရှာဖွေတာပါ
သူတို့ဟာ ဒီလိုအပြုအမှုကတဆင့် အာရုံစိုက်မှုကို ရှာဖွေဖို့ ကြိုးစားတာဖြစ်နိုင်ပါတယ်။
၄။ အတုခိုးတာ
ကလေးတွေဟာ အတုမြင် အတတ်သင်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ မောင်နှမတွေ (သို့) အခြားကလေးတွေက တစ်စုံတစ်ယောက်ကို ရိုက်နှက်တာ မြင်ဖူးရင် ဒီအမူအကျင့်ကို တုပတာဖြစ်ပါတယ်။
“ကလေးငယ်တွေကို လက်ပါခြင်းမှ တားဆီးဖို့ နည်းလမ်းများ”
ကလေးငယ်တွေဟာ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အမြဲရိုက်မှာ မဟုတ်ကြောင်း သတိရပါ။ သို့သော် ကလေးပဲဆိုပြီး သူတို့ရဲ့လက်ပါတတ်တဲ့ ဒီအမူအကျင့်ကို လျစ်လျူရှုထားလို့ မရနိုင်ပါဘူး။ ကလေးငယ်တွေ လက်ပါခြင်းကနေ ရပ်တန့်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။
၁။ နောက်ခံအကြောင်းရင်းနဲ့ လိုအပ်ချက်တွေကို ဆန်းစစ်ပါ
ကလေးတွေဟာ ဒီအသက်အရွယ်မှာ ဖွံ့ဖြိုးမှုဆိုင်ရာ လိုအပ်ချက်ရှိတာကြောင့် ကိုက်တာ၊ ရိုက်တာပြုလုပ်ကြပါတယ်။ အပြုအမှုက ဒေါသ၊ စိုးရိမ်ပူပန်မှု၊ အခြေအနေကို ထိန်းချုပ်ဖို့ (သို့) သူတို့ပိုင်ဆိုင်တာကို ကာကွယ်ဖို့ ကိုယ်စားပြုပါလိမ့်မယ်။ ကြီးပြင်းလာတာနှင့်အမျှ ကလေးတွေဟာ သူတို့ရဲ့ အခြေအနေကို တုံ့ပြန်ဖို့ လက်တွေ၊ ပါးစပ်တွေ သုံးလာကြပါတယ်။
သွားတွေပေါက်လာပြီး motor skill တွေ ဖွံ့ဖြိုးလာတာနှင့်အမျှ ကလေးငယ်တွေဟာ တုံ့ပြန်မှုတွေကို စစ်ဆေးဖို့ စမ်းသပ်လာကြပါတယ်။ ထိုအချိန်မှာ မိဘက ကလေးအား မှန်ကန်တဲ့အရာတွေကို သင်ပေးသင့်ပါတဘ်။ ငယ်ရွယ်တဲ့အချိန်မှာ မစစ်ဆေးပါက အရွယ်ရောက်လာတာနှင့်အမျှ ပိုရန်လိုလာနိုင်ပါတယ်။
ကလေးငယ်တွေ လက်ပါခြင်းနှင့် ကိုက်ခြင်းက ၁၈လမှ နှစ်နှစ်ခွဲကလေးတွေအကြား ဖြစ်လေ့ရှိပါတယ် (ကလေးတွေဟာ သူတို့ဘယ်လိုထုတ်ဖော်ပြရမယ်ဆိုတာကို မသိတာကြောင့်)။
၂။ အစပျိုးခြင်းကို သတိပြုပါ
သင့်ကလေးရဲ့ ရန်လိုတဲ့ အပြုအမှုကို နားလည်ဖို့ ရိုက်ခြင်းနှင့် ကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သတိပြုပါ။ (ဥပမာအားဖြင့် ဖိုးသားက ဟယ်ရီရဲ့ ကစားစရာက သူ့ထက်သာတယ်၊ ကောင်းတယ် ထင်ပါတယ်။ ဖိုးသားက သူငယ်ချင်းရဲ့ ကစားစရာတွေကို ယူပြီး ပြန်ပေးမှာ မဟုတ်ပါဘူး၊ ဒါ့ကြောင့် ဟယ်ရီက သူ့ကစားစရာတွေပြန်ယူဖို့ ဖိုးသားကို ရိုက်ပါတယ်။ မိဘတွေက ဖိုးသားအား သူ့ရဲ့အရုပ်တွေလည်း ကောင်းကြောင်း ပြောပြခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ဟယ်ရီကလည်း သူ့ပစ္စည်းတွေ မျှဝေဖို့ သင်ယူပါလိမ့်မယ်။ ဒါက နောက်ဒီလိုအခြေအနေတွေ ဖြစ်လာမှာခြင်းမှ ရှောင်ရှားဖို့ ကူညီနိုင်ပါတယ်။
၃။ ချက်ချင်း လုပ်ဆောင်ပါ
မေမေတို့ရဲ့ ကလေးက ကိုက်တာတို့၊ ရိုက်တာတို့ လုပ်လာရင် မလုပ်နဲ့လို့ ချက်ချင်းပြောပါ ။ မအော်ပါနဲ့။ သူတို့ကို မျက်လုံးနဲ့ စိုက်ကြည့်ပြီးဦ မရိုက်ရဘူး၊ နာကျင်အောင် မလုပ်ရဘူးလို့ ပြောပါ။ ပြီးရင် တစ်နေရာရာသို့ ခေါ်သွားပါ။ သူငြိမ်သွားအောင် ကူညီပါ။
၄။ ကလေးကို အာရုံပြောင်းပေးပါ
ပြဿနာဖြစ်နေတဲ့ အရာ (ဥပမာ- အရုပ်) ကိုဖယ်ရှားပါ ။ (သို့) သူတို့စိတ်ဝင်စားမယ့် အရာတစ်ခုခုနဲ့ အာရုံပြောင်းပါ။
၅။ စာနာပါ
အစောပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ကလေးငယ်တွေဟာ မလိုအပ်ဘဲ မရိုက်ပါဘူး။ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပေးပြီး အတည်ပြုပေးရပါမယ်။ သူတို့စိတ်တိုရတဲ့ အကြောင်းရင်းတွေကို ဖော်ပြပြီး သူတို့နားလည်အောင် ၊ သေချာအောင် လုပ်ပေးပါ။
၆။ ပြောပြပါ၊ ရှင်းပြပါ
ကလေးတွေက ဥပမာနဲ့ ရှင်းပြရင် ပိုနားလည်နိုင်ပါတယ်။ ဥပမာ “သားရဲ့ကစားစရာတွေကို ဖြိုချလိုက်ရင် ဘာဖြစ်သွားမလဲ” ” သားမကြိုက်ဘူးမှတ်လား၊ သားမကြိုက်သလို သူလည်း ကြိုက်မှာမဟုတ်ဘူး” ဆိုတာရှင်းပြပါ။ သူတစ်ပါးကို ဘာ့ကြောင့် မထိသင့်ကြောင်း သူသိသွားပါလိမ့်မယ်။ နောက်ဆုံးမှာ သူ့ရဲ့ လူမှုရေးစွမ်းရည်တွေ တိုးတတ်လာပါလိမ့်မယ်။
၇။ ကလေးကို စောင့်ကြည့်ပါ
တကယ်လို့ ကိုယ့်ကလေးက တခြားသူတွေကို ရိုက်တတ်တဲ့ ပုံစံမျိုးရှရင် သူ့အနားကနေပြီး ကာကွယ်ဖို့ စောင့်ကြည့်ပါ။ တနေကုန်စောင့်ကြည့်ရတာက ပင်ပန်းတဲ့ အလုပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အပြုအမှုကို ထိန်းချုပ်ဖို့နဲ့ ဒီအဆင့်ကို ကျော်လွန်စေဖို့ ကူညီပါလိမ့်မယ်။
၈။ ကောင်းမွန်တဲ့ အပြုအမှုအတွက် ဆုချပါ
သူမရိုက်တော့ဘူး။ ကောင်းတဲ့အပြုအမှုတွေ လုပ်လာတယ်ဆိုရင် ဆုချပါ။ ဥပမာ သုံးနှစ်ကျော်ကလေးတွေအတွက် ကြယ်ပွင့်ဇယားလေး လုပ်ပေးထားနိုင်ပါတယ်။ သူငယ်ချင်းတွေကို မရိုက်ဘဲ၊ မကိုက်ဘဲ နေ့တိုင်းကစားတဲ့အခါ ဇယားပေါ်မှာ ကြယ်တစ်လုံး ဆွဲပေးပါ။ ဇယားမှာ ကြယ်ငါးပွင့်ရရင် သူကြိုက်တဲ့မုန့်ဝယ်ကျွေးတာမျိုး ပြုလုပ်ပါ။
၉။ မရောထွေးပါနဲ
ကလေးကို ကိုယ်ကတော့ ရိုက်တယ်၊ ပြီးတော့ တခြားကလေးတွေကို မရိုက်ရဘူးလို့ ပြောတဲ့အခါ မလုပ်သင့်တဲ့အရာတွေကို လုပ်ခြင်းဖြင့် ကလေးကို စိတ်ရှုပ်ထွေးသွားစေနိုင်ပါတယ်။ ကိုယ်မလိုက်နာနိုင်တဲ့အရာကို ကလေးလိုက်နာမယ်လို့ မျှော်လင့်လို့မရပါဘူး။
၁၀။ တသမတ်တည်းရှိပါစေ
စဉ်းမျဉ်းတစ်ခုကို ပြဌာန်းထားတဲ့အခါ တသမတ်တည်းရှိနေရပါမယ်။ သူတို့လက်ပါတဲ့အခါ သူတို့ကို ဆုံးမပါ။
၁၁။ အခြားနည်းနဲ့ ဖော်ပြခြင်း
ရိုက်နှက်ခြင်းက အချို့သော ကလေးတွေအတွက် ပိုလွယ်တဲ့နည်းလမ်းဖြစ်ပုံရပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ စိတ်ခံစားမှုကို ဖော်ပြဖို့ အခြားရွေးချယ်စရာနည်းလမ်းတွေကို သင်ကြားပေးခြင်းက မေမေတို့ရဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဥပမာ-
စကားလုံးတွေနဲ့ ဖော်ပြခိုင်းတာ
နောက်ဆုတ်ခိုင်းတာ
အကူအညီတောင်းခံခိုင်းတာ
၁၂။ screen ကြည့်ချိန်ကို လျော့ခိုင်းတာ
တီဗွီပေါ်မှာ အကြမ်းဖက်မှုတွေ မြင်နေရရင် ကလေးဟာ ပိုပြီး ရန်လိုလာနိုင်ပါတယ်။ ဒါ့ကြောင့် screen ကြည့်ချိန်ကို ကန့်သတ်ပေးရပါမယ်။
၁၃။ နူးညံ့သိမ်မွေ့တဲ့ ဂိမ်းတွေနဲ့ မိတ်ဆက်ပေးပါ
ကလေးငယ်က ကစားစရာတွေကို ပစ်ထုတ်တာမျိုး၊ ပစ္စည်းတွေ ချိုးပစ်တာမျိုးတို့ တစ်စုံတစ်ယောက်ကို ကန်တာမျိုးစတဲ့ ဖျက်လိုဖျက်စီးအပြုအမှုတွေ လုပ်လေ့ရှိရင် စိုးရိမ်ပူပန်တဲ့၊ ဒေါသထွက်တဲ့ လက္ခဏာဖြစ်ပါတယ်။ နူးညံ့သိမ်မွေ့တဲ့ ကစားနည်းတွေနဲ့ မိတ်ဆက်ပေးပါ။
Chit_MayMay
LM_Nandar
Source-momjunction
Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။