
လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုပေမယ့် တစ်ချို့မိန်းကလေးတွေကတော့ ငြင်းစရာ အချက် မရှိလောက်အောင် တော်ကြပါတယ်။ ဒီလိုမျိုး မိန်းကလေးတွေကို ချစ်သူကောင်လေးတွေက ချစ်ပြီး ချစ်၊ ကြိုက်ပြီးရင်း ကြိုက်နေတတ်ကြပါတယ်။ အချစ်ဆိုတာ ခံစားချက် တစ်ခုဆိုပေမယ့် ကိုယ့်မှာ ရှိတဲ့ အကျင့်နဲ့ အရည်အချင်းတွေကလည်း အချစ်မှာ တစိတ်တပိုင်း ပါနေပါသေးတယ်။ ကောင်လေးတွေ လက်မလွှတ်နိုင်အောင် မြတ်နိုးတန်ဖိုးထားတဲ့ သူတို့ရဲ့ ချစ်သူမိန်းကလေးတွေမှာတော့ ဒီအချက်တွေ ရှိနေတတ်ပါတယ်။
(၁) နားလည်ပေးနိုင်တယ်
ကောင်လေးတွေရဲ့ အလိုချင်ဆုံးချစ်သူက ကိုယ့်ကို နားလည်ပေးနိုင်တဲ့ ချစ်သူမျိုး ဖြစ်ပါတယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ အချိန်ပေးရတာကို နားလည်ပေးတာ၊ အလုပ်ချိန်မှာ အလုပ်လုပ်နေတာကို နားလည်ပေးတာနဲ့ ကိုယ်ပိုင်အချိန်ယူတာကို နားလည်ပေးတာမျိုးတွေကို ကောင်လေးတွေက သိပ်ကို သဘောကျတတ်ကြပါတယ်။ ကိုယ်ချစ်မိတဲ့သူက ကိုယ့်ကို ဒါတွေသာ နားလည်ပေးရင် ကောင်လေးတွေက ပိုပြီး အချစ်ပိုလာတတ်ပါတယ်။

Photo by cottonbro from Pexels
(၂) ကိုယ့်ကို ပံ့ပိုးနိုင်တယ်
ကောင်လေးတွေက ဘာမှမသိတဲ့ မိန်းကလေးတွေကို သိပ်မနှစ်သက်ကြပါဘူး။ သူတို့က တိုင်ပင်လို့ ရတဲ့ သူငယ်ချင်းတစ်ယောက်လို ချစ်သူမျိုးကို ပိုပြီး နှစ်သက်တတ်ကြပါတယ်။ ကိုယ့်ရဲ့ အရင်းနှီးဆုံး ချစ်ရတဲ့သူနဲ့ တိုင်ပင်ဆွေးနွေးလို့ ရပြီး ကိုယ့်ကို အကြံကောင်း အဉာဏ်ကောင်း ပေးနိုင်တာမျိုး လုပ်နိုင်တဲ့ မိန်းကလေးကိုဆိုရင် သူတို့က မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ ကိုယ့်ကို ဝန်ပေါ့စေသူလို့ တွေးပြီး တန်ဖိုးထားကြပါတယ်။

Photo by Thống Bụi from Pexels
(၃) ကိုယ့်ကို အားပိုရှိစေတဲ့သူ ဖြစ်နေတယ်
ဘဝမှာ စိတ်ညစ်ရတဲ့ အချိန်တွေ၊ အားငယ်ရတဲ့ အချိန်တွေ၊ ပင်ပန်းတယ်လို့ ခံစားရတဲ့ အချိန်တွေနဲ့ ကိုယ့်ကိုယ်ကို အသုံးမကျ ဖြစ်နေသလားဆိုပြီး စိတ်ဖိစီးနေရတဲ့ အချိန်တွေ ကောင်လေးတွေမှာ ရှိနေပါတယ်။ ဒီလို အချိန်တိုင်းမှာ ကိုယ့်ကို ဆရာလုပ်တာမျိုး၊ ပြစ်တင်တာမျိုး၊ ဆုံးမတာမျိုး မဟုတ်ဘဲ ကိုယ့်ကို ငြိမ်ငြိမ်လေး ကြည့်နေသင့်တဲ့အခါ ကြည့်ပြီး အချိန်ပေးတတ်တဲ့ ကောင်မလေးမျိုးနဲ့ သူငယ်ချင်း တစ်ယောက်လို အဆင်ပြေသွားမှာ ဆိုပြီး အားပေးတတ်တဲ့ ကောင်မလေးမျိုးကို သူတို့က တကယ်ပဲ နားလည်စွာ မြတ်နိုးမိတတ်ကြပါတယ်။

dewey gallery/pexels
(၄) ချစ်ဖို့ကောင်းတယ်
ကိုယ် ချစ်မိတဲ့သူဆိုတာ ကိုယ့်မျက်လုံးထဲမှာ ချစ်ဖို့ ကောင်းပါတယ်။ ဒါပေမယ့်လည်း အမြဲ စုတ်ပြတ်သတ်နေတာမျိုးက ကောင်လေးတွေအတွက်တော့ စိတ်ညစ်စရာပါ။ ကောင်လေးတွေက သူတို့သာ စုတ်ပြတ်အောင် နေရင်နေမယ်။ ကိုယ့်ချစ်သူကိုတော့ အိမ်နေရင်း အဝတ်နဲ့တောင် ကြည့်ကောင်းစေချင်တာမျိုးပါ။ ဒါကြောင့် ရုပ်ဆိုးတာ၊ ရုပ်ချောတာမျိုး မဟုတ်ဘဲ သပ်သပ်ရပ်ရပ် နေတတ်တဲ့ ချစ်သူကို ကောင်လေးတွေက အထင်ကြီး အချစ်ပိုမိတတ်ကြပါသေးတယ်။

Photo by Khoa Võ from Pexels
(၅) ကိုယ့်အတွက် တွေးပေးတတ်တယ်
ကောင်လေးတွေ အများစုကတော့ ကောင်မလေးတွေအတွက် တတ်နိုင်သလောက် ဂရုစိုက်ပေးတတ်ကြပါတယ်။ ကောင်မလေးတွေကလည်း ကိုယ့်ချစ်သူကို ဂရုစိုက်ပေးတတ်ကြတာ များပါတယ်။ ကောင်လေးတွေက ကိုယ့်ချစ်သူက အသေးစိတ်က ဂရုစိုက်ပေးတာကို သဘောကျတတ်ပါတယ်။ ဒီလို ကိုယ့်အပေါ် တွေးပေးပြီး သိတတ်တဲ့ ကောင်မလေးတွေကိုတော့ ကောင်လေးတွေက လက်လွှတ်ဖို့တောင် မစဉ်းစားတတ်ကြပါဘူး။
Kham