သင့်ရဲ့ ခန္ဓာကိုယ်က အရမ်းခြေကုန်လက်ပန်းကျပြီး ပင်ပန်းနေပြီဆိုတာ သိနိုင်တဲ့ အချက်များ
auntymay.com
|
2020-09-29

တစ်ခါတစ်လေမှာ ကိုယ် အရမ်းပင်ပန်းနေပေမယ့် ကိုယ့်ကိုယ်ကို ဂရုမစိုက် သတိမထားမိတဲ့ အခြေအနေဆိုတာ ရှိတတ်ပါတယ်။ အရမ်းကို ပင်ပန်းနေပေမယ့် ကိုယ့်ကိုယ်ကိုယ် အနားမပေးပဲ အလုပ်တွေဖိလုပ်နေတဲ့အခါ ခန္ဓာကိုယ်ကနေပြီး ဒီလို လက္ခဏာရပ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ လိုအပ်နေပြီ၊ အရမ်းကို ခြေကုန်လက်ပန်းကျနေပြီဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

အိပ်ချိန်များများ လိုအပ်နေတယ်

shutterstock/Teerawit Chankowet

လေ့ကျင့်ခန်းတွေ လုပ်ဖြစ်လို့၊ ညဘက်မှာ ဇာတ်ကားတွေကြည့်နေလို့၊ ဖုန်းသုံးနေမိလို့ အိပ်ရာဝင်နောက်ကျတာလည်း မဟုတ်ပေမယ့် အိပ်ရေးမဝခြင်းကို ဖြစ်နေတာဟာ ခန္ဓာကိုယ်က အရမ်းကို ပင်ပန်းနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ မနက်ဖက်မှာ အိပ်ရာက မထနိုင်လောက်အောင် မျက်ခွံတွေ လေးလံနေတာမျိုး၊ အိပ်ရေးဝဝအိပ်ခဲ့ပေမယ့် အလုပ်မှာ အိပ်ချင်နေမိတာမျိုး၊ ပင်ပန်းတယ်လို့ ခံစားနေရာတာတွေက အနားယူဖို့ လိုအပ်နေပြီဆိုတာ ဖော်ပြလို့ နေပါတယ်။

နှုတ်ခမ်းခြောက်တာ

shutterstock/ Mr.Cheangchai Noojuntuk

နှုတ်ခမ်းခြောက်ခြင်းက ဆောင်းတွင်းမှာ ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ရာသီဥတုကြောင့် မဟုတ်ပဲ အလိုလို နှုတ်ခမ်းတွေခြောက်နေမယ်၊ မကြာခဏ ခေါင်းကိုက်နေမယ်ဆိုရင် ဒါဟာ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ ခန္ဓာကိုယ်က အလွယ်တကူပဲ ပင်ပန်းမှုကို ခံစားရတတ်ပါတယ်။ နောက်ပြီး အရမ်းပင်ပန်းလာတဲ့အခါ ရေဓာတ်ဆုံးရှုံးတဲ့အတွက် နှုတ်ခမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေတာပါ။

စိတ်ဖိစီးမှု

shutterstock/ G-Stock Studio

အလုပ်ကရတဲ့ ဖိအားတွေနဲ့ ပြသနာတစ်ချို့ကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ ဘာအကြောင်းနဲ့မှ မဟုတ်ပဲ အလွယ်တကူ စိတ်ဖိစီးမှုတွေကို ခံစားနေရပြီဆိုရင်တော့ ဒါဟာ သင့်ရဲ့ ခန္ဓာကိုယ်မှာ အားအင်တွေ နည်းပါးနေပြီဖြစ်ပြီး ခန္ဓာကိုယ်က ခြေကုန်လက်ပန်းကျနေပြီဆိုတာကို သတိပေးနေတာပါ။ ဒီလိုအခြေအနေမှာ ကိုယ့်ကိုယ်ကို အနားယူဖို့ လိုအပ်ပါတယ်။

ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကျဆင်းနေပြီ

shutterstock/ AnemStyle

ခေါင်းသုံးရတဲ့ အလုပ်တွေမှာ ဘာမှ စဉ်းစားလို့ မရတော့တာ၊ အာရုံစိုက်လို့ မရတာ၊ ဇဝေဇဝါဖြစ်လာတာတွေက ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကျဆင်းလာတဲ့ အတွက်ကြောင့်ပါ။ ခန္ဓာကိုယ်က ပင်ပန်းလာတဲ့အခါ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေဟာလည်း လျော့ကျလာတတ်ပါတယ်။ ဒီလိုအချိန်မှာ အေးအေးဆေးဆေး အနားယူပြီး အားအင်သစ်တွေ ပြန်ဖြည့်ပေးသင့်ပါတယ်။

Khin


#ခန္ဓာကိုယ်
#နှုတ်ခမ်း
#စိတ်ဖိစီးမှု
#အားအင်
#ဦးနှောက်

Some text some message..