မေမေတို့ သမီးလေးက မေမေတို့ အမြဲတမ်းပိုင်ဆိုင်နေရမယ့် အကြီးမားဆုံး လက်ဆောင်ဖြစ်ရတဲ့ အကြောင်းရင်း (၆)ခု
chitmaymay.com
|
2020-10-02



ကျွန်မသမီးလေးက ကျွန်မပိုင်ဆိုင်ခဲ့သမျှ အရာတွေထဲက အကောင်းဆုံးအရာတစ်ခုပါ။ သူမကို ကျွန်မလက်ပေါ်မှာ ထွေးပွေ့ခဲ့ရတဲ့ ပထမဆုံးအချိန်ကို သတိရမိပါတယ်။ သူမရဲ့နွေးထွေးတဲ့အပြုံး၊ စူးရှနေတဲ့ မျက်ဝန်းနက်နက်လေးတွေ၊ အပြစ်ကင်းစင်တဲ့ အပြုံးလေးနဲ့ သူမရဲ့ဆံပင်နဲ့ အသားအရေပေါ်က နူးညံ့တဲ့မွှေးရနံလေးကို ယခုထိ အမှတ်ရတုန်းပါပဲ။ သူမရဲ့ ချစ်စရာကောင်းတဲ့မျက်နှာက တစ်ချက်ကြည့်ရုံနဲ့ ကျွန်မလိုအပ်တဲ့ ခွန်အားနဲ့ ရဲစွမ်းသတ္တိတွေ ပေးခဲ့ပါတယ်။ သမီးကို ပြုစုပျိုးထောင်ခြင်းက အနိမ့်၊ အမြင့်ရှိပေမယ့်လည်း သမီးလေးဟာ ကျွန်မအမြဲပိုင်ဆိုင်နေရမယ့် အကြီးမားဆုံးသော လက်ဆောင်ဖြစ်ပါတယ်။

၁။ သူမက ကျွန်မအတွက်တော့ ချစ်စရာကောင်းတဲ့ မိန်းကလေး ဖြစ်ပါလိမ့်မယ်

ကျွန်မသမီးက ဘယ်အခန်းမှာမဆို အလှဆုံးမိန်းကလေးတစ်ယောက် အမြဲတမ်းဖြစ်ပါလိမ့်မယ်။ သေချာတာပေါ့ … မိခင်တစ်ယောက်ရဲ့အမြင်က ဘက်လိုက်တာ ဖြစ်ချင်ဖြစ်ပေမယ့် သူမကို ရင်ထဲ၊ နှလုံးသားထဲက ချစ်တာကိုး။ သူမရဲ့ ချိုမြိန်တဲ့အပြုံးနဲ့ စွန့်စားတဲ့ စိတ်ဓါတ်က ကျွန်မကို “ဘယ်တော့မှ အရှုံးမပေးနဲ့ ၊ ကိုယ့်ကိုယ်ကို အကောင်းဆုံးဗားရှင်းဖြစ်ဖို့” သတိပေးနေသလိုပါပဲ။




၂။ သူမက ကျွန်မရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်ပါတယ်

ကျွန်မတို့ဟာ ချမ်းအေးတဲ့ ဒီဇင်ဘာလဆိုရင် စောင်ထူထူကြီးအောက်မှာ ဖက်ထားရတာ၊ သူမကြိုက်တဲ့ ဒစ်စနေးရုပ်ရှင်ကို ကြည့်ရတာ၊ သူမကိုဆင်မြန်းပေးဖို့ အဝတ်အစားတွေ ဝယ်ပေးရတာ၊ တစ်ခါတစ်ရံ မုန့်အတူတူမျှစားရတာကို နှစ်သက်ပါတယ်။ ကျွန်မတို့ ရင်ဖွင့်တယ်၊ စကားပြောကြတယ်၊ အတူတူရယ်မောကြတယ်။




ညဘက်နောက်ကျတဲ့အထိ ပါတီသွားခွင့်မပြုတဲ့အတွက်(သို့) သူမချိန်းတွေ့တဲ့ ကောင်လေးနဲ့ပတ်သတ်ပြီး မေးခွန်းများစွာ မေးတဲ့အတွက် ကျွန်မကို မကျေနပ်တာတွေရှိမယ်ဆိုတာ ကျွန်မသိပါတယ်။ သို့သော် မှီငိုစရာပခုံးတစ်ဖက် လိုအပ်တဲ့အခါ၊ သူမမျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ အားထားစရာ မေမေရှိနေတယ်ဆိုတာ သူမသိပါစေလိမ့်မယ်။




၃။ သူမက ကျွန်မကို ဂရုစိုက်ပါတယ်

ကျွန်မအအေးမိလို့ ၊ တုပ်ကွေးဖြစ်လို့ အိပ်ရာထဲ လဲနေတဲ့အခါ ကျွန်မသမီးက ကျွန်မအိပ်ရာဆီကို အစားအစာယူလာပေး၊ ဆေးတိုက်ပေးမယ့်သူဖြစ်ပါတယ်။ နာရီအနည်းငယ်တိုင်းမှာ ကျွန်မကို စစ်ဆေးတယ်။ ကျွန်မကို အလုံအလောက် အနားယူစေပါတယ်။ မွေးနေ့နှင့် မိခင်များနေ့တွေမှာဆိုရင် ကျွန်မကို လက်ဆောင်တွေနဲ့ စပရိုက်လုပ်တတ်ပြီး ကျွန်မကို အထူးခံစားစေပါတယ်။




၄။ သူမရဲ့အပြုံးက ကျွန်မရဲ့နေ့တွေကို တောက်ပစေပါတယ်

ဘဝကြီးက ဘယ်လောက်ပဲ အခက်အခဲတွေ ပေးနေပါစေ၊ ကျွန်မသမီးရဲ့ကူးစက်တဲ့အပြုံးအကြည့်တစ်ချက်က အဆုံးမှာ ဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပေးပါတယ်။ သူက ကျွန်မကို ပြန်ရပ်တည်နိုင်ဖို့ ခွန်အားတွေပေးပြီး လောကကြီးမှာ ကောင်းတာတွေ ရှိပါသေးလားလို့ ယုံကြည်စေပါတယ်။




၅။ ကျွန်မတို့ ဝေမျှတဲ့ နှောင်ကြိုး

ဒီနှောင်ကြိုးက စပယ်ရှယ် ထူးခြားပြီး မကျိုးပဲ့ မကွဲအက်နိုင်ပါဘူး။ သမီးလေးဟာ သူမရဲ့မေမေက အကောင်းဆုံးလို့ ယုံကြည်ထားတဲ့ မိန်းကလေးငယ်လေးဆိုတာ ကျွန်မသိပါတယ်။ သူမဆယ်ကျော်သက်အရွယ်မှာ ကျွန်မတို့ အငြင်းပွားတာတွေ၊ ရန်ပွဲတွေ ကျိန်းသေရှိပါလိမ့်မယ်။ ကျွန်မလုပ်တဲ့ ရွေးချယ်မှုတွေအတွက် ကျွန်မကို ခဏတာ မကျေမနပ်ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဝေမျှထားတဲ့ သံယောဇဉ်နှောင်ကြိုးက အဖိုးထိုက်တန်တယ်၊ အရင်ကထက် ပိုမိုအားကောင်းလာလိမ့်မယ်ဆိုတာ ကျွန်မသိပါတယ်။




၆။ သူမက ကျွန်မသမီးပါပဲ

သူမက ကျွန်မတို့နှစ်ယောက်စလုံးအတွက် အကောင်းဆုံးဖြစ်ပါတယ်။ သူမမှာ ကျွန်မကို ကျဆင်းသွားစေခဲ့တဲ့ သူမဖခင်ရဲ့ စရိုက်အတော်များများရှိပြီး တစ်ခါတစ်ရံ ရင်ဆိုင်ဖို့ မဖြစ်နိင်စေတဲ့ သူမမိခင်ရဲ့ ဒေါသတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် သူမက ကြင်နာတတ်တယ်၊ စာနာရိုင်းပင်းတတ်တယ်၊ ချစ်တတ်တယ်၊ ဒါ့ကြောင့် ကျွန်မသမီးကို ကျွန်မဂုဏ်ယူပါတယ်။




ကျွန်မရဲ့ ချစ်လှစွာသော သမီးလေးက ကျွန်မဘဝကို ပျော်ရွင်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ ယူဆောင်ပေးပါတယ်။ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်စေပြီး ကျွန်မကို ချစ်ခြင်း၊ ကြင်နာမှုနှင့် ခွင့်လွှတ်ခြင်းကို သင်ပေးပါတယ်။ ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာအတွက် အမြဲတမ်းကျေးဇူးတင်ပါတယ်။ သမီးကို မွေးဖွားခဲ့ပေမယ့် သမီးက ကျွန်မကို ဘဝသစ်တစ်ခု ပေးခဲ့ပါတယ်။ သူမရှိဘဲ ကျွန်မဘဝကို စိတ်ကူးကြည့်လို့တောင် မရနိုင်ပါဘူး။

Chit_MayMay
LM_Nandar


Source-momjunction



Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#နှောင်ကြိုး
#သမီး
#သမီးလေး
#ခွန်အား
#ချစ်ခြင်း

Some text some message..