သူငယ်ချင်းအရင်းကြီးမို့လို့၊ ဘယ်လောက်တောင် ခင်မင်နေလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ပိုက်ဆံချေးလိုက်ပြီးမှ အကြွေးပြန်တောင်းလို့မရ၊ ပိုက်ဆံလည်းဆုံး၊ စိတ်လည်းပင်ပန်းရဆိုတာတွေကို ပိုက်ဆံချေးဖူးတဲ့သူတိုင်းသိမှာပါ။ ဒီလိုမျိုး ပိုက်ဆံတန်ဖိုးနဲ့ ခင်မင်မှုဘော်ဒါအကန့်တွေကို ဖျက်စီးခံရတာများလာတာနဲ့အမျှ နောက်ပိုင်းကျ ပိုက်ဆံချေးဖို့ အင်မတန်ကြောက်လာတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် တချို့က ပိုက်ဆံချေးခံရရင် ဘယ်လိုငြင်းလို့ငြင်းရမှန်းမသိ၊ အားလည်းနာနဲ့ ဖြစ်နေတဲ့သူတွေရှိပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုပိုက်ဆံလာချေးတဲ့အခါမှာ ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ အထာကျကျငြင်းဆန်နိုင်မလဲဆိုတာမပြောခင် ပိုက်ဆံချေးဖို့အတွက် ဘယ်လိုအချက်တွေကို အရင်ဆုံးစဉ်းစားရမလဲဆိုတာ အကြံပေးချင်ပါတယ်။
၁။ ကိုယ်ချေးလိုက်တဲ့ပိုက်ဆံကို သတ်မှတ်ရက်အတိုင်း ပြန်မရဘူးဆိုရင် ကိုယ်ပါအခက်အခဲဖြစ်နိုင်မလား။
၂။ ကိုယ့်ကို ပိုက်ဆံလာချေးတဲ့သူက အမှန်တကယ်ငွေလိုအပ်နေလို့လား ဒါမှမဟုတ် အခြားအကြောင်းအရာတစ်ခုခုကြောင့်လား။
၃။ သူက ကိုယ့်ဆီကပိုက်ဆံချေးပြီးသွားရင် သူ့အတွက် အမှန်တကယ်လိုအပ်တာမျိုးမဟုတ်ဘဲ အပျော်အပါးကိစ္စတွေနဲ့ ဖြုန်းတီးပစ်မယ့်လူမျိုးလား၊ ပြန်ပေးနိုင်တဲ့လူမျိုးလား၊ အရင်က တခြားသူတွေဆီက ပိုက်ဆံချေးပြီး ပြန်မပေးဘဲလျှော်ဖူးတဲ့ရာဇဝင်တွေရှိလားဆိုတဲ့အချက်တွေကို အရင်ဆုံးစဉ်းစားချင့်ချိန်ပါ။ ဒါတွေကိုစဉ်းစားပြီးလို့မှ ပိုက်ဆံမချေးချင်ဘူးဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းတွေနဲ့ လှလှပပ ငြင်းဆန်နိုင်ပါတယ်။
၁။ ရိုးရိုးလေးငြင်းလိုက်ပါ။
ကိုယ်ကဘာကြောင့် ပိုက်ဆံမချေးနိုင်ဘူးဆိုတာကို အကျယ်တဝင့်မရှင်းပြဘဲ မချေးနိုင်ဘူးလို့သာ ငြင်းလိုက်ပါ။ တကယ်လို့များကိုယ်က ပိုက်ဆံမချေးနိုင်တဲ့အကြောင်းရင်းကို အကျယ်တဝင့်ရှင်းပြနေရင် တစ်ဖက်ကလည်း ကိုယ့်ရဲ့စကားလုံးတွေအပေါ်လိုက်ပြီး မချေးချေးအောင် ထပ်ပြီး တိုက်တွန်းမှာပါ။ ဥပမာ သူငယ်ချင်းတစ်ယောက်က ကိုယ့်ဆီ ပိုက်ဆံလာချေးတယ်ဆိုပါစို့။ ကိုယ်က တခြားတစ်နေရာမှာ ဒီပိုက်ဆံကို ရင်းနှီးမြှုပ်နှံထားတယ်လို့ ပြောလိုက်ရင် ကိုယ့်ဆီမှာ ပိုက်ဆံရှိနိုင်မယ့်အချိန်ကို စောင့်ပြီး နောက်တစ်ခါ လာချေးနိုင်ပါတယ်။ အဲ့ဒါကြောင့် အများကြီးတွေ မရှင်းပြဘဲ မချေးနိုင်ဘူးလို့သာ ပြတ်ပြတ်သားသားပြောလိုက်ပါ။
၂။ ပြောတဲ့စကားလုံးက ပြတ်သားနေပါစေ၊ ဒါပေမယ့် ယဉ်ယဉ်ကျေးကျေးဖြစ်ဖို့ မမေ့ပါနဲ့။
ကိုယ်က ပိုက်ဆံမချေးနိုင်ဘူးဆိုတဲ့စကားပြောတဲ့နေရာမှာ အထက်စီးကပြောနေရလို့ ကိုယ့်အတွက် ဘာအကျိုးအမြတ်မှမရနိုင်ပါဘူး။ သူတို့က ပိုက်ဆံအတင်းချေးတယ်ဆိုရင် ဒေါသမထွက်မိအောင် ကြိုးစားပြီး သတိထားပြောဆိုပါ။ ပြီးရင် သူ့ဘက်က ငွေလိုအပ်နေတယ်ဆိုတာကို နားလည်ကြောင်း၊ ဒါပေမယ့် အခုကိုယ့်ဆီမှာလည်း ဒီလိုမျိုး ကူညီနိုင်တဲ့အနေအထားမျိုး မဟုတ်ကြောင်း ရှင်းပြပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ပိုက်ဆံချေးစရာလည်းမလို၊ အခင်အမင်လည်းပျက်စရာအကြောင်းမရှိတော့ပါဘူး။ ဒါကိုမှ တစ်ဖက်က ကိုယ့်ကိုစိတ်ဆိုးစိတ်ကွက်တယ်ဆိုရင်တော့ ဒီလိုအပေါင်းအသင်းမျိုးကို ထာဝရအတွက်ပါ တာ့တာပြလိုက်ပါ။
၃။ တခြားနည်းလမ်းနဲ့ အကူအညီပေးနိုင်ဖို့ ကြိုးစားကြည့်ပါ။
တချို့ကျ တကယ်တမ်းငွေလိုတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က ချေးလို့ရတဲ့အနေအထားမျိုးမရှိဘူး ဒါမှမဟုတ် ချေးချင်စိတ်မရှိဘူးဆိုရင် သူ့ကိုကူညီနိုင်ဖို့ တခြားနည်းလမ်းကောင်းတွေ ရှိကောင်းရှိနိုင်ပါတယ်။ သူတို့ရဲ့ငွေကြေးသုံးစွဲပုံနည်းစနစ်တွေကို ကူညီအကြံပေးတာမျိုး၊ အလုပ်မရှိတဲ့သူတစ်ယောက်အတွက်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ စုံစမ်းပေးတာမျိုး၊ CV ကူပြင်ပေးတာမျိုးတွေ ပြုလုပ်ပေးလိုက်ပါ။ ဒါပေမယ့် ကားဂိတ်တွေမှာ အိမ်ပြန်စရာကားခမရှိလို့ အကြွေလာတောင်းတဲ့သူကိုတော့ နီးစပ်ရာဘတ်စ်ကားနဲ့တင်ပေးလိုက်တာမျိုး၊ တက္ကစီနဲ့တင်ပေးလိုက်တာမျိုးတွေတော့ မလုပ်ပါနဲ့နော်။
၄။ စိတ်ပိုင်းဆိုင်ရာအရ အသာစီးအယူမခံပါနဲ့။
ကိုယ်က ပိုက်ဆံမချေးဘူးပြောလိုက်ရင် တစ်ဖက်က ကိုယ့်သူငယ်ချင်းက “မင်း ဒီလောက်အလုပ်တွေ အဆင်ပြေနေတာ၊ နည်းနည်းလေးတောင် မချေးပေးနိုင်ဘူးလားကွာ” “မင်းကလည်း ဘော်ဒါအချင်းချင်းကို ပြန်ပေးမှာပါ၊ ငါ့ကို မခင်တာလား” “ငါတကယ်ဒုက္ခရောက်နေလို့ပါ၊ ကူညီစမ်းပါကွာ။” “သူများတွေပြောတော့ မင်းကတော်တော်အဆင်ပြေနေတယ်ဆိုလို့ မင်းဆီ အားကိုးတကြီးနဲ့ ဆက်သွယ်လိုက်တာ၊ အခုတော့ မင်းလည်းမဟန်ပါ့လား” ဆိုတဲ့စကားတွေ ကြားရနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ်က စိတ်ပျော့သွားတာမျိုး ဒါမှမဟုတ် မခံချင်စိတ်ဖြစ်ပေါ်လာတာမျိုးတွေကြောင့် ပိုက်ဆံထုတ်ချေးလိုက်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာကလည်း စိတ်ပိုင်းဆိုင်ရာအရ အသာစီးအယူခံလိုက်ရလို့ပါ။
အဲ့ဒါကြောင့် ပိုက်ဆံနဲ့ပတ်သက်ပြီး ကိုယ်တိုင်မချေးမငှားချင်ဘူးဆိုရင် လုံးဝစိတ်ပျော့သွားလို့မရပါဘူး။ ဒါက ဒီတစ်နေရာတည်းမဟုတ်ပါဘူး။ အခြားသောလုပ်ငန်းလုပ်ကိုင်တဲ့နေရာတွေမှာလည်း ပိုက်ဆံနဲ့ပတ်သက်လို့ စိတ်ပျော့တဲ့သူတွေပဲ အများဆုံးဒုက္ခရောက်လေ့ရှိတာကြောင့် အထူးသတိထားရမယ့်ကိစ္စတစ်ရပ်ပါ။
၅။ သံတမန်တစ်ယောက်အတိုင်းကျင့်သုံးပါ။
နိုင်ငံပေါင်းစုံနဲ့ ရင်းနှီးဆက်ဆံနေရတဲ့ သံတမန်တွေဆိုရင် အခြားနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဒါတွေတော့ ဖြစ်နိုင်တယ်၊ ဒီအကူအညီကတော့ မဖြစ်နိုင်ဘူးဆိုတာတွေကို ဆရာကျကျ ပြောဆိုနိုင်ရပါတယ်။ တစ်ခါတလေ ကိုယ်နဲ့အင်မတန်ရင်းနှီးတဲ့မိတ်ဆွေ၊ ဆွေမျိုး ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်က ပိုက်ဆံချေးလာတဲ့အချိန်မျိုးတွေမှာ ကိုယ်ကလည်း အမှန်တကယ်ချေးပေးနိုင်တဲ့အနေအထားမဟုတ်၊ မချေးမငှားချင်ဖြစ်နေနိုင်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ကိုယ့်ရဲ့အခက်အခဲတွေကို သံတမန်နည်းကျကျနဲ့ ပြောဆိုရှင်းပြနိုင်အောင် ကြိုးစားပြီး ပိုက်ဆံချေးရမယ့်ဘေးကနေ ကင်းဝေးနိုင်ဖို့ အကြံပေးလိုက်ရပါတယ်။
#HM
#LifestyleMyanmar
Source: wellnessbeam