
သီတင်းကျွတ်/ တန်ဆောင်တိုင်ဆိုတာ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ပွဲတော် ဖြစ်ပြီး လူကြီးမိဘတွေကို ကန်တော့တဲ့ အချိန် ဖြစ်ပါတယ်။ ဘာသာရေးအရ မဟုတ်ရင်တောင် လူကြီးမိဘတွေကို ကန်တော့တာမျိုးက မိသားစုအတွင်း အလေးထားမှုကို ပြတဲ့အနေနဲ့ ပြုလုပ်သင့်တဲ့ အရာတစ်ခုပါ။ ဘာပဲဖြစ်ဖြစ် လူကြီးမိဘတွေကို ကန်တော့တဲ့အခါမျိုးမှာ သူတို့အတွက် အဓိက ထားပြီး ကန်တော့တာက အမှတ်တရ ဖြစ်စေပါတယ်။ ဒါကြောင့် လူကြီးမိဘတွေနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ ကန်တော့စရာ ပစ္စည်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ အားဖြည့်အစားအစာတွေ
အသက်အရွယ် ကြီးပြင်းလာပြီဖြစ်တဲ့ လူကြီးတွေအတွက်တော့ အားဖြည့်ပေးမယ့် အစားအသောက်တွေက သိပ်ကို အရေးကြီးပါတယ်။ လူကြီးတွေအနေနဲ့ အားဖြည့်အစားအစာတွေက အရေးပါတာမို့ ကန်တော့ဖို့ အကောင်းဆုံး အရာ ဖြစ်ပါတယ်။ လူကြီးတွေက ဒီလို ခေတ်မီတဲ့ အားဖြည့်အရာတွေနဲ့ မရင်းနှီးဘူးဆိုရင်တောင် ကိုယ့်ရဲ့ ဂရုစိုက်မှုကို သူတို့ မြင်ပြီး ဝမ်းသာစေပါတယ်။

Shutterstock/Raihana Asral
၂။ မုန့်တွေ
လူငယ်တွေကတော့ မုန့်ပဲသရေစာတွေကို အစားအများဆုံး သူတွေ ဖြစ်ပြီး လူလတ်ပိုင်းအရွယ်တွေကတော့ မုန့်ပဲသရေစာ အစားနည်းပါတယ်။ ဒါပေမယ့် လူကြီး အရွယ်ရောက်တဲ့အခါမှာတော့ တစ်ခုခုကို စားချင်စိတ်တွေ ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့် အဘိုးအဘွားတွေမှာဆိုရင် မုန့်ထည့်ထားတဲ့ ဘူးလေးတွေ၊ ပုလင်းလေးတွေ ရှိလာတာ ဖြစ်ပါတယ်။ သူတို့ ကြိုက်တတ်တဲ့ ကွတ်ကီးနဲ့ မုန့်တွေကို သီတင်းကျွတ်မှာ ကန်တော့တဲ့အခါမှာလည်း သူတို့အတွက် အသုံးဝင်သွားတတ်ပါသေးတယ်။

azerbaijan_stockers/Freepik
၃။ ဆေးဝါးတွေ
လူငယ်တွေက ဆေးဝါးတွေ သိပ်မလိုတတ်ပေမယ့် လူကြီးအရွယ်ရောက်တဲ့အခါ ရောဂါနဲ့ဆိုင်တဲ့ ဆေးတွေအပြင် သက်ဆိုင်ရာ အားဆေးတွေလည်း ပုံမှန်သောက်နေရတတ်ပါသေးတယ်။ ဒါကြောင့် သူတို့ သောက်တဲ့ ဆေးတွေကို တစ်လစာ၊ နှစ်လစာ ဝယ်ပေးပြီး ကန်တော့တာကလည်း သူတို့ကို ချစ်ခင် ဂရုစိုက်ပေးတဲ့သူတွေ ရှိနေပါလားဆိုတဲ့ စိတ်နဲ့ ဝမ်းသာပီတိ ဖြစ်စေပါတယ်။

xb100/Freepik
၄။ အဝတ်အထည်
အသက်ကြီးပိုင်းရောက်သွားတဲ့အခါ အိမ်ထဲမှာပဲ အချိန်ကုန်တာ များပြီး အပြင်ထွက်တဲ့ အချိန်တွေ အလွန့်အလွန်ကို နည်းပါးသွားပါတယ်။ ဒါကြောင့် အဝတ်သစ်လည်း မဝယ်ဖြစ်ဘဲ ရှိပြီးသားကိုပဲ ထပ်တလဲလဲ ဝတ်တတ်ကြပါတယ်။ အသုံးမလိုတဲ့ သူအတွက် ကိုယ့်သားသမီးတွေ အကုန်အကျ ဖြစ်မှာစိုးတာကြောင့်ရော အဝတ်ကိစ္စကို ထုတ်ပြောလေ့ မရှိကြပါဘူး။ တကယ်တော့ အသက်ကြီးလာလည်း အင်္ကျီအသစ်တွေက ခွန်အား ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် လူကြီးတွေကို သူတို့ လိုအပ်တဲ့ တစ်ချို့အင်္ကျီနဲ့ အနွေးထည် အသစ်တွေကို ဝယ်ပြီး ဝမ်းသာအောင် ပြုလုပ်ပေးလို့ ရပါတယ်။

xb100/Freepik
၅။ ငွေကြေး
ငွေမရှာနိုင်တော့တဲ့ အရွယ်က ကိုယ့်ကိုယ်ကို မသုံးမဝင်တော့သလို ခံစားရစေတဲ့ အရွယ် တစ်ခုလည်း ဖြစ်ပါတယ်။ သူများကို ဝန်ထုတ်ဝန်ပိုးပေးမိမှာစိုးသလို ငွေကြေးကိုလည်း သုံးချင်တဲ့နေရာတွေမှာ မသုံးနိုင်အောင် ဖြစ်နေတတ်ကြပါတယ်။ စားချင်တဲ့ မုန့်ကလေးတွေ၊ လိုချင်တဲ့ အရာသေးသေးတွေနဲ့ အလှူအတန်းအတွက် သုံးချင်တာမျိုးက လူကြီးတွေမှာ ရှိနေတတ်တာမို့ ပိုက်ဆံ ကန်တော့တာကလည်း သူတို့ကို အလေးထားတဲ့သဘော ဖြစ်ပါတယ်။
Kham