Gary D. Chapman က “The 5 Love Languages: The Secret to Love that Lasts ” ဆိုတဲ့ သူ့စာအုပ်မှာ အချစ်ဘာသာစကားငါးမျိုးအကြောင်းကို ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်က အရောင်းရဆုံးစာအုပ် ဖြစ်လာခဲ့ပါတယ်။ စာအုပ်ရဲ့ အဓိကအကြောင်းရင်းက အချစ်ဘာသာစကား ၅ခုဟာ အချစ်ရေး ကျေနပ်ရောင့်ရဲမှုကို ဦးတည်စေတယ်ဆိုတဲ့ အချက်ဖြစ်နိုင်ပါတယ်။ သင်နဲ့ သင့်လက်တွဲဖော်ဟာ ဘယ်အချစ်ဘာသာစကားနဲ့ သင့်တော်တယ်ဆိုတာကို နားလည်တာနဲ့တစ်ပြိုင်တည်း healthy relationship အတွက် အခြေခံကို တည်ဆောက်နိုင်ပါလိမ့်မယ်။
ဒီဆောင်းပါးလေးမှာတော့ ချပ်မန်းပြောတဲ့ အချစ်ဘာသာစကား ငါးမျိုးအကြောင်းကို အကျဉ်းချုပ်ဖော်ပြပေးထားပါတယ်။
အချစ်ဘာသာစကား ၅မျိုးဆိုတာ ဘာလဲ?
love languagesမှာ စုံတွဲတွေဟာ သူတို့ရဲ့အချစ်ကို ပျိုးထောင်ပုံ၊ ဖော်ပြပုံနှင့် တစ်ယောက်ကို တစ်ယောက် ကုစားပေးပုံ တူညီကြတယ်လို့ ချပ်မန်းက သူ့စာအုပ်မှာ ပြောထားပါတယ်။ အချစ်ဘာသာစကားတွေက ‘relationship တစ်ခုမှာ လူနှစ်ယောက်သည် အချစ်ကို ဘယ်လိုတွေ့ကြုံခံစားရတယ်’ ဆိုတာနဲ့ အနီးကပ် ဆက်စပ်နေပါတယ်။ လူတွေမှာ ကိုယ်ရည်ကိုယ်သွေးတွေ၊ ကြိုက်နှစ်သက်မှုတွေ၊ မနှစ်သက်မှုတွေ ကွဲပြားတာကြောင့် သူတို့ရဲ့ ချစ်ခြင်းမေတ္တာဘာသာစကားတွေလည်း ကွဲပြားပါတယ်။ ဥပမာအားဖြင့် တချို့လူတွေက သူတို့အချစ်ကို လက်ဆောင်တွေက တဆင့်ဖော်ပြဖို့ ယုံကြည်ကြပြီး တစ်ချို့တွေကတော့ အရေးပါဆုံး အချစ်ဘာသာစကားအဖြစ် အယုအယ အပွေ့အဖက်ဖြင့် ပြသခြင်းကို ယုံကြည်ကြပါတယ်။
အချစ်ဘာသာစကား ၅မျိုးကဘာလဲ?
၁။ စကားလုံးတွေနဲ့ အတည်ပြုခြင်း
အချို့လူတွေက သူတို့ရဲ့ပါတနာတွေ သိပြီးသားဖြစ်တာကြောင့် အချစ်ကို စကားလုံးတွေနဲ့ ဖော်ပြဖို့ မလိုဘူးလို့ ယူဆကြပါတယ်။ တခြားအရာတွေလိုပဲ အချစ်ကို စကားလုံးတွေနဲ့ ဖော်ပြဖို့ လိုအပ်ပါတယ်။ သင့်ချစ်သူကို ဘယ်လိုချစ်ကြောင်း ၊ သူတို့ကို ဂရုစိုက်ပြီး ချစ်မြတ်နိုးကြောင်း မှန်မှန်ပြောပေးဖို့ လိုအပ်ပါတယ်။
၂။ ဝန်ဆောင်မှု လုပ်ရပ်တွေ
လုပ်ရပ်တွေက စကားလုံးတွေထက် ပိုထိရောက်ပါတယ်။ relationship ကို ပိုခိုင်မာစေဖို့ သင်လုပ်ဖို့ လိုတယ်ဆိုရင် မတွန့်ဆုတ်ပါနဲ့။ ရိုးရှင်းတဲ့ ဝန်ဆောင်မှု လုပ်ရပ်တွေက သင်ပြောသမျှထက်ပိုပြီး အဓိပ္ပာယ်ရှိပါလိမ့်မယ်။ ဒီရိုးရှင်းတဲ့ လုပ်ရပ်တွေက သင့်လက်တွဲဖော်ကို ချစ်မြတ်နိုးမှု ခံစားရစေပါတယ်။
သူကြိုက်နှစ်သက်တာလေးတွေ ချက်ကျွေးပါ။
-သင်တို့ဟာ တစ်အိမ်တည်းနေကြတဲ့အတွက် အိမ်ရှုပ်ပွမှုမှာ တစ်ယောက် တစ်ဝက်စီ တာဝန်ရှိတာကြောင့် အိမ်သန့်ရှင်းရေးမှာ ကူညီပေးပါ။
လက်တွဲဖော်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချဖို့ ဗီဒိုကို သန့်ရှင်းရေးလုပ်တာမျိုး၊ အဝတ်လျှော်ပေးတာမျိုးဖြင့် ကူညီပေးပါ။
ဈေးဆိုင်မှာ ဈေးဝယ်တာ၊ ဘေဆောင်တာ အခြားအိမ်မှုကိစ္စတွေလုပ်ပေးတာမျိုးဖြင့် သင့်အိမ်ထောင်ဖက်ကို ကူညီပါ။
သင့်လက်တွဲဖော် အနားယူနိုင်အောင် ကျောင်းကနေ ကလေးသွားကြိုပေးတာမျိုး၊ အချိန်ပေးတာမျိုး ပြုလုပ်ပါ။
၃။ လက်ဆောင် ပေးခြင်း
အချို့လူတွေက ကိုယ့်လက်တွဲဖော်ဆီကနေ လက်ဆောင်တွေ ရချင်ကြပါတယ်။ သင့်လက်တွဲဖော်က အဲ့လို လူတစ်ယောက်ဖြစ်မယ်ဆိုရင် သူတို့အတွက် လက်ဆောင်ဝယ်ပေးတာမျိုး ၊ အထူးနေ့လေးဖန်တီးပေးတာမျိုးကို ကြိုးစားပေးရပါမယ်။ လက်ဆောင်တွေက ဈေးကြီးတာထက် အဓိပ္ပာယ်ရှိပြီး အတွေးပါစေတဲ့ လက်ဆောင်မျိုး ( သူတို့အမှန်တကယ် လိုအပ်နေတဲ့လက်ဆောင်) ဖြစ်ဖို့ လိုကြောင်း သတိရပါ။ သင့်ချစ်သူအတွက် လေ့ကျင့်ခန်းလုပ်ဖို့ ဖိနပ်တစ်ရံဝယ်ရင်တောင် ထိုရည်ရွယ်ချက်က ဖိနပ်ရဲ့ ဈေးနှုန်းထက် ပိုတန်ဖိုးကြီးပါတယ်။ ဥပမာ သူကြိုက်တဲ့ရေခဲမုန့်လိုဟာမျိုးကို တကူးတက ဝယ်ကျွေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
surprise birthday party စီစဉ်ပါ
သင်အဝေးမှာရှိရင်တောင်မှ သင့်လက်တွဲဖော်ကို ချစ်မြတ်နိုးဖို့ လက်ဆောင်တွေ အိမ်သို့ ပို့ပေးပါ။
သင့်လက်တွဲဖော်အတွက် ဘယ်လောက်ထူးခြားကြောင်း သဘောပေါက်စေဖို့ သီးသန့်ထူးခြားတဲ့ လက်ဆောင်တွေကို ရွေးချယ်ပါ။
တကယ်လို့ အဝတ်အစား၊ ဖိနပ်နှင့် အခြားဆက်စပ်ပစ္စည်းတွေ ဝယ်ပေးမယ်ဆိုရင် လက်တွဲဖော်ရဲ့ အရွယ်အစားကို သိဖို့ ကြိုးစားပါ။
၄။ Quality time
ဟုတ်ပါတယ်။ တစ်ချို့လူတွေက လက်တွဲဖော်ရဲ့ အချိန်နဲ့ အာရုံစိုက်မှုကို အခြားအရာအားလုံးထက် ပိုလိုချင်ပါတယ်။ သင့်လက်တွဲဖော်ရဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကားက အချိန်ပေးဖို့ ဖြစ်ရင် နေ့စဉ် အနည်းဆုံးတစ်နာရီလောက် သူတို့ကို သီးသန့်ဂရုစိုက်ပေးပါ။ အိမ်ထောင်ဖက်နဲ့ စကားပြောချိန်မှာ တီဗွီကြည့်နေတာမျိုး၊ ချက်ပြုတ်နေတာမျိုးမလုပ်ပါနဲ့။ သူတို့နဲ့ စကားပြောပါ။ အတူတူ တီဗွီကြည့်ပါ။ ဂိမ်းတစ်ခုခု ကစားတာ (သို့) အတူတူ အချိန်ဖြုန်းနိုင်မယ့် နည်းလမ်းရှာတာမျိုးလုပ်ပါ။
လက်တွဲဖော်နဲ့ စကားပြောဖို့ နာရီပေါင်းများစွာ မလိုအပ်ပါဘူး။ အချိန်တစ်နာရီဆိုရင်တောင် သူတို့ကို ချစ်မြတ်နိုးခြင်းနှင့် တန်ဖိုးထားခြင်းကို ခံစားရစေပါတယ်။
၅။ အထိအတွေ့ ရှိစေခြင်း
ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်းက များသောအားဖြင့် အရေးပါဆုံး အချစ်ဘာသာစကားဖြစ်ပါတယ်။ ဒါက တစ်ယောက်နဲ့တစ်ယောက်ကြား ပိုပြီးဆက်သွယ်မှုရရှိစေတယ်လို့ ခံစားရနိုင်တဲ့ နည်းတစ်မျိုးပါပဲ။ သူတို့ကို ပွေ့ဖက်ပေးတာ၊ အနမ်းပေးတာ၊ သိုင်းဖက်ပေးတာမျိုးဖြင့် သူတို့ကို အထူးခံစားစေပါ။ ဒီအကြံပြုချက်တွေကို စမ်းကြည့်နိုင်ပါတယ်။
သင့်လက်တွဲဖော်က ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို ကြိုက်ပါက နံနက်ခင်းတိုင်းမှာ ပွေ့ဖက်ပေးပါ။ အဲဒါက သူတို့ကို ချစ်တယ်လို့ ခံစားရစေပါလိမ့်မယ်။
အလုပ်သွားခါနီးမှာ အနမ်းပေးပါ။
သူတို့နဲ့ စကားစမြည်ပြောတဲ့အခါ နွေးထွေးမှုခံစားရစေဖို့ လက်တွေကို ကိုင်ပေးထားပါ။
သင့်လက်တွဲဖော်က ချစ်မြတ်နိုးမှု ခံစားရစေဖို့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု လိုအပ်ပါက လူအများရှေ့မှာ ချစ်ခင်မှုပြသဖို့ မရှက်ရွံ့ပါနဲ့။
စာရေးသူရဲ့အဆိုအရ စကားလုံးတွေနဲ့ အတည်ပြုတာတွေ၊ ဝန်ဆောင်မှု လုပ်ရပ်လေးတွေ၊ လက်ဆောင်ပေးတာတွေ ၊ကောင်းမွန်တဲ့အချိန်ဖန်တီးပေးတာတွေနှင့် အထိအတွေ့ပေးခြင်းတွေဟာ အချစ်ဘာသာစကား ငါးမျိုးဖြစ်ပါတယ်။ ဒီအရာတွေကို သိပြီးရင် ကိုယ့်လက်တွဲဖော်က ဘယ်ဘာသာစကားနဲ့ သင့်တော်တယ်ဆိုတာကို အသံတိတ်လေ့လာပါ။ ကျန်းမာသော relationship တွေမှာဆိုရင် ဒီချဉ်းကပ်မှု ငါးခုလုံး ပါဝင်တတ်ပါတယ်။ ဒီအချစ်ဘာသာစကားငါးမျိုးက သင်တို့ရဲ့ relationship ကို စည်းလုံးပြီး ကြာရှည်ခိုင်မာစေဖို့ ကူညီပေးပါလိမ့်မယ်။
Lifestyle_Myanmar
LM_Nandar
Source-momjunction