မိန်းကလေးတို့ရေ….။ မိန်းကလေးဖြစ်နေလို့ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရဆိုပြီး ချုပ်နှောင်ခံနေရလို့၊ အကန့်အသတ်တွေများနေလို့ဆိုပြီး စိတ်မညစ်ပါနဲ့တော့နော်။ အရာရာတိုင်းမှာက သူ့ကောင်းကွက်နဲ့သူရှိတာကြောင့် မိန်းကလေးတစ်ယောက်ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်နော်။
၁။ လူတိုင်းကို မယုံကြည်ရဘူးဆိုတဲ့အသိကို ပိုင်ဆိုင်ထားတယ်။
ဥပမာတစ်ခုပေးရရင် မိန်းကလေးတစ်ယောက်က ကိုယ့်ကိုချစ်ခွင့်ပန်လာတဲ့ ယောက်ျားတိုင်းကို အယုံလွယ်လို့မရပါဘူး။ ဒီအချက်က အခြားသောကိစ္စအရပ်ရပ်တွေအတွက်လည်း အသုံးဝင်နေပြီး အလုပ်မှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကို အလုံးစုံမယုံကြည်ရဘူးဆိုတဲ့ အသိစိတ်ကိုပါ ပိုင်ဆိုင်စေပါတယ်။ ပြင်ပလောကဘဝမှာ အယုံလွယ်တဲ့သူတော်တော်များများကို ကြည့်လိုက်မယ်ဆိုရင် ယောက်ျားလေးအချိုးက မိန်းကလေးအချိုးထက် ပိုမိုများပြားနေပြီး အချစ်ရေး၊ လူမှုရေး၊ ပိုက်ဆံကိစ္စတွေအားလုံးကို ခြုံကြည့်လိုက်ရင် ယောက်ျားလေးတွေက မိန်းကလေးတွေထက် ပိုပြီးအလိမ်ခံရလေ့ရှိပါတယ်။
၂။ စိတ်ခံစားချက်ကို စိတ်တိုင်းကျဖွင့်ပြနိုင်တယ်။
ယောက်ျားလေးတွေကတော့ ဘယ်ကြိုက်ပါ့မလဲနော်။ ဒါပေမယ့် မိန်းကလေးတွေက သူတို့ရဲ့ခံစားချက်ကို စိတ်တိုင်းကျဖွင့်ထုတ်နိုင်တာက မိန်းကလေးဖြစ်ရခြင်းရဲ့ အားသာချက်ပါပဲ။ အားလုံးလက်ခံထားတဲ့ ခေတ်စနစ်ကြောင့်လို့ဆိုရမလားပေါ့။ ယောက်ျားလေးဆိုရင် မျက်ရည်မကျရဘူး၊ လူလည်ကောင်မှာ မငိုရဘူးတို့ ရှိပေမယ့် မိန်းကလေးတွေကတော့ အေးဆေးပါပဲ။ မိန်းကလေးတွေကတော့ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဘယ်နေရာမှာမဆို လွတ်လွတ်လပ်လပ်ထုတ်ပြနိုင်၊ ထုတ်ပြရဲတဲ့သတ္တိရှိတယ်ပဲ ပြောရမလား၊ သဘာဝတရားကြီးက ပေးထားတဲ့အခွင့်အလမ်းလို့ပဲ ပြောရမလားပဲပေါ့။ ဒီအချက်ကြောင့် မိန်းကလေးဖြစ်ရတာ တကယ့်ကိုအားသာချက်ကြီးပါပဲ။
၃။ မိန်းကလေးပီသနိုင်တယ်။
မိန်းကလေးဆန်ဆန် အင်္ကျီတွေ၊ စတိုင်ကျကျဘောင်းဘီတွေ၊ စကတ်တွေ၊ ဂါဝန်လေးတွေကို မရိုးရအောင် စိတ်ကြိုက်ဝယ်ယူနိုင်သလို ဒေါက်ဖိနပ်လှလှလေးတွေ၊ Sneaker လှလှလေးတွေလိုမျိုး ဖိနပ်တွေကိုပါ စိတ်တိုင်းကျဝယ်စီးနိုင်ပါသေးတယ်။ ပြီးရင် နားကပ်လှလှလေးတွေ၊ နားဆွဲလှလှလေးတွေ၊ နောက်ဆုံးပေါ်မိတ်ကပ်တွေ ဒါတွေအားလုံးကိုလည်း စိတ်တိုင်းကျဝယ်ယူသုံးစွဲနိုင်တာက မိန်းကလေးဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးပါပဲနော်။ ယောက်ျားလေးတွေ ဈေးဝယ်ထွက်ပြီဆိုရင် သူတို့အတွက် ရှပ်အင်္ကျီတစ်ထည်လောက်နဲ့ အသုံးအဆောင်လေးနည်းနည်းလောက် ဝယ်ပြီးရင် ပြီးသွားပြီဆိုပေမယ့် မိန်းကလေးတွေကတော့ ဖက်ရှင်ရှိုးပွဲတစ်ပွဲအတွက် ပြင်ဆင်ရသလောက်ကို ပစ္စည်းတွေအများကြီး ဝယ်ရတာကလည်း ပျော်စရာပဲမဟုတ်လား။ ပိုက်ဆံကုန်တာက ကုန်တာပေါ့နော် ဟီး ဟီး …။
၄။ Body Hair တွေကို စိတ်ပူစရာမလိုဘူး။
မျက်နှာမှာ အမွှေးအမျှင်တွေရှိတာက စိတ်ရှုပ်စရာပါ။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ဖြစ်နေပြီဆိုရင် ဒါတွေကို စိတ်ပူစရာမလိုတော့ပါဘူး။ မျက်နှာမှာ အမွှေးအမျှင်တွေများတဲ့ မိန်းကလေးတွေကတော့ ချွင်းချက်ပါ။ ဒါပေမယ့် သူတို့လည်းတစ်မျိုးတစ်ဖုံ ချစ်စရာကောင်းနေပြီးသား မဟုတ်လား။ မိန်းကလေးတွေလုပ်ရမယ့်တစ်ခုတည်းသောအရာက ခြေသလုံးမွှေးတွေ မှန်မှန်ရိတ်ရတာ တစ်ခုပါပဲ။ ဒါပေမယ့် အဲ့ဒါလည်း ခဏပါပဲ။ မြန်ပါတယ်… ဟုတ်တယ်မဟုတ်လား???
၅။ ကိုယ်ဝန်ဆောင်နိုင်တယ်။
ကမ္ဘာပေါ်မှာ မိန်းကလေးတွေပဲလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာရှိပါတယ်။ အဲ့ဒါကတော့ ကိုယ်ဝန်ဆောင်ခြင်းဆိုတဲ့ မွန်မြတ်တဲ့လုပ်ရပ်ပါပဲ။ အနာဂတ်ရဲ့မျိုးဆက်သစ်တွေကို မွေးဖွားပေးခြင်းက မွန်မြတ်တဲ့လုပ်ရပ်ဖြစ်ပြီး မိန်းကလေးတိုင်းက အမေဖြစ်ခွင့်ရှိတယ်ဆိုတဲ့အချက်ကပဲ အကြီးမားဆုံးအားသာချက်ပဲ မဟုတ်ပါလားနော်။
#HM
#LifestyleMyanmar
Source: relationshiptips, beagirl