
လူတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်အပန်းဖြေစရာဖျော်ဖြေမှူတစ်ခုအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ၊သီချင်းတွေ ၊ဂိမ်းတွေဟာ အမြဲတမ်းနီးပါးလိုအပ်နေတဲ့ အရာတွေဖြစ်သလိုပဲ ဒီလိုအရာတွေကနေ ဘဝနဲ့ပတ်သက်တဲ့သင်ခန်းစားကောင်းတွေကိုလည်း ထည့်သွင်းဖော်ပြပေးနိုင်ပါသေးတယ်။ အထူးသဖြင့် နာမည်ကျော် ကာတွန်းဇာတ်လမ်းအများစုဟာ တချို့ထင်နေကြသလို ကလေးတွေအတွက်ပဲ ကလေးကြိုက်ဖန်တီးထားတာမဟုတ်ပဲ လူသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားတစ်ခုနီးပါး နည်းပညာကောင်းကောင်းတွေနဲ့ ကြိုးစားတင်ဆက်ထားရုံမက လူကြီးလူငယ်တွေအတွက် ဘဝနဲ့ပတ်သက်တဲ့ သင်ခန်းစာကောင်းတွေကိုလည်း ဖော်ပြပေးသွားနိုင်တာတွေ့ရပါလိမ့်မယ်။ဒါကြောင့်မို့ တစ်နေ့တာရဲ့ စိတ်အပန်းပြေမှူအတွက် ဖျော်ဖြေရေးကဏ္ဍအနေနဲ့ ကြည့်ဖြစ်နေကြတဲ့ ဇာတ်ကားလေးတွေကနေ ဘယ်လိုသင်ခန်းစာတွေယူနိုင်လည်းဆိုတာ သိရှိစေဖို့အတွက် ကာတွန်းကားတွေကပေးနိုင်တဲ့ Message ကောင်းလေးတချို့ကို ရွေးချယ်ပြီးစုစည်းဖော်ပြပေးလိုက်ပါတယ်နော်။
Finding Nemo
ဒီဇာတ်ကားကတော့ ချစ်စရာ Clownfish လေးတစ်ကောင်ရဲ့ စွန့်စားခန်းကိုရိုက်ကူးပုံဖော်ထားတဲ့ဇာတ်လမ်းလေးပါ။ ပုံစံခွက်ထဲကရုန်းထွက်ပြီး အချုပ်အနှောင် ကင်းကင်းနဲ့ ကျယ်ပြန့်တဲ့ကမ္ဘာကြီးရဲ့နေရာသစ်တွေကို စွန့်စားရှာဖွေစူးစမ်းချင်တဲ့ လူငယ်တစ်ယောက်ရဲ့စိတ်မျိုးနဲ့ ငါးကလေး နီမိုဟာ မတော်တဆ ငါးဖမ်းပိုက်ကွန်မှာမိပြီးဒုက္ခလှလှတွေ့ခဲ့ရပါတယ်။ ဒီအချိန်မှာသူရဲ့ ဖခင်ဖြစ်သူက သားသမီးအတွက် စွန့်စွန့်စားစားနဲ့ အခက်အခဲတွေကြားကနေ မရရအောင်လိုက်လံကယ်တင်ခဲ့ပုံကိုဇာတ်လမ်းဆင်ထားပြီး မိသားစုသံယောဇဉ်နဲ့ မိဘမေတ္တာကို အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်လို့ဆိုရမှာပါပဲ။ ဒါတင်မကသေးပဲ ကလေးတွေကို ဘယ်လိုအားနည်းချက်တွေ စိန်ခေါ်မှူတွေရှိနေပါစေ စိတ်ဓာတ်ကျအားငယ်ခြင်းမရှိပဲ ရဲရဲကျော်ဖြတ်နိုင်ဖို့လည်း သင်ခန်းစာလေးတွေပေးသွားပါသေးတယ်။
Up
မိုးပျံပူဖောင်းတွေအများကြီးနဲ့အိမ်ကလေးကိုလေမှာပျံစေခဲ့တဲ့ ဒီဇာတ်ကားလေးကိုလည်း မကြည့်ဖူးသူတော်တော်ရှားပါလိမ့်မယ်။ ကမ္ဘာကြီးဟာ မတည်မြဲခြင်းတွေနဲ့အမြဲရှေ့ဆက်နေတဲ့အချိန်မှာ ကိုယ်ချစ်ရသူတွေကို ဆုံးရှူံးရခြင်းဆိုတဲ့ လောကနိယာမကလည်း တစ်နေ့မဟုတ်တစ်နေ့ မလွဲမသွေကြုံတွေ့လာရမယ့်အချက်တစ်ခုပါပဲ။ဒါပေမဲ့ ဘယ်တော့မှပြောင်းလဲသွားခြင်းမရှိတဲ့အရာတစ်ခုကတော့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့သံယောဇဉ်ပါပဲ။ Up ဇာတ်ကားလေးထဲမှာ ဒီအချက်ကို ကောင်းကောင်းမြင်တွေ့ရမှာဖြစ်ပါတယ်။မိသားစုအပေါ်မှာဖြစ်ဖြစ် ဘဝလက်တွဲဖော်အပေါ်မှာဖြစ်ဖြစ် ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတစ်ယောက်ကို အတူတကွရှိနေချိန်မှာချစ်ကြောင်းဖော်ပြဖို့ ဘယ်တော့မှ နောက်တွန့်တုံ့ဆိုင်းတာမျိုးမဖြစ်ပါစေနဲ့ဆိုတဲ့အချက်ကို ဒီဇာတ်ကားလေးက ကောင်းကောင်းသက်သေပြသွားခဲ့ပါတယ်။
Kung Fu Panda
ဒီဇာတ်ကားကတော့ တရုတ်ရိုးရာကွန်ဖူးပညာကိုအခြေခံထားပြီး အရမ်းကိုကြည့်ကောင်းတဲ့ ကာတွန်းကားလေးပါ။ ချစ်စရာကောင်းပြီးအစားကြီးတဲ့ ပန်ဒါလေးရဲ့ ကွန်ဖူးပညာနဲ့ပတ်သက်တဲ့ ကြိုးစားမှူတွေနဲ့ ဇာတ်လမ်းဆင်ဖန်တီးထားပြီး ဒီဇာတ်ကားလေးကပေးသွားတဲ့ အကောင်းဆုံးသင်ခန်းစာတစ်ခုကတော့ ဘယ်သူမဆို ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိဖို့နဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အသွေးတွေအပေါ်ဘယ်တော့မှ လျှော့မတွက်မိဖို့နဲ့ ယုံမှားသံသယဖြစ်တာမျိုးမရှိကြဖို့ပါပဲ။
Wall-E
ခေတ်ပေါ်နည်းပညာနဲ့ ခေတ်ဟောင်းနည်းပညာတွေကြားက ချစ်စဖွယ် စက်ရုပ်လေးနှစ်ရုပ်ရဲ့ချစ်ခြင်းမေတ္တာနဲ့တိုးတက်လာတဲ့ကမ္ဘာကြီးရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဆုတ်ယုတ်ပျက်စီးမှူတွေကို အချက်ကျကျ Message ကောင်းကောင်းပေးသွားနိုင်တဲ့ ဇာတ်ကားကောင်းလေးပါ။ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးဟာ လူသားတွေရဲ့ Pollution ဒဏ်တွေကို သိမ်းကြုံးခံစားရပြီး နောက်ဆုံးမှာ ကမ္ဘာကြီးဟာ အမှိုက်ပုံကြီးတစ်ခုအနေနဲ့သာကျန်ခဲ့တယ်ဆိုတဲ့ သင်ခန်းစာနဲ့ ဇာတ်လမ်းကိုစတင်ထားပြီး သဘာဝတရားဟာ ထိန်းသိမ်းစောင့်ရှောက်ဖို့ အရမ်းကိုလိုအပ်လာတဲ့အရာတစ်ခုဖြစ်ကြောင်းကို စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်များနဲ့ အကောင်းဆုံးဖော်ပြသွားနိုင်ခဲ့ပါတယ်။
Megamind
ဒီဇာတ်ကားကိုကြည့်ရင်း ငယ်ငယ်ကကျေးညီနောင်ပုံပြင်ကိုသွားပြီးအမှတ်ရစေပါတယ်။ဗီလိန်တိုင်းလည်း လူဆိုးမဖြစ်နိုင်သလို စူပါဟီးရိုးတိုင်းလည်း လူကောင်းဖြစ်မလာနိုင်ပါဘူးဆိုတဲ့အချက်ကို ဒီဇာတ်ကားလေးကကောင်းကောင်းပုံဖော်သွားခဲ့ပါတယ်။ ငယ်စဉ်က ဘယ်သူက ဘာဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပဲလာလာ မွေးဖွားကြီးပြင်းရာနေရာနဲ့ ပတ်ဝန်းကျင်ရဲ့ ပျိုးထောင်မှူအပေါ်မှာမူတည်ပြီး လူတစ်ယောက်ရဲ့ အတွင်းစိတ်ထားဟာ အကောင်းနဲ့အဆိုးသိသိသာသာ ကွဲပြားခြားနားသွားနိုင်ကြောင်းပြသသွားတဲ့ကားလေးမို့ အရမ်းသဘောကျမိတဲ့ဇာတ်ကားလေးတစ်ကားဆိုရင်လည်းမမှားပါဘူး။
Mulan
မူလန်ကတော့ အားလုံးသိပြီးသား နာမည်ကျော် Disney ဇာတ်ကားလေးပါ။ ကာတွန်းကားအနေနဲ့လည်း အရမ်းအောင်မြင်ခဲ့သလို Live Action အနေနဲ့ထွက်ရှိလာတဲ့အခါမှာလည်း လူကြိုက်များခဲ့ပါတယ်။ ကာတွန်းနဲ့ Live Action မှာ ဇာတ်အိမ်ကွဲပြားတယ်ဆိုပေမယ့် ပေးချင်တဲ့ အဓိက Message ကတော့ အတူတူပါပဲ။ Be Yourself ဆိုတဲ့ ကိုယ့်ဖြစ်တည်မှူအပေါ်မှာ ကိုယ်သာလွှမ်းမိုးပါစေဆိုတဲ့အချက်ပါပဲ။ ပတ်ဝန်းကျင်နဲ့ ဓလေ့ထုံးတမ်းသတ်မှတ်ချက်တွေ ၊ ဆွေမျိုးအသိုင်းအဝိုင်းရဲ့ဆန္ဒတွေအပေါ်မှာ ကြိုးစားရှင်သန်ပေးရတာထက် ကိုယ်ကိုယ်တိုင်စိတ်အားထက်သန်တဲ့ အရာတစ်ခုပေါ်မှာ ကြိုးစားခြင်းနဲ့ ကိုယ်ရဲ့ဖြစ်တည်မှူအပေါ်မှာလက်ခံနိုင်ခြင်းက ပိုအောင်မြင်နိုင်တယ်ဆိုတဲ့အချက်နဲ့ ဒီလိုအရာတွေအတွက် ဘယ်သူ့ကိုမှ ရှက်ရွံ့နေစရာ ပုန်းကွယ်နေစရာမလိုဘူးဆိုတဲ့ ဘဝသင်ခန်းစာကောင်းတွေကို ပေးသွားနိုင်ခဲ့ပါတယ်။
Photo Credit To The Rightful Owners