
လူမှန်ရင်တော့ မျက်ရည်ကျတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် မျက်ရည်ဆိုတာ အမြဲ ကျနေရင်တော့ မကောင်းပါဘူး။ ငိုချင်တဲ့အခါ ငိုလိုက်တာက စိတ်ထွက်ပေါက် တစ်ခုဆိုပေမယ့် မျက်ရည်လွယ်လို့ ငိုတာကတော့ စိတ်ထွက်ပေါက် မဖြစ်စေဘဲ ဆိုးကျိုးတွေပဲ ဖြစ်စေမှာပါ။ ထစ်ခနဲရှိ မျက်ရည်ကျလာတတ်တဲ့သူတွေကတော့ အခုလို နောက်ဆက်တွဲ အခြေအနေတွေကို ရင်ဆိုင်ရတတ်ပါတယ်။
အထင်သေးမယ်
မျက်ရည်လွယ်တာက ငယ်ဘဝမှာတော့ သိပ်ပြီး သင့်ကို သိသာစေမှာ မဟုတ်ပါဘူး။ အရွယ်ရောက်လာတဲ့အမျှ ဒီမျက်ရည်လွယ်နေတဲ့အချက် သင့်အတွက် ထိခိုက်စရာ ဖြစ်လာမှာပါ။ လောကမှာ လူမျိုးစုံနဲ့ ကြုံတွေ့ပြီး ဖြတ်သန်းရတာပါ။ သင်က မျက်ရည်လွယ်တဲ့သူမှန်း သိသွားတာနဲ့ သင့်ကို လူတွေက အလိုလို အထင်သေးပြီးသား ဖြစ်သွားတဲ့ အခြေအနေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။

yanalya/Freepik
ထိုးနှက်ချက် ဖြစ်လာမယ်
အရောင်စုံတဲ့ သူတွေအကြားမှာ မျက်ရည်လွယ်နေလို့ မရပါဘူး။ ကိုယ်က မျက်ရည်လွယ်နေမယ်ဆိုရင် လောကကြီးကို ရင်ဆိုင်ဖို့ ခက်ခဲသွားတတ်ပါတယ်။ ကိုယ် မျက်ရည်လွယ်တာကို ကိုယ့်အပေါ်မလိုလားတဲ့သူတွေက ထိုးနှက်တစ်ခုအနေနဲ့ အသုံးပြုပြီး ကိုယ့်ကို အားနည်းသွားအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။

dmytrenko.fsk/Freepik
အားနည်းချက် တစ်ခုလည်း ဖြစ်တယ်
မျက်ရည်လွယ်တာက အကျင့်တစ်ခုထက် ပိုလာတဲ့အခါ သင့်ရဲ့ အားနည်းချက် ဖြစ်သွားတတ်ပါတယ်။ သင့်ကို အမြင်မကြည်သူတွေက သင် မျက်ရည်ကျအောင် ပြုလုပ်တော့မှာလည်း ဖြစ်ပါတယ်။ သင်က မျက်ရည်လွယ်တာမှန်း သိလာတဲ့သူတွေက သင့်ကို မျက်ရည်ကျအောင် လုပ်ပြီး အားနည်းသွားအောင် ပြုလုပ်ကြပါလိမ့်မယ်။

katemangostar/Freepik
ပြန် မတုန့်ပြန်နိုင်ဘူး
မျက်ရည်လွယ်တဲ့သူတွေက မျက်ရည်ကျတဲ့အခါ ဘာမှ သိပ်ထူးထူးထွေထွေ မလုပ်နိုင်ကြပါဘူး။ မျက်ရည်ကျလာတဲ့ တစ်ပြိုင်နက် တစ်ဖက်သူကို ကောင်းကောင်းမွန်မွန် တုန့်ပြန်နိုင်စွမ်း ကျဆင်းသွားပါတယ်။ စကားလုံးတွေလည်း ထွက်မလာတော့ပါဘူး။ ဒီအတွက် ကိုယ်က သန်သန်မာမာ ရင်ဆိုင်ရမယ့် အရာတွေကို ရင်ဆိုင်ချင်ရင်တောင်မှ မျက်ရည်လွယ်နေတဲ့အတွက် ပြန်တိုက်ခိုက်လို့ မရ ဖြစ်နေတာကို ကြုံရမှာ ဖြစ်ပါတယ်။

goffkein/Freepik
ပျော့ညံ့လာမယ်
ကိုယ့်ရဲ့ ပျော့ညံ့မှုက ကိုယ့်စိတ်ဓာတ်ကြောင့် မဟုတ်ဘဲ မျက်ရည်ကြောင့် ဖြစ်သွားတတ်ပါသေးတယ်။ မျက်ရည်လွယ်ရင်းကနေ စိတ်တွေပါ ပျော့ညံ့လာပြီး ခံစားချက်အနောက်ကို လိုက်မိသွားတတ်တာမျိုး ဖြစ်ပါတယ်။ ကိုယ့်ကို ဖိအားပေးတဲ့ အရာတွေ၊ တိုက်ခိုက်နေတဲ့ အရာတွေကို အကောင်းဆုံး ရင်ဆိုင်ဖို့ စိတ်ဓာတ် ရှိပေမယ့်လည်း မျက်ရည်လွယ်တဲ့သူမို့ ငိုမိတဲ့အချိန်တွေမှာ ဘာမှ မလုပ်တော့ဘဲ ပျော့ညံ့မှုတွေပဲ ရှိလာတတ်ပါတယ်။
Kham