
အိပ်စက်အနားယူခြင်းဆိုတာဟာ တစ်နေ့တာအတွက် ကုန်ဆုံးခဲ့သမျှ စွမ်းအင်တွေကိုပြန်လည်ဖြည့်တင်းပေးတဲ့ အချိန်အပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့လို့ အိပ်စက်အနားယူရာ ကိုယ့်ရဲ့ အိပ်ရာဟာလည်း အနားယူချင်စဖွယ်အနေအထားတစ်ခုမှာရှိသင့်သလို အိပ်စက်အနားယူခြင်းကိုအနှောင့်အယှက်ဖြစ်စေမယ့် ဘယ်လိုအရာမှ အိပ်ရာရဲ့အနီးပတ်ဝန်းကျင်မှာ ရှိမနေသင့်ပါဘူး။လူအများစုက ဂရုမပြုမိပဲ ကိုယ့်ရဲ့အိပ်ရာနားမှာ မရှိသင့်တဲ့အရာအတော်များများကို ထားရှိပြီး အိပ်ရာဝင်တတ်ကြတာကို တွေ့ရပါတယ်။ ဒါဟာ ကိုယ့်ကျန်းမာရေးအတွက်လည်း လုံးဝမကောင်းသလို ကိုယ့်ရဲ့ အိပ်စက်ခြင်းကိုလည်း များစွာအနှောင့်အယှက်ပေးနိုင်တယ်ဆိုတာ အထူးသတိပြုရမှာပါ။ဒါကြောင့်မို့လို့ တချို့အရာတွေက ကိုယ်သတိမထားမိပေမယ့် ကိုယ့်ရဲ့ အိပ်စက်ခြင်းနဲ့ကျန်းမာရေးကို ကောင်းကောင်းအနှောင့်အယှက်ပေးနိုင်တာမို့ ဘယ်အရာမျိုးတွေကများ အိပ်ရာဘေးမှာ မထားရှိသင့်ဘူးလဲဆိုတာ သိရအောင် အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။
1.Electronic Device များ
ဘာလို့ ဒီအချက်ကို ထိပ်ဆုံးမှာထားရလဲဆိုရင် အိပ်စက်ခြင်းနဲ့ပတ်သက်လို့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကောင်းကောင်းအနှောင့်အယှက်ပေးနိုင်တဲ့ ပစ္စည်းတွေဖြစ်လို့ပါပဲ။ အိပ်ရာဝင်ခါနီး ရုပ်သံဇာတ်လမ်းတွဲကြည့်တာ ၊ဂိမ်းဆော့တာမျိုးတွေနဲ့ အိပ်ရေးပျက်စေသလို ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်ပြီး အိုမင်းမှူမြန်ဆန် အရွယ်ကျစေတယ်ဆိုတာကို သတိပြုရပါမယ်။ နောက်ပြီး Smartphone, Laptop, Tablet တွေမှာပါတဲ့ အလင်းက မျက်လုံးကိုကောင်းကောင်းဒုက္ခပေးနိုင်ရုံမက ခန္ဓာကိုယ်ရဲ့ Melatonin ထုတ်လုပ်မှူကိုလည်း နှောင့်နှေးစေတယ်လို့ဆိုပါတယ်။ဒါကြောင့်မို့ အတတ်နိုင်ဆုံး အိပ်ရာထဲမှာ ဖုန်းသုံးတာကိုရှောင်ပါ။ မရှောင်နိုင်ဘူးဆိုရင် အနည်းဆုံး မအိပ်ခင်နှစ်နာရီလောက်ထိပဲ ဖုန်းသုံးတဲ့ အလေ့အထမျိုးကို ကျင့်ယူပါ။
2.အလုပ်နဲ့ပတ်သက်တဲ့ပစ္စည်းများ
အလုပ်ဆိုတာဟာ များသောအားဖြင့် လူတစ်ယောက်ကို စိတ်ဖိစီးမှူအပေးနိုင်ဆုံးနဲ့ အတွေးအများစေဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ အလုပ်နဲ့ပတ်သက်သမျှကို အလုပ်စားပွဲပေါ်မှာပဲထားရှိသင့်ပြီး ကိုယ့်ရဲ့အိပ်ရာပေါ်ကို လုံးဝယူမလာသင့်ပါဘူး။ အလုပ်နဲ့ပတ်သက်တာတွေကို အိပ်ရာပေါ်ယူလာတာဟာ ကိုယ့်ရဲ့ အိပ်စက်ခြင်းကို ကောင်းကောင်းအနှောင့်အယှက်ပေးရုံမက အလုပ်နဲ့ပတ်သက်တဲ့ ပစ္စည်း (ဥပမာ - Laptop, Phone )တချို့ကလည်း ကိုယ့်ကျန်းမာရေးကို ထိခိုက်စေဦးမှာပါ။ အကောင်းဆုံးအကြံပေးချင်တာကတော့ အလုပ်တွေကိုအိပ်ရာပေါ်မယူလာဖို့သာမက အလုပ်စားပွဲကိုပါ အိပ်ရာနဲ့ ဝေးတဲ့နေရာမှာထားဖို့ပါပဲ။အိပ်ရာဟာ အိပ်စက်အနားယူဖို့သာဖြစ်ပါစေ။
3.အလှအပနဲ့တစ်ကိုယ်ရည်သုံးပစ္စည်းများ
အလုပ်နဲ့ပတ်သက်တဲ့အရာတွေဟာ အလုပ်စားပွဲပေါ်မှာပဲထားသင့်သလို အလှအပပစ္စည်းတွေဟာလည်း အလှပြင်တဲ့ခုံပေါ်မှာပဲရှိသင့်ပါတယ်။ နောက်ပြီး အလုပ်စားပွဲလိုပဲ အလှပြင်ခုံဟာလည်း အိပ်ရာနဲ့ခပ်ဝေးဝေးမှာသာရှိသင့်ပါတယ်။ အလှပြင်ပစ္စည်းတွေမှာပါတဲ့ မိတ်ကပ်အမှုန် ၊ပေါင်ဒါအမှုန်တွေနဲ့ Eyeshadow အမှုန်လိုမျိုးတွေဟာ ကိုယ်မမြင်ရပေမဲ့ အိပ်ရာပေါ်ကို မသိမသာကျနေတတ်ပြီး ကိုယ့်အိပ်ရာကိုညစ်ထေးစေသလို အချိန်ကြာလာရင် အသားအရည်အတွက်လည်း အဆင်မပြေနိုင်ပါဘူး။ ထို့အတူပဲ Hair Dryer လိုမျိုးတွေဟာလည်း မလိုလားအပ်တဲ့ပိုးမွှားတွေနဲ့ ဆံပင်တွေကို အိပ်ရာပေါ်ကျစေတာကြောင့် အိပ်ရာနဲ့ခပ်ဝေးဝေးမှာသာထားရှိသင့်တဲ့အရာတွေဖြစ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။
4.အစားအသောက်များ
အစားအသောက်တွေကို အိပ်ရာထဲယူစားတာမကောင်းသလို အိပ်ရာဘေးစားပွဲပေါ်မှာ အစားအစာတွေတင်ထားတာဟာလည်း မှန်ကန်တဲ့နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ လက်လှမ်းမီတဲ့နေရာမှာ အစားအသောက်တွေရှိနေခြင်းဟာ အိပ်ရာဝင်ခါနီး အစာစားတဲ့အလေ့အထကိုဖြစ်စေပြီး ကျန်းမာရေးအတွက်မကောင်းသလို အိပ်ရာထဲအစားယူစားခြင်းကြောင့် အစားအသောက်အမှုန်အမွှားတွေကျရင်လည်း ပုရွက်ဆိတ်တွေ ပိုးဟပ်တွေနဲ့နပန်းလုံးရနိုင်တယ်ဆိုတာ သိထားရပါမယ်။ဒါကြောင့်မို့ အစားအသောက်ကိုလည်း အတတ်နိုင်ဆုံး အိပ်ရာနဲ့ခပ်ဝေးဝေးမှာထားဖို့ ၊တတ်နိုင်ရင် အစားအသောက်ထားတဲ့နေရာမှာသာထားဖို့ အကြံပေးချင်ပါတယ်။
5.ပစ္စည်းအတိုအထွာများ
အိပ်ရာဘေးမှာ ထားသင့်တာထက်ပိုပြီး ပစ္စည်းများများစားစားထားတာမျိုးမလုပ်မိအောင် ဂရုစိုက်ပါ။ အိပ်ရာဘေးမှာ Side Table လိုမျိုးရှိခဲ့ရင် အဲဒီပေါ်မှာ နှိုးစက်နာရီတစ်လုံးနဲ့ ညအိပ်မီးတိုင်လေးလောက်ပဲထားနိုင်အောင်လုပ်ပါ။ မလိုအပ်ပဲ ဓာတ်ပုံ Stand တွေ၊ ပန်းအိုးနှစ်ခုသုံးခုနဲ့ တခြား Decor တွေထားတာမျိုး အတတ်နိုင်ဆုံးရှောင်ပါ။ တချို့ဆို ဘာမှမသိတဲ့ အတိုအထွာပစ္စည်းတွေမှန်သမျှ အိပ်ရာဘေးစားပွဲပေါ်မှာ စုပြီးတင်ထားတတ်တာမျိုး တွေ့ရပါတယ်။ ကိုယ်အိပ်ရာအနီးတစ်ဝိုက်မှာ ပစ္စည်းတွေ ရှုပ်ထွေးများပြားနေခြင်းကလည်း ကိုယ့်ရဲ့စိတ်ကို ထွေပြားပြီး စိတ်ရှုပ်တဲ့ခံစားချက်မျိုးပေးနိုင်တာမို့ အတတ်နိုင်ဆုံး ခပ်ရှင်းရှင်းနဲ့ ကိုယ့်အတွက်တကယ်အသုံးလိုမယ့်ပစ္စည်းတွေလောက်ပဲ ထားဖို့သတိပြုရမှာပါ။
6.အရုပ်များ
မိန်းကလေးတွေနဲ့ ကလေးငယ်တွေအများစုကတော့ အရုပ်လေးတွေကိုဖက်ပြီးအိပ်ရတာ အရမ်းသဘောကျတတ်ကြပါတယ်။ အရုပ်တွေက ဖက်အိပ်လို့တော့ကောင်းပေမယ့် ကိုယ့်အိပ်ရာရဲ့ Space ကိုမသိမသာလေးခိုးယူနေတဲ့ နေရာသူခိုးလေးတွေပါပဲ။အရုပ်များလာလေ အိပ်ရတာ ထင်သလောက်သက်တောင့်သက်သာမရှိလေဆိုတာ သတိထားမိလာပါလိမ့်မယ်။ဒါကြောင့်အရုပ်ဖက်မအိပ်ရင်မနေတတ်ဘူးဆိုရင်တော့ နည်းနိုင်သမျှနည်းနည်းပဲအိပ်ရာထဲမှာထားတာပိုကောင်းပါတယ်။ နောက်ပြီး ကိုယ်ဖက်အိပ်နေကျအရုပ်တွေကို သေချာသန့်ရှင်းမှူ မပြုလုပ်ထားမိရင် မမြင်ရတဲ့ ပိုးမွှားနဲ့ ဘက်တီးရီးယားတွေကပ်ငြိပြီးကိုယ့်ရဲ့အသားအရည်ကိုဒုက္ခပေးနိုင်တာမို့ ဒီအချက်ကိုလည်း အထူးသတိထားဖို့လိုပါတယ်။
Photo Credit To The Rightful Owners