မိသားစုရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ မရခဲ့သူတွေသာ သိတဲ့ အချက်များ
auntymay.com
|
2020-12-07

မိသားစုဆိုတိုင်းက ချစ်ခြင်းမေတ္တာတွေနဲ့ အပြည့် ရှိနေကြတာမျိုးတော့ မဟုတ်ပါဘူး။ တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ငွေ အဆင်မပြေရင်တောင် စိတ်သက်သာရာရတဲ့ မိသားစုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် မိသားစုလို့ မထင်ရအောင်ကို မပျော်ရွှင်ရတဲ့ မိသားစုတွေလည်း ရှိနေပါတယ်။ မိသားစုရဲ့ ချစ်ခြင်းမေတ္တာ အပြည့်အဝ မရကြဘူးဆိုရင်တော့ ဒီအချက်တွေကို ခံစားမိနေကြမှာပါ။


(၁) နွေးထွေးမှု မရှိဘူး

ချစ်ခြင်းမေတ္တာ ချို့တဲ့နေတဲ့ မိသားစုမှာ နွေးထွေးမှုဆိုတာကလည်း တကယ့်ကို ရှားပါတတ်ပါတယ်။ နေမကောင်းဖြစ်တဲ့အခါ အပြစ်တာကိုပဲ ကြားရတာမျိုး၊ ကိုယ်က ဝန်ထုတ်ဝန်ပိုး တစ်ခုကို ဆက်ဆံခံရတာမျိုးတွေအပြင် ကိုယ့်ကို အားပေးမှု နည်းနည်းတောင် မရှိဘဲ ပြစ်တင်မှုပဲ ရနေတာမျိုး ဖြစ်ပါတယ်။ ဒီအချက် ကိုယ့်ကို နွေးထွေးမှု မရှိစေဘဲ ပိုပြီး ပင်ပန်းစေတာပါ။


ufabizphoto/Freepik


(၂) ကိုယ့်တာဝန် ကိုယ် ယူရတယ်

ကိုယ့်တာဝန် ကိုယ် ယူရတယ်ဆိုတာ ကောင်းတဲ့ အချက်ပါ။ ဒါပေမယ့်လည်း မိသားစုက ချစ်ခြင်းမေတ္တာတွေ နည်းနေတဲ့အခါမှာ ကိုယ့်တာဝန် ကိုယ်ယူရတာမျိုးလည်း ရှိပါတယ်။ ကိုယ့်ကို လူအရ ပံ့ပိုးနိုင်စွမ်း မရှိကြတာကို နားလည်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ အားဖြစ်အောင်တောင် မပံ့ပိုးလို့ ကိုယ့်တာဝန် ကိုယ်ယူရတာမျိုး ဖြစ်ပါတယ်။ ကိုယ့်ကို ဘာတစ်ခုမှ အကောင်းမြင်ခြင်း မခံရလို့ ကိုယ့်ရဲ့ တစ်ကိုယ်ရည် အရာမှန်သမျှကို ကိုယ်တိုင်ပဲ တာဝန်ယူ လုပ်နေရတာမျိုးက တကယ့်ကို မိသားစု မပီသတဲ့ လက္ခဏာရပ်ပဲ ဖြစ်ပါတယ်။


jcomp/Freepik


(၃) နားလည်ပေးတာမျိုး မရှိဘူး

မိသားစုဆိုတာ ကိုယ့်အတွက် အားဖြစ်ပေးရမယ့်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ အိပ်မက်တွေ အကောင်အထည် ဖော်တဲ့အခါ နားလည်ပေးတာမျိုး မရှိတာ၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိုလည်း နားလည်မပေးတာအပြင် ကိုယ့်ရဲ့ ပင်ပန်းမှုတွေကိုတောင် အသိအမှတ်မပြုပေးတာမျိုးက သင့်ကို မိသားစုဝင်ရဲ့ အချစ်ကို သေချာမရကြောင်း ပေါ်လွင်စေတဲ့ အချက်လည်း ဖြစ်ပါတယ်။


yanalya/Freepik


(၄) သူစိမ်းဆန်တယ်

မိသားစုဆိုတာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူနဲ့ သံယောဇဉ် ဖြစ်ရဆုံးသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချစ်တွေ နည်းတဲ့ မိသားစုမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှု မရှိကြပါဘူး။ သူ ဘာလုပ်နေလဲ ကိုယ် မသိရသလို သူ့မှာ ရှိတဲ့ ပြဿနာတွေက ကိုယ်နဲ့ မဆိုင်သလို ခံစားရတတ်ပါတယ်။ မိသားစုဆိုပေမယ့် မေးထူးခေါ်ပြော ဆက်ဆံရေးလောက်ပဲ ပတ်သတ်နေရရင်တော့ အချစ်တွေ ခမ်းနေတာ သေချာပါတယ်။


zenstock/Freepik


(၅) စိတ်ဒဏ်ရာတွေ ရှိကြတယ်

မိသားစုရဲ့ အချစ်ကို ကောင်းကောင်း မရခဲ့တဲ့သူတွေက အကြောင်းတစ်ခုခုနဲ့ စိတ်ဒဏ်ရာ ရှိနေတတ်ကြပါတယ်။ အပြောခံရမှာစိုးလို့ ထိတ်လန့်နေမိတာမျိုး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိနေတော့တာမျိုးအပြင် အိမ်တွင်းအကြမ်းဖက် ခံရမှု အချို့ကြောင့် ရေကြောက်တာ၊ မီးကြောက်တာမျိုးတွေ ခံစားရသူတွေတောင် ရှိပါတယ်။ ဒါ့အပြင် လူတွေကို မယုံတတ်သူတွေအဖြစ်ပါ ကြီးပြင်းလာတတ်ကြပါတယ်။

Kham

 


#မိသားစု
#ချစ်ခြင်း
#အချစ်
#တာဝန်
#အချက်

Some text some message..