စည်း
'စည်း' ဆိုသည့် စကားလုံးနှင့်ပတ်သက်၍ အပိုင်းအခြား၊ အတားအဆီး၊ အကန့်အသတ်၊ အရံအတား စသဖြင့် အဓိပ္ပာယ်အမျိုးမျိုးဖော်၍ ရနိုင်သည်။ ယင်းစည်းဆိုသည့် စကားကို ဗဟိုပြု၍ 'စည်းကမ်း'၊ 'စည်းလုံး'၊ 'စည်းရုံး' စသည့်အသုံးများ ဆက်စပ်၍ ဖြစ်ပေါ်လာသည်။
'စည်း' နှင့် 'ကမ်း' တို့နှင့်ပတ်သက်၍ မဟာဂန္ဓာရုံဆရာတော်၏ သြဝါဒကထာတွင် ''အခု သီဆို တီးမှုတ်နေကြတဲ့ တူရိယာဝိုင်းထဲမှာ 'စည်း' ဆိုတာ မြင်ဖူးကြမှာပေါ့။ သူ့အကန့်နဲ့သူ မရောအောင် ခြားခြားပေးတဲ့ ပစ္စည်းပဲ။ ယကွင်းကလေး အသေးစား၊ သူက ခြားမပေးရင် အကန့်တွေ ရောကုန်မှာပေါ့။ နားထောင်မကောင်းတော့ဘူး ဒါကြောင့် 'စည်း' ဆိုတာ ရှိရတယ်။ ဆန်းကျမ်းမှာတော့ 'ယတိ' လို့ခေါ်တယ်။ ခြားပေးတဲ့ ပစ္စည်းပါပဲ။
'ကမ်း' ဆိုတာကျတော့ မြစ်၊ ချောင်း၊ အင်းအိုင်တွေ၊ ရေကန်တွေ၊ လယ်ကွင်းတွေမှာ ရှိတယ်။ ရေတွေ မဖိတ်မလျှံအောင် မို့မောက်နေတဲ့ ကန်ဘောင်နဲ့ ထိန်းထားတာပဲ။ အဲဒါမရှိရင် ရေတွေ ပြန့်ကြဲပြီး၊ စီးချင်ရာ စီးကုန်မှာပေါ့။ ဒါကြောင့် 'ကမ်း' ဆိုတာ ရှိရတယ်။ အဲဒီဥပမာအတိုင်းပဲ လူ့လောကမှာလည်း စည်းကမ်းဆိုတာရှိရတယ်'' ဟုဆို၏။
ဆရာတော်က ပို၍မှတ်မိစေရန်-
* တူရိယာတွင် စည်း မယှဉ်က၊ နားဝင်မချို
* ကမ်းမိုကမ်သင်း မရှိကင်းက၊ ပျက်ယွင်းပမာ
* လူတို့မှာလည်း ဗလာစည်းကမ်း၊ နေသရမ်းက
* ကိုယ်နွမ်းစိတ်ရိ၊ နောင်ခါသိမည်၊ ဒုက္ခိ ဒုက္ခာ ဒုက္ခောတည်း... ဟူ၍ ဆိုထားသညျ။
'စည်း' နှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ''ဒီကနေ့အတွက် ဒီအတွေး(၂)မှာတော့ 'စည်း' ကို လုံခြုံမှု ဖန်တီးပေးရာလား၊ ကြပ်တည်းမှု ဖြစ်စေတာလားဆိုတာကတော့ အမြင်ပေါ်မှာ မူတည်ပါတယ်။ ကျွန်မတော့ မျှတစေတယ်ဆိုတဲ့သဘောနဲ့ ကြည့်ပါတယ်။ ကိုယ်စည်း၊ သူ့စည်း။ ကိုယ့်စည်းဆိုတာက ကိုယ်ထိန်းသိမ်းရမယ့် စည်း။ ကိုယ့်ရဲ့ တာဝန်ပေါ့။ သူ့စည်းကတော့ သူထိန်းသိမ်းရမယ့်စည်း၊ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေကို မကျော်လွန် မထိခိုက်စေရေးပေါ့။ စောင့်စည်းခြင်းက နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိစေပါတယ်'' ဟုဆိုထားသည်။
'စည်း' နှင့်ပတ်သက်၍ 'စည်း' တဲ့ စကားလုံးလေးတစ်လုံးထဲပဲ။ မိသားစုဆက်ဆံရေးတွေ၊ သူငယ်ချင်းဆက်ဆံရေးတွေ၊ ချစ်သူရည်းစားဆက်ဆံရေးတွေ၊ ရေရှည်တည်မြဲချင်ရင် သူနဲ့ကိုယ်ကြားမှာ 'စည်း' တားဖို့ လိုတယ်။ လူဆိုတာ ဘယ်လောက်ခင်ခင်၊ ဘယ်လောက်ချစ်ချစ် လွတ်လပ်မှုကို ကြိုက်တာသဘာဝမို့ တစ်ဖက်လူကို ဟိုဟာဟိုလိုလုပ်၊ ဒီဟာဒီလိုလုပ်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ထားရှိရမယ့် 'စည်း' ကို ချိုးဖောက်လာရင် အဲဒီဆက်ဆံရေးက ရေရှည်မတည်မြဲဘူး၊ စည်းချိုးဖောက်ပြီး တစ်ဖက်လူကို ပြောဆိုဝေဖန်မလွန်ပါနဲ့။
လူတစ်ယောက် ကိုယ့်အနားမှာ ကြာကြာရှိစေချင်ရင် သူနဲ့ကိုယ်နဲ့ Relationship ကို ရေရှည်ခိုင်မာ တည်တံ့စေချင်ရင် တစ်ခုပဲစောင့်ထိန်းဖို့လိုတယ်။ အဲဒါ 'စည်း' ပါပဲဟု ဆရာဦးဘုန်း(ဓာတု)က ဆိုသည်။ ယခုဖော်ပြချက် အသီးသီးတို့သည် 'စည်း' ဆိုသည့် စကားနှင့်ပတ်သက်၍ အတွေးအမြင်အမျိုးမျိုးပင်ဖြစ်သည်။ မည်သို့ပင် အမြင်သဘောထားများ အသွင်သဏ္ဍာန်အဖြစ် ကွဲပြားစေကာမူ အနှစ်သာရမှာ နေရာတိုင်း၊ အရာတိုင်းတွင် 'စည်း' ဆိုသည်ရှိသည်။ 'စည်း' ခြားမှုမရှိလျှင် တန်ဖိုးပျက်ယွင်းနိုင်ခြင်းပင် ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ ကျယ်ပြောလှသည့် လူ့အဖွဲ့အစည်း၊ အသင်းအပင်း လုပ်ငန်းဌာနများကို အသာထား၍ မိသားတစ်စုအတွင်းမှာပင် လွယ်လွယ်ကူကူ မြင်တွေ့နိုင်သည်။ 'စည်း' ခြားထားသည့် မိသားစုနှင့် 'စည်း' မရှိသည့် မိသားစုနှစ်ခုကို ကြည့်နိုင်သည်။ မိသားစုတစ်ခုတွင် မိဘရှိသည်။ သားသမီးရှိသည်။ ဆွေမျိုးသားချင်းများရှိသည်။ ယင်းတို့အားလုံး ဆက်နွှယ်နေကြသည်။
'စည်း' ခြားမှုမရှိလျှင် ကြာလေ ရှုပ်ထွေးနိုင်လေသာ ဖြစ်သည်။ 'စည်း' ရှိလျှင် မိဘနှစ်ပါးကလည်း မိဘနေရာမှနေ၍ စနစ်တကျ စီမံအုပ်ချုပ်နိုင်သည်။ သားသမီးကလည်း 'စည်း' ရှိပါက မိဘနှင့် သားသမီးဆက်ဆံရေး ပြေလည်နိုင်သည်။ ထိုသို့မဟုတ်မူပဲ မိဘကလည်း ငါမိဘဆိုသည့်နေရာမှ သားသမီးအရေးအရာအားလုံးကို လိုက်၍ထိန်းချုပ်ခြင်း၊ အမိန့်သဘော သက်ရောက်စေခြင်းများသည် ရေရှည်တွင် သိသာနိုင်သည်။
အကြောင်းမှာ သားသမီးများသည် ငယ်စဉ်အခါ မိဘနှစ်ပါးက မည်သို့ပြောပြောဆိုဆို အရာအားလုံးကို ခေါင်းငုံ့ လက်ခံလေ့ရှိသော်လည်း အရွယ်ရလာသည်နှင့်အမျှ၊ အသိဉာဏ်ပညာ ဖွံ့ဖြိုးလာသည်နှင့်အမျှ၊ အရာအားလုံးကို မျက်စိပိတ် နားပိတ် လက်ခံနိုင်ကြမည် မဟုတ်တော့ပါ။ ပိုဆိုးသည်က သားသမီးများကိုယ်တိုင်အရွယ်ရောက်လာ၍ ကိုယ်ပိုင်ဆုံးဖြတ်နိုင်သည့်အချိန်တွင် မိဘနှင့် သားသမီးတို့၏ 'စည်း' ခြားမှု ပို၍သိသာလာလေသည်။
'စည်း' ခြားမှုမရှိဘဲ တွေ့တွေ့ရာ၊ မြင်မြင်ရာ လိုက်၍ပြောနေဆိုနေလျှင် မိသားစုအတွင်း၌ ကြီးမားသည့် ပဋိပက္ခအသွင်ပင် ဆောင်သွားနိုင်လေသည်။ သို့ဖြစ်၍ 'စည်း' ခြားတတ်သူများက လင်မယားကြား၊ သားသမီးများကြားနှင့် ဆွေမျိုးများကြား ဝင်၍ပြုမူပြောဆိုခြင်းများကို ရှောင်ရှားတတ်ကြသည်။
ယနေ့ လူမှုနယ်ပယ်တွင် တွေ့ကြုံနရသည့် မြင်ကွင်းများသည် 'စည်း' မရှိသောကြောင့်ဖြစ်သည်။ အဖေက သားကိုသတ်သည်။ သားက ဖအေ၊ မအေကို ပြန်သတ်သည်။ အစ်ကိုက ညီ၊ ညီက အစ်ကို သတ်နေကြသည်။ ဖခင်ဖြစ်သူက သမီးရင်းဖြစ်သူကိုပင် အဓမ္မပြုကျင့်နေပါသည်။ အရင်းစစ်လျှင် ထားအပ်သည့် 'စည်း' ကျိုးပေါက်နေကြသောကြောင့်ဖြစ်သည်။
'စည်း' ကျိုးပျက်လျှင် ဖြစ်ပေါ်လာမည့် အကြောင်းတရားတို့သည် အဆိုးဘက်ကိုသာလျှင် ယိမ်းယိုင်သွားသည်က များသည်။ သို့ဖြစ်၍လည်း လူ့အဖွဲ့အစည်းတွင် 'လူ့စည်း၊ ဘီလူးစည်း' ပိုင်းခြားတတ်ဖို့ လိုသည်ဟု ဆိုကြသည်။
ဆိုရလျှင် လူ့အဖွဲ့အစည်း၏ သေးငယ်လှသည့် မိသားစု အဝန်းအဝိုင်းကလေးမှာပင် 'စည်း' သည် လိုအပ်ချက် တစ်ခုဖြစ်နေသည်။ သို့ဆိုလျှင် မိသားစုထက် ပိုမိုကျယ်ပြန့် နက်ရှိုင်းသည့် အဖွဲ့အစည်းအသင်းအပင်းနှင့် နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်သည့် Institution အားလုံးတို့တွင် 'စည်း' ဆိုသည်မှာ မည်မျှအရေးကြီးမည် ဆိုသည်မှာ ပြောဖို့ပင် လိုမည်မထင်ပါ။
'စည်း' ရှိခြင်းသည် သူ့တာဝန် ကိုယ့်တာဝန်ကို ပိုင်းခြားလိုက်ခြင်းပင် ဖြစ်သည်။ ကိုယ့်တာဝန်ကို ကျေပွန်အောင်ပြုလုပ်ရန် အရေးကြီးသည်။ 'စည်း' မရှိလျှင် ကိုယ့်တာဝန် ကိုယ်မသိဘဲ ဘောင်လွန်စည်းလွန် ဖြစ်တတ်သည်။ ဘောင်လွန်စည်းလွန်ခြင်းသည် 'စည်း' မဲ့ခြင်းဖြစ်သည်။ တစ်နည်း စည်းဖောက်ခြင်းလည်း မည်သည်။ ရံဖန်ရံခါ ဘောင်လွန် စည်းလွန်ခြင်းကိုပင် သတိမမူ ဂူမမြင် ဖြစ်တတ်သည်။ ရံဖန်ရံခါတွင် ဥပဒေကို လက်တစ်လုံးခြားကောက်ချက်ချကာ ဘောင်လွန်စည်းလွန် ပြောဆိုနေတတ်ကြသည်။ မည်သို့ပင်ဆိုစေ ဘောင်လွန် စည်းလွန်ခြင်းသည် ရလဒ်ကောင်းကို ဖော်ဆောင်နိုင်မည် မဟုတ်ပါ။
'ဒူးနေရာဒူး၊ တော်နေရာတော်' ဆိုသည်မှာ 'စည်း' 'ဘောင်' သတ်မှတ်ထားသည့်သဘောရှိရာ မိဘကလည်း မိဘနေရာတွင်ရှိမှ မိဘ၏ အမူအကျင့် အပြောအဆိုကိုဆိုမှသာ သားသမီးများကလည်း အဦးထားလေးစားမည်ဖြစ်၏။ ထို့အတူ သားသမီးများကလည်း သားသမီးစည်း၊ ဆွေမျိုးများကလည်းဆွေမျိုးစည်း ထားကြလျှင် အပြန်အလှန် 'ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေ' မှုဖြင့် ငြိမ်းချမ်းသာယာနိုင်ပါသည်။ အပြုသဘောဖြင့် ကောင်းကျိုးဆောင်နိုင်ပါသည်။
သို့ဖြစ်၍ သေးငယ်သော လူမှုအဝန်းအဝိုင်းမှစ၍ နိုင်ငံလုံးဆိုင်ရာ တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာအထိ ကိုယ့်စည်းကိုယ့်ဘောင်နှင့် ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်စည်း ကိုယ်လုံကြ၍ လူ့စည်း၊ ဘီးလူးစည်း ပိုင်းခြားနိုင်ကြမည်ဆိုလျှင် ပဋိပက္ခကင်းပသော မြန်မာ သို့မဟုတ် ကမ္ဘာကြီးပင် ဖြစ်နိုင်မည် မဟုတ်ပါလော။ ။