ဘယ်လိုမှ မုန်းမရတဲ့ သူတစ်ယောက်ကို မေ့ပစ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းများ
auntymay.com
|
2020-12-20

အချစ်ကို ခံစားဖူးတဲ့သူတိုင်း အသည်းကွဲခဲ့ဖူးမှာပါ။ အသည်းကွဲတဲ့သူတွေထဲမှာ တစ်ချို့တွေကတော့ အမုန်းနဲ့ အသည်းကွဲတာကို ခံစားကြပေမယ့် တစ်ချို့တွေကတော့ စိတ်ဆိုးလို့တောင် မရတာမျိုး ရှိတတ်ပါတယ်။ ကိုယ့်ကို ထားခဲ့တယ်ဆိုပေမယ့် နှစ်ယောက်ချစ်သူကာလမှာ သူ့ဘက်က ကိုယ့်ကို ဘာမှ သိပ်ပြီး အပြစ်တွေ မကျူးလွန်ထားတဲ့ ချစ်သူတွေကို လူအများစုက မုန်းလို့ မရဘဲ အချိန်အကြာကြီး ချစ်နေမိတတ်ပါတယ်။ ချစ်နေလည်း မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ မုန်းမရလည်း မေ့ပစ်နိုင်ဖို့တော့ လိုအပ်ပါတယ်။ မေ့ပစ်ဖို့ ခက်တယ်ဆိုပေမယ့် ဒီနည်းလမ်းတွေက သင့်ကို အထောက်အကူ ဖြစ်စေပါတယ်။


ဘဝအတွက် ကြိုးစားပါ

ကိုယ့်မှာလည်း ကိုယ့်အိပ်မက်ဆိုတာမျိုး ရှိနေမှာပါ။ ကိုယ် လုပ်စရာရှိတာတွေ လုပ်ရင်း ကိုယ့်ကို စွန့်ခွာသွားတဲ့ တစုံတယောက်ကို လွမ်းနေတဲ့အခါ ကိုယ့်အင်အားတွေက အိပ်မက်အပေါ် ထင်သလောက် အားစိုက်မိနေမှာ မဟုတ်ပါဘူး။ လွမ်းစရာ ရှိရင် အိပ်မက်ကို ပိုပြီး အာရုံစိုက်ပြီး ဘဝအတွက် ကြိုးစားတဲ့အခါ တဖြည်းဖြည်း မေ့သွားပါလိမ့်မယ်။


Photo by cottonbro from Pexels


သတိရတဲ့အချိန်မှာ အလုပ်လုပ်ပါ

ဘယ်လိုမှ မုန်းမရအောင် ဖြစ်တဲ့အထိ ချစ်မိကြတဲ့သူတွေက မုန့်စားရင်တောင် သတိရနေတတ်ပြီး တချို့အချိန်တွေမှာလည်း အလိုအလျောက် သတိရနေမိတတ်ပါတယ်။ ဒီတော့ သတိရလာတဲ့အခါမှာ အာရုံပြောင်းမှသာ သင် မေ့နိုင်မှာ ဖြစ်ပါတယ်။ အာရုံပြောင်းဖို့အတွက် အကောင်းဆုံးက သတိရချိန်တိုင်းမှာ အလုပ်တွေ ကြံဖန် လုပ်လိုက်ဖို့ပါပဲ။ လုပ်စရာ မရှိရင် တံမြက်စည်း ထလှဲတာမျိုး၊ အိမ်သန့်ရှင်းရေး လုပ်တာမျိုး လုပ်လို့ ရပါတယ်။


Photo by Amina Filkins from Pexels


လုံးဝ လိုက်မစပ်စုပါနဲ့

မေ့ဖို့ ကြိုးစားတဲ့အခါမှာ သူ့အကြောင်းတွေကို လုံးဝ မသိတော့ရင် ပိုပြီး ကောင်းပါတယ်။ သူ အဆင်ပြေနေလား၊ ပျော်နေလား၊ ဘယ်လိုနေနေလဲ စတာတွေကို လုံးဝ မသိချင်ပါနဲ့တော့။ အကြောင်း တိုက်ဆိုင်လို့ ဆုံမိတာမျိုးကလွဲရင် ကိုယ့်ဘက်ကနေ သူ့အကြောင်းတွေ သိအောင် လုပ်နေတာတွေကို လုံးဝ ရပ်လိုက်မယ်ဆိုရင် မေ့နိုင်မယ့် ရာခိုင်နှုန်း ပိုများပါတယ်။


Photo by Andrea Piacquadio from Pexels


ပျော်ရွှင်စရာလေးတွေ လုပ်ပါ

ပျော်ရွှင်မှုတွေမှာ သင့်ကို ခံစားချက်တွေ ကောင်းလာအောင် လုပ်နိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။ ပျော်နေတဲ့အချိန်တွေမှာ တခြားသော စိတ်မကောင်းစရာတွေကို သိပ်သတိမရတတ်ပါဘူး။ ကိုယ့်အတွက် မေ့မရနိုင်တဲ့သူအများစုက ကိုယ့်ကို အဆင်မပြေတဲ့ ခံစားမှုမျိုးပဲ ပေးလေ့ ရှိကြပါတယ်။ ဒီအတွက် ကိုယ် ပျော်တဲ့အရာလေးတွေ လုပ်ရင်း မေ့ဖို့ လုပ်ရမှာ ဖြစ်ပါတယ်။ ပျော်စရာတွေကို မေ့ပြီး လွမ်းပဲ လွမ်းနေရင် ဘယ်တော့မှ မေ့ရမှာ မဟုတ်ပါဘူးနော်။


Photo by La Miko from Pexels


အမှတ်တရတွေကို ဖျက်ပစ်ပါ

ကိုယ်အမြဲ အမှတ်ရပြီး မေ့မရဘူးဆိုတာ အချစ်ရေးမှာ သိပ်ကို နာကျင်စရာကောင်းပါတယ်။ ဒီလိုမျိုး နာကျင်မှုမျိုးကို မခံစားရဖို့အတွက်ဆိုရင် နှစ်ယောက်ကြားမှာ ရှိထားခဲ့ဖူးတဲ့ အမှတ်တရတွေကိုပါ လွှင့်ပစ်မှ ဒီလို နာကျင်မှုကို စွန့်ပစ်နိုင်မှာ ဖြစ်ပါတယ်။ သူပေးထားတဲ့ လက်ဆောင်တွေကို သံယောဇဉ် အမျှင်တန်းပြီး သိမ်းထားမနေပါနဲ့။ အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း ဖျက်လိုက်ပါ။ ဒီလိုမျိုး သူ့အငွေ့အသက်တွေ သင့်မှာ မရှိတော့တဲ့အခါ တဖြည်းဖြည်း မေ့နိုင်သွားမှာပါ။

Kham

 


#Photo
#အိပ်မက်
#အမှတ်တရ
#တံမြက်စည်း
#ပဲလွမ်း

Some text some message..