စရိုက်
mmtimes.com
|
2021-01-02



စရိုက်

လူတစ်ယောက်၏ အကျင့်စရိုက်သည် ထိုသူ၏ ကံတရားဖြစ်၏။ ထိုသူ၏ ဘဝဖြစ်၏။ တစ်နည်းအားဖြင့် လူတစ်ယောက်၏ စိတ်နေစိတ်ထား၊ လူတစ်ယောက်၏ အပြောအဆို၊ လူတစ်ယောက်၏ အပြုအမူသည် ၎င်း၏ ကံတရားဖြစ်၏။ ၎င်း၏ 'ဘဝ' အခြေအနေဖြစ်၏။

မည်သူမဆို သူ၏ မနောကံ၊ သူ၏ ဝစီကံ၊ သူ၏ ကာယကံတို့သည် သူရရှိမည့်၊ သူရောက်ရှိမည့် သူရအပ်သည့် 'ဘဝ' အခြေအနေ ဖြစ်လေသည်။ ယင်းကို ခြုံ၍ပြောရမည်ဆိုလျှင် လူတစ်ယောက်၏ စရိုက်သည် ထိုသူ၏ 'ဘဝ' ဖြစ်၏။

မရှက်တမ်း ဝန်ခံရမည်ဆိုပါလျှင် ထိုအယူအဆကို ကျွန်တော်ငယ်စဉ်က (လုံးဝ) လက်ခံနိုင်စွမ်း မရှိခဲ့ချေ။ (ကာယ၊ ဝစီ၊ မနော၊ နေချင်သလို နေ၊ ပြောချင်သလို ပြော၊ ပြုချင်သလိုပြုပြီး လျှမ်းလျှမ်းတောက် ကြွယ်ဝနေသူတွေ တစ်ပုံကြီးပဲဟုပင် လွဲမှားစွာ ထင်မှတ်မှားခဲ့ဖူးချေသည်။)

ကာယ၊ ဝစီ၊ မနောကို ထိန်းထိန်းသိမ်းသိမ်းမရှိဘဲ နေချင်သလို နေ၊ ပြောချင်သလို ပြော၊ လုပ်ချင်ရာ လုပ်နေကြသော ၎င်းတို့ ဘဝအခြေအနေ သာယာစိုပြည်နေကြသည်ကို တွေ့မြင်နေရသဖြင့် ကျွန်တော်သည်လည်း ကိုယ့်ကာယကံ၊ ကိုယ့်ဝစီကံ၊ ကိုယ့်မနောကံတို့ကို ထိန်းချုပ်စရာ မလိုလောက်ဘူးဟုပင် ထင်မြင်ယွင်းမှားခဲ့ပေ၏။

အမှန်တကယ်မူ ၎င်းမထိန်းချုပ်သူတို့သည် အတိတ်ကာလများဆီက ထိန်းချုပ်နိုင်စွမ်းရှိခဲ့ကြသဖြင့် ယခုပစ္စုပ္ပန်ဘဝတွင် နေချင်သလိုနေနေပါလျက်။ အရာရာအစစ ဘဝအခြေအနေ စိုပြည်တင့်တယ်နေကြခြင်း ဖြစ်ပေသည်။ အတိတ်၏ ကောင်း,ကံတို့၏ အကျိုးပေးဖို့ ခံစားနေကြရခြင်းဖြစ်၏။ ဤသည်ကိုပင် 'အဟောင်းစား' ဟု ခေါ်တွင်လေ့ရှိကြောင်း မှတ်သားဖူးပါသည်။

ယင်းတို့ကဲ့သို့ ကျွန်တော့်မှာ ကံ,အဟောင်း ကောင်းကောင်းမရှိခဲ့ပါသဖြင့် ပစ္စုပ္ပန်ဘဝတွင် ဆင်းရဲသား မိဘနှစ်ပါးထံ၌ လူလာဖြစ်ရလေ၏။ အဟောင်းလည်း ကောင်းကောင်းမရှိခဲ့ပါဘဲလျက် ပစ္စုပ္ပန်တွင် ကောင်းသောစရိုက်ဖြင့် နေထိုင်ရမည်ကို လိုလိုလားလား သိမှတ်လက်ခံနိုင်စွမ်း နည်းပါးခဲ့ရချေသည်။

သို့သော် ကိုယ်တိုင်က မသိမမြင် မစွမ်းဆောင်နိုင်အောင် ဉာဏ်နည်းခဲ့ပါလျက် လူကြီးမိဘတို့၏ အထိန်းအကွပ်များစွာ များစွာကြောင့် ကောင်း,ကံတို့ကို မလုပ်ချင်ဘဲ လုပ်ခဲ့ရ၊ မလုပ်ချင်လည်း လုပ်ခဲ့ရလေသည်။

အထူးသဖြင့် ကျွန်တော့်မိခင်က ကျွန်တော့်ကို ကံ,ငါးပါး လုံခြုံဖို့သင်၏။ ဘုရားရှိခိုး သင်၏။ ထမင်းချက်၊ ဟင်းချက်၊ အဝတ်အထည်၊ အလျှော်အဖွပ်၊ အိမ်မှုကိစ္စ အဝဝကိုလည်းသင်၏။ ထိုသင်ကြားမှုများကို မညည်းမညူ လိုက်နာ သင်ယူဖြစ်ခဲ့သည်။ (စိတ်ပါလက်ပါ လိုက်နာသင်ယူခဲ့ခြင်း ဖြစ်ပါသည်။)

သို့သော်... သို့သော်... သို့သော်။ လွန်စွာစိတ်ညစ်ဖွယ်ကောင်းသည့် အခြားသော သင်ကြားမှုများစွာကိုမူ ကျွန်တော် စိတ်မပါ၊ လက်မပါ။ (စိတ်ဆင်းရဲခြင်းကြီးစွာဖြင့်) လိုက်နာလုပ်ဆောင်ခဲ့ရပါသေး၏။ ၎င်းတို့မှာ....

ထမင်းစားလျှင် ပျတ် ပျတ် ပျတ် ပျတ် မမြည်ရ။ ထမင်းနယ်လျှင် လက်ချောင်းများ၏ ပထမလက်ဆစ်နှင့် ဒုတိယလက်ဆစ်များသာ ထမင်းဟင်း ပေကျံရမည်ဖြစ်ပြီး တတိယလက်ဆစ်နှင့် လက်ဝါးပြင် အလယ်တည့်တည့်တွင် မည်သည့် ဟင်းထမင်းမျှ မပေကျံရ။

ဟင်းအရည်ပန်းကန်၊ ဟင်းအဖတ်ပန်းကန်တို့ဆီသို့ အသက် (၁၃)နှစ် မပြည့်မချင်း လက်မလှမ်းရ။ ဟင်းလိုအပ်လျှင် မိဘထံတွင် (ဟင်းထည့်ပေးရန်) တောင်းခံရမည်။ ကိုယ်တိုင် ဟင်းခပ်ခွင့် ရသည့်အခါတွင်လည်း ဇွန်းကို ထမင်းစားလက်ဖြင့် မကိုင်ရ။ ဟင်းခပ်ယူပြီး၍ ဇွန်းကို ဟင်းပန်းကန်ဆီ ပြန်ထားလျှင် ဇွန်းနှင့် ပန်းကန် ထိခတ်သံ မထွက်ရ။ ဖြည်းညင်းစွာ ပြုမူရမည်။

ထမင်းလုတ်ကို လျှာထုတ်၍ မစားရ။ ထမင်းလုတ်ဆီသို့ ပါးစပ်မသွားရ။ ပါးစပ်ဆီသို့ ထမင်းလုတ် လာရမည်။ ပါးစပ်ကို ကျယ်စွာမဟရ။ ထမင်းလုတ်သည်လည်း လွန်စွာမကြီးရ။ (ထမင်းကို ပါးစောင်ကပ်၍ မစားရ။ ပလုတ်ပလောင်း မစားရ။) ထမင်း ပါးစောင်ကပ်၍သော်လည်းကောင်း၊ ထမင်း ပလုတ်ပလောင်း စားလျက်သော်လည်းကောင်း၊ စကားမပြောရ။ (စကားပြောချိန်တွင်လည်း အသံကျယ်လောင်စွာ အော်ဟစ် မပြောရ။ တဟေးဟေး၊ တဟားဟား၊ ဟေးလားဝါးလား မနေထိုင်ရ။)

ထမင်းစာပွဲဝိုင်းတွင် ထိုင်သည့်အခါ ဒူးပေါ် လက်တင်၍ မထိုင်ရ။ ထမင်းပန်းကန် အနားပေါ်တွင် ထမင်းဟင်းများ မတင်ရ။ မပေကျံရ။ ထမင်းစားပွဲပေါ်သို့ ထမင်းဟင်း တစ်စေ့တစ်-စက်မျှ မကျရ။ မည်သည့် အစားအစာကိုမျှ စုတ်ယူသကဲ့သို့ မစားရ။ ဟင်းအရည်သောက်လျှင် ပါးစပ်ဖြင့် စုတ်ယူသကဲ့သို့ မသောက်ရ။

ခါက်ဆွဲအမျှင်ရှည်တို့ကို စုတ်ယူသကဲ့သို့ ကျွန်တော်စားဖူးသည်။ ရှူးခနဲ စုတ်ယူစားသုံး၏။ ကျွန်တော့် ဦးခေါင်းထက်သို့ ဂေါက်ခနဲနေအောင် အမေခေါက်၏။ (လူလိုစားဟု ပြောသေးသည်။ ထမင်းစားရင် လျှာကြီး ထုတ်ထုတ်စားတာ သစ်ကုလားအုပ်တွေ စားတာဟုလည်း ပြော၏။) ကျွန်တော် စိတ်ညစ်ခဲ့ရသည်။

ဧည့်သည်ဆောင်တာ လာသည့်အခါ (ဆွေမျိုးညာတိပင်ဖြစ်စေ) လူကြီးသူမများ စားသည့် အစားအသောက် ပန်းကန်ထဲမှာ မည်သည့်အစားအစာမျှ မိမိဘာသာ ယူမစားရ။ (စားလိုကြောင်း၊ မိဘကို ပြောရမည်။ ဒါတောင် ဧည့်သည်ရှေ့မှာ အခွင့်ကောင်းယူသည်ဟု အထင်ခံရနိုင်သဖြင့် ကျွန်တော် မတောင်းခံဘူးခဲ့ပါ။)

အသားဟင်းဖြစ်စေ၊ အသီးအရွက် တို့စရာဖြစ်စေ၊ လွန်ကျူးမက်မောစွာ (များပြားစွာ) မစားရ။ တော်ရုံသင့်ရုံသာ စားစေသည်။ (ကလေးဆိုတာ အစားမကျူးရဘူးဟုလည်း အဖေပြောထားဖူးသေး၏။ မူလတန်းအရွယ်မျှတွင်ပင် ထမင်းစားပွဲပေါ် ထမင်းဖိတ်စင်လွန်းသဖြင့် အဖေရိုက်သည်ကို ခံခဲ့ရဖူးသေးသည်။) အမေ သင်ပေးသော အဝတ်လျှော်နည်း။ ထမင်း၊ ဟင်း ချက်နည်း။ (သင်ပုံ၊ သင်နည်း) တို့ကို ထည့်မပြောတော့ပါ။

အိမ်တွင်လည်းကောင်း၊ လမ်းတွင်လည်းကောင်း၊ လမ်းလျှောက်သည့်အခါ၊ ခြေလှမ်းမပြင်းထန်ရ။ ခြေသံမထွက်ရ။ အထူးသဖြင့် လမ်းမပေါ်တွင် လမ်းလျှောက်သည့်အခါ ဖိနပ်ရှပ်တိုက် မလျှောက်ရ။ ဖိနပ်နှင့်လမ်း မလွတ်အောင် မလျှောက်ရသည်။ လမ်းလျှောက်တာတောင် တရွတ်ဆွဲနေရင် ဘဝတစ်ခုလုံး တရွတ်ဆွဲနေမယ်ဟု အမေ ခဏ ခဏ ဆူပြော ပြောဖူး။ (ယနေ့ လူတော်တော်များများ၏ လမ်းလျှောက်ပုံကို ကျွန်တော် တမင်စူးစမ်းကာ ငေးကြည့်ဖူးသည်။ ဆယ်ယောက်မှာ ရှစ်ယောက်လောက်က ဖိနပ်နှင့်လမ်း ရှပ်တိုက်ကာ လျှောက်လှမ်း နေကြရှာ၏။)

''ဖိနပ်နဲ့လမ်း ရှပ်တိုက်လျှောက်ရင် ဖိနပ်မြန်မြန်ပါးပြီး ဖိနပ်ဖိုးကုန်မှာ စိုးလို့လား'' ဟု အမေ့ကို ကျီစယ်ဖူးသော အပြောင်အနောက်စကားကို ပြန်လည်သတိရဖြစ်၏။ ''ဖိနပ်ရှပ်တိုက်လျှောက်ရအောင် နင် လေဖြတ်နေလို့လား'' ဟု အမေ မေးပြော ပြော၏။ ခေါင်းခေါက်လိုက်ပါသေးသည်။ အစားအသောက် အသွားအလာသာမက အနေအထိုင်ကိုလည်း သင်အံ၏။ အိပ်ပုံအိပ်နည်းကိုလည်း သင်ကြား၏။ မည်သည့်နေရာတွင်မဆို ဒူးထောင်ပေါင်ကား မထိုင်ရ။ (ရုပ်မြင်သံကြား အစီအစဉ်တချို့တွင် ဒူးထောင်ပေါင်ကား ထိုင်နေသူတွေ ပေါင်နှစ်လုံးကားလျက် ထိုင်နေသူတွေကို ကြည့်မိစဉ်တိုင်း အမေ့ကို သတိရ၏။)

ထို့ပြင် ရိုသေအပ်သည့်သူ ရှိရာဘယ်သို့ ခြေချိတ်မထိုင်ရ။ လူကြီးသူမတို့၏ ရှေ့မှသွားလျှင် လက်ပိုက် ခါးကိုင်းလျက် သွားလာရမည်ကို မူကြိုအရွယ်ကတည်းက သင်ကြားပြီးဖြစ်သည်။ အိပ်ရာဝင်တိုင်း ဘုရားရှိခိုးခိုင်းသည်။ အိပ်သည့်အခါ လယ်ယာဘက်သို့သာ လှည့်၍ အိပ်ရသည်။ ခြေထောက်ကို ဖြောင့်စင်းစွာ ထားအိပ်ရသည်။ ကွေးလျက် မအိပ်ရ။ လက်ကို ဘယ်လိုထားရမှာလဲဟု ကျွန်တော် အတွန့်တက်ဖူးသည်။ လက်ပိုက်အိပ်ဟု အမေဆို၏။

အိမ်နီးနားချင်း လူကြီးတစ်ဦးဦးက ဆိုဆုံးမလျှင် လိုက်နာရမည်။ မည်သည့် လူကြီးနှင့်မဆို စကားပြိုင် မဆိုရ။ စကားနိုင် မလုရ။ တစ်ခွန်းမကျန် ပြန်မပြောရ။ ထိုလူကြီးက မှားနေသည့်တိုင် ရိုင်းစိုင်းစွာ ခွန်းတုံ့ပြန်သူဟု အထင်မခံရစေရန်၊ နှုတ်ဆိတ်လျက်နေရန်၊ အမေ မှာကြားသင်အံခဲ့၏။ အမေ့၏ မြားမြောင်လှစွာသော စည်းကမ်းတို့ကို ရေးပြ၍ ကုန်လေမည် မဟုတ်ပါ။

အထက်ပါ စည်းကမ်းများကို ကျွန်တော် အမေ့မျက်မှောက်တွင်သာ လိုက်နာခဲ့ပြီး မျက်ကွယ်တွင်မူ နေချင်သလိုနေ ပြောချင်သလိုပြောခဲ့မိသည့် အခါကာလများ များစွာရှိခဲ့ပါသည်။ စိတ်ကျဉ်းကျပ်ခြင်းများစွာ၊ စိတ်ညစ်ခြင်းများစွာဖြင့် အမေ့ရှေ့မှောက်တွင် မလိုက်နာချင်ဘဲ လိုက်နာခဲ့ရင်းက နောင်ကာလများစွာ ကြာခဲ့လေသော် ထိုစိတ်မပါဘဲ လုပ်ခဲ့ရသည့် လိုက်နာခဲ့ရသည့် အပြုအမူများတို့သည် ကျွန်တော့်၏ ကိုယ်ပိုင်အပြုအမူ ကိုယ်ပိုင်စရိုက်ကဲ့သို့ ရှိခဲ့ရလေတော့သည်။

စိတ်မပါသည့်တိုင် အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် အခါခါ လုပ်ပါများသည့်အခါ စရိုက်ပမာ ဖြစ်ခဲ့ရလေသည်။ ထိုစရိုက်တို့တွင် မကောင်းမှန်တာ တစ်ခုမျှ မပါဝင်ပါကြောင်း၊ ပြုရင်းဆောင်ရင်းဖြင့် ကျွန်တော် သေသေချာချာ သိလာခဲ့ရသည်။ ထိုသို့သိမှသာ တန်ဖိုးထားချင်စိတ်ဖြစ်ရ၏။ မသိမမြင်စဉ် အခါကာလများစွာတွင်မူ ချုပ်ချယ်ညှဉ်းပန်းခြင်းများဟုပင် ထင်မှတ်ခဲ့ရ၏။

ကျွန်တော်၏ ကာယ၊ ဝစီ၊ မနောကို အမေပြုပြင်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း အခါမနှောင်းခင် ကျွန်တော် သိမှီခဲ့ရသည်။ ထိုအသိအမှီတို့ဖြင့် ဘဝလမ်းကို ဖြတ်သန်းနိုင်ခဲ့ခြင်းကြောင့် အမေ့ကို ကျေးဇူးတင်စကားဆိုကာ ကျေးဇူးသိခြင်းအမှုတို့ကို နိုင်သလောက် ပြုမူဖြစ်ခဲ့သည်။ ကျွန်တော့်၏ ယွင်းမှားသော စရိုက်တို့သည် ကျွန်တော့်၏ ကိုယ်ပိုင်စရိုက်ဖြစ်ပြီး ကောင်းမွန်သော စရိုက်ဟူသမျှသည် အမေပြုပြင်ပေးခဲ့သော အမေ့စရိုက်များဖြစ်ကြောင်း ကျွန်တော်အာမခံဝံ့သည်။ ယနေ့အခါကာလတွင် ကျွန်တော့်လို သားသမီးမျိုးကို သင်အံနိုင်ဖို့ ကျွန်တော့်အမေလို အမေမျိုးတွေ ရှိမှရှိပါသေးလေစဟု တွေးကြည့် ပူပန်မိလေသည်။

ကာယဣန္ဒြေ၊ ဝစီဣန္ဒြေ၊ မနောဣန္ဒြေတို့ကို စောင့်ထိန်းနေခြင်းသည် ကုသိုလ်တရားများ ပွားများနေခြင်းဖြစ်ကြောင်း၊ အမေ ကျွန်တာ့်ကို နားလည်အောင်၊ နားရှင်းအောင်၊ နားဝင်အောင် ပြောမပြခဲ့ချေ။ လုပ်ကို လုပ်ရမည့်အလုပ် (အပြုအမူ)တို့ကို မဖြစ်မနေ မပျက်မကွက် လိုက်လုပ်ရန်သာ စေခိုင်းခဲ့ချေ၏။ ထိုအစေအခိုင်းတို့ကြောင့် ''ကံ'' ဖြစ်ခဲ့၏။ ထို''ကံ''များကြောင့် စရိုက်ဖြစ်ခဲ့၏။ ထိုစရိုက်သည်ပင်လျှင် (ကျွန်တော့်၏) ''ဘဝ'' ဖြစ်ခဲ့ရချေပြီ။

ဘာမျှနားမလည်ဘဲ မိဘခိုင်းသဖြင့်သာ လိုက်လုပ်ခဲ့ရသည့် အထက်ပါ အပြုအမူများစွာသည် (ကုသိုလ်တရား၊ ကံတရားများ ဖြစ်ခဲ့ပါသည်ဟု မယူဆ၊ မယုံကြည်၊ မလိုက်နာချင်လျှင်သော်မှ) ၎င်းအပြုအမူ ၎င်းအကျင့်စရိုက်တို့သည် (မြန်မာ) မိခင်တစ်ဦးက (မြန်မာ) သားတစ်ယောက်ကို မဖြစ်မနေ ပြုမူခိုင်းစေခဲ့သော မြန်မာ့အပြုအမူ၊ မြန်မာ့အကျင့်၊ မြန်မာ့စရိုက်၊ မြန်မာ့ဓလေ့ထုံးစံများဖြစ်ကြောင်း.... ဂုဏ်ယူစွာ ကျွန်တော် ပြောပြနေချင်သည်။


#စရိုက်
#ထမင်း
#ဖိနပ်
#အမေ့
#အမေ

Some text some message..