ဓာတ်ပုံ-မာနော်/မြန်မာတိုင်းမ်
၂ဝ၂၁ နှစ်သစ်မှာ မင်္ဂလာပါ
ယနေ့ New Normal ကိုရောက်နေတဲ့ ပြည်သူတွေကို ၂ဝ၂၁ ခုနှစ်အကူးမှာ မဂင်္လာရှိပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ မင်္ဂလာရှိစေဖို့ အလွယ်အကူဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့နည်းလမ်းကို ပေးချင်တယ်။
လူတွေက ပထမလိုချင်တာက ကျန်းမာရေးပဲ။ မကျန်းမာရင် ဘာမှမလုပ်နိုင်ဘူး။ ဒါပေမဲ့ ကျန်းမာနေရုံနဲ့အဆင်မပြေသေးဘူး။ ဒီတော့ ဘာကိုလိုလဲ။ ပညာပေါ့။ အသိပညာဟာ လူတွေကို အဆင့်မြင့်မြင့်နေနိုင်ဖို့ ဖြစ်တယ်။ အသိပညာကိုရဖို့ ဘာတွေလုပ်ရမလဲ။
အဲဒါက စာဖတ်ဖို့ပါပဲ။ စာဖတ်ပြီးနောက်တစ်ဆင့်ကတော့ စာကောင်းတွေကို သိထားဖို့ပါပဲ။ ကောင်းတဲ့စာတွေ၊ ကောင်းတဲ့စကားတွေကို မှတ်သားတာ မင်္ဂလာပဲလို့ ဆိုချင်တယ်။ အထူးသဖြင့် ခုလိုကိုဗစ်ရောဂါတွေကြောင့် လူတွေဟာ New Normal မှာရောက်တဲ့ကာလပေါ့။
စာကောင်းတွေကိုဖတ်ပြီး လိုက်နာကျင့်ကြံရင် မင်္ဂလာပဲလို့ ထပ်ပြီးဆိုချင်တယ်။ ဒီတော့ ကျွန်တော်ဖတ်ထားမှတ်ထားတဲ့ ကောင်းတဲ့စာတွေ၊ ကောင်းတဲ့စကားတွေကို ဝေငှလိုတယ်။
Apple ကုမ္ပဏီ CEO, iPhone တီထွင်သူ စတိဖ်ဂျော့ဘ် (Steve Jobs) ဟာ ၂ဝ၁၁ အောက်တိုဘာလမှာဆုံးတော့ ဒေါ်လာသန်းပေါင်း ၇ဝဝဝ (7 billion) အမွေကျန်ခဲ့တယ်။ သူကွယ်လွန်တဲ့အချိန်က အသက် ၅၆ နှစ်သာရှိပါသေးတယ်။ သူမသေဆုံးခင်ပြောခဲ့တဲ့ စကားတချို့ကို တင်ပြချင်တယ်။
- အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘဝကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့ အရာတွေက ငါ့မှာရှိတဲ့ အောင်မြင်မှုတွေ ချမ်းသာကြွံယ်ဝမှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပာယ်မဲ့သွားမှာပဲ။
- မင်းအတွက် ကားကိုမောင်းပေးဖို့ ယာဉ်မောင်း(ဒရိုင်ဘာ) ကို ငှားပေးလို့ရပါတယ်၊ ဒါပေမယ့် ဝေဒနာကိုတော့ အစားဝင်ခံပေးဖို့ လူငှားလို့မရဘူး။
- ပစ္စည်းဥစ္စာတွေ ပျောက်သွားရင် ရှာလို့တွေ့ကောင်းတွေ့နိုင်ပေမယ့် အသက်ပျောက်သွားတဲ့အခါ ဘယ်တော့မှ ရှာမတွေ့နိုင်တော့ဘူး။ ဒါကြောင့် ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ပါ။
- မင်းကိုချစ်တဲ့လူတွေကို အလေးထားဆက်ဆံပါ။
- ဒေါ်လာ ၃ဝ တန်နာရီပဲဖြစ်ဖြစ်၊ ဒေါ်လာ ၃ဝဝ တန်နာရီပဲဖြစ်ဖြစ် အဲဒီနာရီနှစ်ခုလုံးက မင်းသိချင်တဲ့ အချိန်တစ်ခုတည်းကိုပဲ တူညီစွာပြသပေးမှာပါ။
- ဒေါ်လာတစ်သိန်းခွဲတန် ကားကိုပဲမောင်းမောင်း၊ ဒေါ်လာသုံးထောင်တန် ကားကိုပဲမောင်းမောင်းတူညီတဲ့လမ်း၊ တူညီတဲ့ခရီးအကွာအဝေးနဲ့ သင်သွားချင်တဲ့နေရာကို အတူတူပဲပို့ပေးမှာပါ။
- ဒေါ်လာ ၃ဝဝ တန် ဝိုင်ပဲသောက်သောက် ၁ဝ ဒေါ်လာတန် ဝိုင်ကိုပဲသောက်သောက် မူးတာကတော့ အတူတူပဲဖြစ်နေမှာ။
- ဒေါ်လာ ၃ဝဝ တန် ပိုက်ဆံအိတ်ပဲကိုင်ကိုင်၊ ဒေါ်လာ ၃ဝ တန် ပိုက်ဆံအိတ်ပဲကိုင်ကိုင် အိတ်ထဲကပိုက်ဆံပမာဏက ပြောင်းသွားမှာမဟုတ်ဘူး။
- စတုရန်းမီတာ ၃ဝဝ ကျယ်တဲ့အိမ်မှာပဲနေနေ၊ စတုရန်းမီတာ ၃ဝဝဝ ကျယ်တဲ့အိမ်မှာပဲနေနေ အထီးကျန်တဲ့လူက အထီးကျန်နေမှာပဲ။
- ပထမတန်းကပဲ လေယာဉ်စီးစီ၊း ရိုးရိုးတန်းကပဲ လေယာဉ်စီးစီး လေယာဉ်ပျက်ကျရင်တော့ မင်းလည်းသေရမှာပဲ။
- မင်းနားလည်ဖို့ ငါမျှော်လင့်တာက ပျော်ရွှင်မှုအစစ်ဆိုတာကို ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္ထုပစ္စည်းဥစ္စာတွေကနေ ရှာလို့မရနိုင်ဘူးဆိုတာပဲ။
ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ ကိုယ်ချစ်တဲ့ တစ်စုံတစ်ယောက်နဲ့ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမနဲ့ ဒါမှမဟုတ် သူငယ်ချင်းနဲ့ သီချင်းတွေဆို ပြောဆိုရယ်မောပျော်ရွှင်ပြီးနေရတာကို ဆိုလိုတာပါ။ နောက်ပြောချင်တာက ကလေးတွေကို ဘယ်လိုချမ်းသာအောင်လုပ်မလဲလို့ မသင်ပါနဲ့။ ဘယ်လိုပျော်ရွှင်အောင် နေထိုင်ရမလဲဆိုတာကိုသင်ပါ။
ဒါဆို သူတို့အရွယ်ရောက်ရင် အရာဝတ္ထုပစ္စည်းဥစ္စာ တွေရဲ့တန်ဖိုးကို နားလည်လာလိမ့်မယ်၊ တန်ဖိုးထားတတ်လာလိမ့်မယ်။ တန်ဖိုးဆိုတာ ကပ်ထားသတ်မှတ်ထားတဲ့ ဈေးနှုန်းကို ဆိုလိုတာမဟုတ်ဘူးနော်။ အစားအသောက်ကို ဆေးလိုစားပါ၊ မဟုတ်ရင်တော့ ဆေးကို အစားအသောက်လိုစားနေရလိမ့်မယ်။
လူဖြစ်တာ (human being) နဲ့ လူသားဆန်ဆန်ပြုမှုနေထိုင်တာ (being human) က အများကြီးကွာခြားမှုရှိတယ်။ အဲ့ဒါကို လူအနည်းငယ်လောက်ပဲ နားလည်ကြတယ်။ သင့်ကိုမွေးတုန်းက လူတွေကချစ်ကြတယ်။ သင်သေသွားတဲ့အခါမှာလည်း လူတွေချစ်အောင် လုပ်ရမယ်။ အဲဒီနှစ်ခုကို မသေခင် အကောင်းဆုံးထိန်းထားနိုင်ရမယ်။
မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ။ ဝေးဝေးကိုသွားချင်ရင်တော့ နှစ်ယောက်အတူတကွသွားပါ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာဝန်ခြောက်ယောက်ကတော့-
၁၊၊ နေရောင်ခြည်
၂၊၊ အနားယူခြင်း
၃၊၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း
၄၊၊ အစားအသောက် ချင့်ချိန်စားသောက်ခြင်း
၅၊၊ မိမိကိုယ်ကို ယုံကြည်မှု
၆၊၊ အပေါင်းအသင်းမိတ်ဆွေသူငယ်ချင်း
အဲဒီဆရာဝန်တွေကို အသက်ရှင်စဉ် ခေါင်းထဲမှာအမြဲထည့်ထားပြီး ကျန်းမာအောင်နေထိုင်ပါ။ အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွာရမှာပါ။ အဲ့ဒါကြောင့် အသက်ရှိနေစဉ် သင့်မိသားစုကိုချစ်ပါ။ သူငယ်ချင်းတွေကိုချစ်ပါ။ သင့်ရဲ့ဘဝလက်တွဲဖော်ကိုချစ်ပါ။ သင့်အပေါ်ကောင်းဖူးတဲ့လူတွေကိုချစ်ပါ။ ဒါကို စတိဖ်ဂျော့ဘ် (Steve Jobs) က ပြောသွားတာကို ဂျွိုင်းမိတ်ကာ (Joymaker) က ပုံဖော်ပြန်ဆိုထားတာပါ။
ဆရာဇော်ဂျီကတော့ ကဗျာလေးရေးခဲ့တယ်-
သြော် ... လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။
ဇော်ဂျီ
ဆရာဇော်ဂျီရဲ့အမည်အရင်းက ဦးသိန်းဟန်ပါ။ ဆရာကတော့ တာဝန်ကျေကြဖို့ ပြောတာပါ။ အထူးသဖြင့်တာဝန်ရှိတဲ့သူတွေပေါ့လေ။ အင်္ဂလိပ်စာကို သင်ကြားရေး မီဒီယာအနေနဲ့ သုံးဖို့လုပ်နေတဲ့သူတွေ 'သင်၏ မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏' ဆိုတာကို မေ့နေကြပါသလား။
ဆရာတော်ဦးဝိစာရကတော့ များများမမှာခဲ့ပါဘူး။ ဆရာတော်က လွတ်လပ်ရေးကို ကြိုးပမ်းရင်း အစာငတ်ခံသွားတာပါ။ ဆရာတော်က 'လိမ်မာရစ်ကြပါ' လို့ပဲ မှာတယ်။
ဗုဒ္ဓမြတ်စွာကတော့ အပ္ပမာဒေန သမ္ပာဒေထလို့ပဲ မှာထားခဲ့တယ်။ ဒီတော့ ကိုဗစ်ကာလ နေ့မြင် ညပျောက်မှာ ဘာမှာတမ်းတွေထားခဲ့ချင်တာလဲ။ တော်ကြာသိပ်ကို နောက်ကျသွားမယ်။
ကိုဘသစ်ကတော့ 'ဘယ့်နှယ့်ဗျာ။ နှစ်ဦးမှာ သေလွန်တဲ့အကြောင်းပဲ ပြောတာလဲ' လို့ မေးမှာပဲ။ 'ဒါကတော့ 'နေခြင်းဆိုတာမမြဲ သေခြင်းသာလျှင် မြဲ၏' ဆိုတဲ့ စကားအတိုင်းပေါ့။ ကျွန်တော်တို့ဟာ မမေ့မလျော့ကြဖို့ပဲ။ အထူးသဖြင့် ဘယ်အခါမှာချစ်နိုင်ကြလဲ။ ဘယ်အခါမှာ မေတ္တာထားနိုင်လဲ''
ပညာကို အရင်းတည်ကြဖို့ပါ။ အခါခါဖတ်ပြီး ဆင်ခြင်ကြည့်ပါ။ မင်္ဂလာကျက်သရေ တက်နေဖြိုးဝေလာမှာပါပဲ။
၂ဝ၂၁ နှစ်သစ်မှာ ပျော်စရာများဖြင့် ဘာလုပ်ရမယ်ဆိုတာကို သန္နိဋ္ဌာန် (New Year Resolution) ချနိုင်ကြပါစေ။