
အချစ်ဆိုတဲ့ အရာက ချစ်တယ်ဆိုတဲ့ စကားမပြောရင်တောင်မှ သိနိုင်တဲ့ အရာ ဖြစ်ပါတယ်။ ချစ်တယ်ဆိုတဲ့ စကား တစ်ခွန်းက ပြောဖို့ လိုအပ်တယ်ဆိုပေမယ့် ဒီစကား မပြောရင်တောင် အချစ်တွေ ရင်ထဲ ရှိနေကြောင်းကို သိစေနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။ ကိုယ့်ကောင်လေးက ချစ်တယ်ဆိုတဲ့ စကားကို ခဏခဏ မပြောလို့ ကိုယ့်ကို မချစ်တော့ဘူးလားလို့ ထင်မိတတ်ရင်တော့ ဒီအချက်တွေကို ကြည့်နိုင်ပါတယ်။ ချစ်တယ်လို့ မပြောရင်တောင်မှ ကိုယ့်ချစ်သူက ကိုယ့်ကို သဲသဲလှုပ်ချစ်နေသလားဆိုတာကို ဒီအချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။
ကိုယ့်အကျင့်တွေကို မမေ့ဘူး
ကောင်လေးတွေက အသေးအဖွဲ့ ကိစ္စတွေကို မှတ်မိဖို့ အားနည်းတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကောင်လေးက ကိုယ်က ဘယ်အစားအစာကို ကြိုက်တယ်၊ စိတ်ဆိုးရင် ဘယ်လို ပြောင်းလဲသွားတတ်တယ်၊ ဘယ်လိုအကျင့် ရှိနေတယ်ဆိုတာတွေကို သိနေတယ်ဆိုရင်တော့ ကိုယ့်ကောင်လေးရဲ့စိတ်က ကိုယ့်ဆီမှာပဲ ရှိနေတာပါ။

Photo by Ba Tik from Pexels
ဂရုတစိုက်ရှိတယ်
ကောင်လေးတွေက စိတ်ထဲမှာ မရှိဘဲ ဘာမှ လုပ်မပေးတတ်ပါဘူး။ ကိုယ့်ကောင်မလေးကို ချွေးထွက်နေရင် ယပ်ခတ်ပေးတာမျိုး၊ ရေခဲရေနဲ့ မတည့်လို့ ရိုးရိုးရေပဲ မှာပေးတာမျိုး၊ အစပ်ရှောင်ဖို့ သတိပေးတာမျိုး စတဲ့ အသေးစိတ်လေးတွေကို ဂရုတစိုက် ရှိနေပေးတယ်ဆိုရင် ကိုယ့်ကို အချစ်တွေ ပေးထားလို့ ပါနော်။

Photo by Gustavo Fring from Pexels
ကိုယ့်အတွက်ဆိုရင် အဆင်သင့်ပဲ
ကောင်လေးတွေက အရမ်း ချစ်မိသွားတဲ့အခါ သူတို့က ကိုယ့်ချစ်သူအတွက် ဘာမဆို တတ်နိုင်သလောက် လုပ်ပေးတတ်ကြပါတယ်။ ဒီအတွက် ကိုယ့်ကောင်မလေးက မုန့်စားချင်တယ်ဆိုရင် သွားပို့ပေးတာမျိုး၊ နေမကောင်း ဖြစ်တဲ့အခါ ဆေးခန်း လိုက်ပို့ပေးတာမျိုး၊ ခရီး တစ်ယောက်တည်း သွားရတဲ့အခါမှာ အထီးမကျန်အောင် အဝေးကနေ အဖော်လုပ်ပေးတာမျိုးက ကိုယ့်အတွက် အချစ်စိတ်တွေနဲ့အတူ အဆင်သင့် ရှိနေတာကို ပြနေတာ ဖြစ်ပါတယ်။

Photo by Gustavo Fring from Pexels
ကိုယ့်ကို ဦးစားပေးလေ့ ရှိတယ်
ချစ်မိသွားတဲ့အခါ ကောင်လေးတွေက ကိုယ့်ချစ်သူကို ဦးစားပေးတဲ့အကျင့် ရှိလာတတ်ပါတယ်။ ဘာပဲလုပ်လုပ် ကိုယ့်ရဲ့ အကြိုက်၊ ကိုယ့်ရဲ့ ဆန္ဒကို ဦးစားပေးတတ်ပြီး ဒီလိုမျိုး ဦးစားပေးပြီး ချစ်ရတာကိုလည်း သူတို့က ကျေနပ်နေတတ်ကြပါတယ်။ ချစ်တယ်လို့ ထုတ်မပြောကြရင်တောင်မှ ကိုယ့်ကောင်လေးက အမြဲ ကိုယ့်ကို ဦးစားပေးနေတတ်တယ်ဆိုရင် သူက ကိုယ့်ကို သိပ်ချစ်နေတာပါနော်။

Photo by Anastasiya Lobanovskaya from Pexels
စိတ်ချမ်းသာအောင် လုပ်ပေးလေ့ ရှိတယ်
ချစ်သူ မိန်းကလေး ပျော်ရွှင်နေတာက ကောင်လေးတွေအတွက်တော့ တကယ့်ကို ကြည်နူးရတဲ့ အခိုက်အတန့်ပါပဲ။ ကိုယ့်ကောင်လေးက ချစ်တယ်လို့ ခဏခဏ မပြောပေမယ့် ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ပေးတတ်တဲ့သူဆိုရင် ကိုယ့်ကို အရမ်း ချစ်တယ်ဆိုတာ သိနိုင်ပါတယ်။
Kham