အဆိုတော်စိန်လင်း(Aroma)။ ဓာတ်ပုံ-ပေးပို့
၂ဝ၂ဝ က အတွေ့အကြုံကိုယူပြီးတော့ ၂ဝ၂၁ မှာ အမိုက်စားနှစ်သစ်ဖြစ်အောင် တည်ဆောက်သွားကြမယ်
ကိုဗစ်ကာလတွင် လက်ဝတ်ရတနာများ၊ အိမ်ခြံမြေများ Live Sale ရောင်းဖြစ်သည့်အကြောင်း၊ အောင်မြင်မှုတစ်ခုရရှိရန် အခက်အခဲများကြားက ကျော်ဖြတ်ခဲ့သည့်အကြောင်းနှင့်စပ်လျဉ်း၍ အဆိုတော်စိန်လင်း(Aroma)အား မေးမြန်းခဲ့သည်များကို မြန်မာတိုင်းမ်သတင်းထောက် နဒီက ရေးသားထားပါသည်-
ခုနောက်ပိုင်း လက်ဝတ်ရတနာတွေ၊ အိမ်ခြံမြေတွေ Live Sale လုပ်နေတယ်ဆိုတော့ ပြောပါဦး။
လုပ်ငန်းတစ်ခုကို လက်ခံလိုက်ရင် ဒီကရတဲ့ငွေကြေးထက်မက ကိုယ့်ရဲ့အချိန်တွေ စိတ်ဖိစီးမှုတွေ ကြိုးစားအားထုတ်မှုတွေ ပေးဆပ်ရတယ်။ Live Sale တစ်ခုခုပြီးတိုင်း ကိုယ့်ကိုကိုယ် စားမေးပွဲအောင်သွားပြီးလို့ ပျော်ရွှင်မိတယ်။ Live Sale ဆိုတာ ကျွန်တော်တို့အတွက် အရမ်းလည်း စိတ်ဖိစီးမှုတွေ စိန်ခေါ်မှုတွေများတယ်။ ပရိသတ်တွေနဲ့ တစ်ခါထဲထိတွေ့ပြီးရောင်းရတာမို့ ကျွန်တော်တို့ ရောင်းတဲ့ပစ္စည်းတွေက ဈေးကြီးတယ်လေ။ ဝယ်သူများမှ ကိုယ့်အတွက် အဆင်ပြေသလို ဆိုင်ရှင်အတွက် မျက်နှာလှမှာဆိုတော့လေ။ အစွမ်းကုန် စိတ်စေတနာအပြည့် ထည့်ရောင်းပေးတယ်။ တတ်သလောက် မှတ်သလောက်နဲ့ ကြိုးစားရောင်းပေးပါတယ်။ Live တိုင်းမှာ ကျွန်တော်ကို ချစ်တဲ့စိတ်တစ်ခုထဲနဲ့ ဝယ်ပေးကြတဲ့ အမာခံပရိသတ်တွေလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။
အဆိုတော် တစ်ယောက်အနေနဲ့ Live Sale တွေမရောင်းခင် ဘယ်လိုကြိုတင်လေ့လာဖြစ်လဲ။
ရတနာတွေပတ်သက်ရင်တော့ Aroma လုပ်ငန်းကို လုပ်ကိုင်ကတည်းက ၁၀ နှစ်ကျော် ထိစပ်မှုရှိတယ်။ ဓာတ်ပုံကြော်ငြာ၊ ဗီဒီယိုကြော်ငြာတွေလည်း ရတနာတွေကို ရိုက်ကူးပေးဖြစ်တယ်။ ကံစမ်းမဲဖွင့်ပွဲတွေ အရောင်းပွဲတွေမှာ ကျွန်တော်က ပွဲစီစဉ်တင်ဆက်သူအနေနဲ့ စီစဉ်ပေးသူမို့ ရတနာလုပ်ငန်းကို အထူးတလည်ရောင်းချဖို့ လေ့လာစရာမလို့ဘူး။ ဒါပေမယ့် တကယ် Live Sale အနေနဲ့ ရပ်တည်ဖို့အတွက်က ကျောက်မြတ်ရတနာပိုင်းကို လေ့လာရတယ်။ ဥပမာ- ပတ္တမြားဂုဏ်သတ္တိတွေ ဘုန်းကျက်သရေတိုးစေတယ်၊ ကျောက်စိမ်းဝတ်ရင် လာဘ်လာဘရွှင်လန်းစေတယ်။ ကျောက်မြတ်အလေးချိန်အခေါ်အဝေါ်တွေကို အယူအဆကို လေ့လာရတယ်။ အိမ်ခြံမြေကတော့ အိမ်တွေကိုဟိုးအရင်ထဲက ဈေးတန်ရင်းဝယ်ပြီး ပြန်ရောင်းဖြစ်တယ်။ ကျွန်တော်တို့ အမေကလည်း ငယ်ငယ်ကတည်း အကျိုးဆောင်လုပ်ကျွေးခဲ့တာမို့ အိမ်ခြံမြေပတ်သက်ပြီး လေ့လာစရာမလိုဘူး။ ကိုယ့်အပေါင်းအသင်းတွေ ရောင်းချင်ဝယ်ချင်တဲ့ ကိုယ်တိုင်အကျိုးဆောင်ပေးတယ်။ အိမ်ခြံမြေအသင်းကနေ အသင်းဝင် Member တစ်ယောက်အနေနဲ့ လိုင်စင်ရှိထားလို့ ကိုယ့်အတွက်အဆင်ပြေနေတာပါ။ ဘုရားပေးတဲ့ ဆုလာဘ်ပေါ့။ ဘယ်အလုပ်ဖြစ်နေပါစေ သမာအာဇီ၀ လုပ်ငန်းမှန်သမျှ ကြိုးစားပါတယ်။
ကိုဗစ်ကာလမှာ အခက်အခဲတွေကြားက Aroma ဝန်ထမ်းတွေကို လစာတွေပေးနေတာလည်း တွေ့ရတယ် ပြောပါဦး။
ကိုဗစ်ကာလကတော့ ကျွန်တော်တို့ Aroma တစ်ခုထဲမဟုတ်ပါဘူး လုပ်ငန်းတိုင်းမှာ အခက်အခဲဖြစ်နေတာပါ။ ကိုယ်ကိုတိုင် ဒီကာလမှာ လောဘလျှော့လိုက်တယ်။ အရင်တုန်းက Limit မရှိဘူး။ သုံးချင်သလိုသုံးနေတယ်။ အရင်လိုမသုံးတော့ဘူး ကိုယ်တိုင်လျှော့သုံးတယ်။ ကိုယ့်ဝန်ထမ်းမိသားစုတွေ ပေးနိုင်သွားတယ်။ Wedding လုပ်ငန်းက ဝင်ငွေမရှိဘူးဆိုပြီး ရပ်နေတာမဟုတ်ဘဲ တခြားလုပ်ငန်းလေးတွေလုပ်ထားတယ်။ ကျွန်တော်တို့က အရင်ကတည်းက Aroma တစ်ခုထဲရပ်တည်နေတာမဟုတ်ပါဘူး။ ကျွန်တော် ဝင်ငွေရမယ့်လုပ်ငန်းလေးတွေ လုပ်ထားတာမို့ Aroma ဆိုတဲ့ နာမည်လုပ်ငန်း ရေရှည်ရပ်တည်နိုင်တာပါ။ တချို့က မိတ်ကပ်လိမ်းတာ၊ ဝတ်စုံငှားတဲ့လုပ်ငန်းနဲ့တင် ချမ်းသာသွားသလား ပြောကြတယ်။ အရင်ကတည်းက ကျွန်တော်နဲ့ ကိုအောင်မြတ်သူတို့က တခြားသမာအာဇီဝလုပ်ငန်းတွေ လုပ်ကိုင်ပါသေးတယ်။ ဝင်ငွေရနိုင်မယ့် အခြားလုပ်ငန်းတွေ လုပ်ကိုင်ပါသေးတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်နေလည်း ကိုယ့်ဝန်ထမ်းတွေကို ထောက်ပံ့ထားနိုင်တာပါ။
လူတွေက အောင်မြင်လာမှ သတိထားမိကြတယ်။ မအောင်မြင်ခင် ရုန်းကန်းခဲ့ရတာကို ပြောပါဦး။ ဒီနေရာတစ်ခုကို ဘယ်လိုရောက်လာလဲဆိုတာကိုပေါ့။
ကျွန်တော်တို့အားလုံးသည် ခြေလှမ်းတစ်လှမ်းကနေ စတင်တက်လှမ်းလာခဲ့ရတာပါ။ ဟိုးကျိုက်ထီးရိုးတောင်ပေါ်ကို တက်ချင်ရင်တော့ ခြေတစ်လှမ်းဆီစပြီး ထိုးဖောက်သွားပြီး အပေါ်ဆုံးဘုရားကို ဖူးရသလိုပဲ၊ စိန်လင်း Aroma ဆိုပြီးအောင်မြင်လာတဲ့အခါမှာ ပေးဆပ်မှုတွေ ကျခဲ့ရတဲ့မျက်ရည်တွေ ရင်းနှီးလိုက်ရတဲ့အချိန်တွေ ပင်ပန်းမှုတွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ပေးဆပ်ဖြတ်သန်းခဲ့တဲ့ အရာတွေအားလုံးက ဒီအချိန်မှာ အသီးအပွင့်ခံစားရတယ်လို့ မြင်ပါတယ်။ အကြိမ်ကြိမ်လဲ ကျဘူးတယ်။ ကျရှုံးခဲ့ဖူးတဲ့အခါမှာလည်း စိတ်ဓာတ်မကျဘဲ ပြန်ပြီးကိုယ်ကိုကိုယ် ဆွဲတင်းရတာပေါ့။ ဘယ်လိုပဲဖြစ်နေပါစေ စိန်လင်း ချစ်ခင်ဝန်းရံပေးခဲ့ကြတယ် အားပေးသူမိတ်ဆွေ ကျေးဇူးရှင်တွေကို ပရိသတ်တွေကို မိသားစုဝင်အားလုံးကို ကျေးဇူးတင်ပါတယ်။
ကြိမ်ကြိမ်လဲကျချိန်မှာ ဘယ်လိုခွန်အားနဲ့ရပ်တည်လဲ ပရိသတ်ကို ပြန်လည်ဝေမျှပေးပါဦး။
လဲကျချိန်မှာ ကိုယ်ကိုကိုယ် ဘယ်လိုခွန်အားပြန်ပေးလဲဆိုတော့ အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင်လုပ်ရပါတယ်။ စိတ်ရှုပ်ထွေရင် အဖြေမှန်မရနိုင်ဘူး။ မွန်းကြပ်နေရင် အတွေးကောင်းမရနိုင်ဘူး။ အရင်ဆုံး ကိုယ့်ကိုကိုယ် ပြန်ပြီးစိတ်တည်ငြိမ်အောင် ပြန်ယူရတယ်။ ကိုယ်တိုင်စိတ်တည်ငြိမ်မှ ဘယ်လိုထိုးဖောက်ဖြေရှင်းရမလဲ အကြံဉာဏ်စဉ်းစားတယ်။ ကိုယ်တိုင်ရလာတဲ့အကြံဉာဏ်ကို လက်ခံတယ်။ ကိုယ်တိုင်မစဉ်းစားနိုင်ရင်တော့ ကိုယ့်ထက်နားလည်တတ်ကျွမ်းသူတွေကို မိတ်ဆွေ ဆရာသမားကောင်းကို တိုင်ပင်ပြီး ဒီအခက်အခဲကိုကျော်လွှာဖို့ ဖြေရှင်းရပါတယ်။ အခက်အခဲ မှန်သမျှက ကျွန်တော်ကို ဘဝကစစ်နေတဲ့ စာမေးပွဲလို့ ခံယူထားပါတယ်။ ဒီစာမေးပွဲကို မဖြေရင်တော့ ဘယ်တော့မှ တစ်တန်းပြီး တစ်တန်အောင်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်ဘ၀ အခက်အခဲစာမေးပွဲကို တစ်ဆင့်ပြီးတစ်ဆင့်ဖြေနေရတုန်းပါ။
၂၀၂၀ ခုနှစ်က ဘယ်လိုနှစ်ဖြစ်မလဲ။ ပရိသတ်ကို နှစ်သစ်ဆုမွန်ကောင်းလေး ပြောပေးပါဦး။
၂၀၂၀ လူတွေအားလုံးအတွက် အတွေ့အကြုံတွေပညာတွေ ဖြတ်သန်းမှု ခံစားမှုတွေပေးလိုက်တဲ့ နှစ်လို့ သတ်မှတ်ပါတယ်။ ကိုဗစ်ဖြစ်တော့ လူတိုင်းတန်းတူအခွင့်အရေးရသွားတယ်။ အားလုံးကို အိမ်ထဲမှာနေပြီး တွေးဖို့အချိန်တွေပေးလိုက်တယ်။ အိမ်မှာပေးနေပြီးတော့ မင်းဘာတွေလုပ်ခဲ့တယ်ဆိုတာ ပြန်စဉ်းစားဖို့ အချိန်တစ်ခုပေးလိုက်တယ်။ ကျွန်တော်တို့အတွက် လိုအပ်တဲ့အပိုင်းတွေ ပိုသိလာတယ်။ ပြုပြင်ရမယ့်အပိုင်းတွေ ပိုသိလာတယ်။ ရှေ့ဆက်ရမယ့်အနာဂတ်အတွက်လည်း လမ်းကြောင်းသစ်တွေဖော်ဆောင်နိုင်ခဲ့တယ်။ အဆိုးထဲကအကောင်း၂၀၂၀ အတွေ့အကြုံယူပြီး ၂၀၂၁မှာ အမိုက်စားနှစ်သစ်ဖြစ်အောင် တည်ဆောက်သွားကြမယ်။ ၂၀၂၀ ရဲ့ရင်းနှီးမှုက ၂၀၂၁မှာ အကျိုးအမြတ်ရမယ်လို့ မျှော်လင့်ပါတယ်။ နှစ်သစ်မှာစပြီး စီးပွားလုပ်ငန်းတွေ တိုးတက်ပါစေ။ အနာရောဂါကင်းရှင်းပြီးတော့ မိသားစုဘဝတွေ ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ နေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။