နှစ်သစ်ဟာ ကြွေးမြီတွေ ပေးဆပ်ဖို့၊ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို အပြီးသတ်ဖို့နှင့် နောက်ဆုံး မလိုအပ်တော့တဲ့ အမှိုက်တွေကို ဖယ်ရှားပစ်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ ကျွန်မတို့မှာ ဝယ်ထားတာတောင် မမှတ်မိတဲ့ ပစ္စည်းတွေ အပါအဝင် အိမ်မှာ အသုံးမဝင်လို့ချောင်ထိုးထားတဲ့အရာတွေ ရှိပါတယ်။ ဒီမလိုအပ်တဲ့ ပစ္စည်းတွေက စင်တွေပေါ်မှာသာမက ကျွန်မတို့ရဲ့ဘဝကိုပါ စိတ်ရှုပ်စရာတွေ ဖြစ်စေပြီး ကျွန်မတို့အား fresh ဖြစ်ခြင်းကနေ တားဆီးနိုင်ပါတယ်။
ကဲ… ဒီတော့ အသုံးမဝင်တဲ့ ပစ္စည်းတွေကို ဘယ်လိုကောင်းကောင်းအသုံးချမလဲ? မလိုအပ်တဲ့ပစ္စည်းတွေကို မစုဆောင်းမိအောင် ဘယ်လိုလုပ်မလဲ? ဆိုတာနဲ့ ပတ်သတ်ပြီး အကြံဉာဏ်အချို့ကို မျှဝေပေးချင်ပါတယ်။
၁။ အသုံးမလိုတဲ့ စာရွက်တွေ
များသောအားဖြင့် ကျွန်မတို့မှာ လက်ခံဖြတ်ပိုင်းအမျိုးမျိုးနှင့် မှတ်စုစာအုပ်တွေ အများကြီးရှိတတ်ပါတယ်၊ ဒါတွေကို မြင်နေရတာက ကျွန်မတို့ကို ပျင်းစရာ၊ စိတ်ရှုပ်ထွေးစရာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီစာရွက်အပိုင်းအစတွေ ဘာ့ကြောင့်ပုံနေရတာလဲဆိုတော့ ‘ဘယ်ဟာက ဖယ်ရှားရကျိုးနပ်မယ်လို့ ဆုံးဖြတ်ရတာထက်’ စင်ပေါ်မှာ တင်ထားတာက ပိုလွယ်နေလို့ပါပဲ။ ဥပမာ-
ဘေလ်စာရွက်နှင့် လက်ခံဖြတ်ပိုင်း ဟောင်းတွေ၊
လျှပ်စစ်ပစ္စည်း သုံးစွဲအညွှန်းနဲ့ အာမခံစာရွက်တွေ၊
လက်ကမ်းကြော်ငြာနဲ့ စာအုပ်သေးသေးလေးတွေ၊
ပို့စကတ်တွေနဲ့ မဂ္ဂဇင်းဟောင်းတွေ၊
အသုံးမဝင်တဲ့ စာရွက်စာတမ်းတွေနဲ့ certificates တွေ ဖြစ်ပါတယ်။
အဲဒါကို ဘယ်လိုဖယ်ရှားမလဲ
အသုံးမဝင်တဲ့ စာရွက်စာတမ်းတွေကို အိမ်မှာ ပုံမနေစေပါနဲ့။ သူတို့ကို ချက်ချင်းဖယ်ရှားပစ်ပါ။ အညွှန်းစာအုပ်တွေ၊ certificates တွေကို အီလက်ထရောနစ်ပုံစံဖြင့် ရရှိနိုင်တာကို သတိရပါ၊ အသုံးဝင်နေဆဲဖြစ်တဲ့ စာရွက်တွေကို စားပွဲအံဆွဲထဲမှာ သေသေသပ်သပ်ထားပါ။ သက်ဆိုင်မှုရှိ/မရှိဆိုတာ စစ်ဆေးဖို့ အံဆွဲကို ပုံမှန်စစ်ဆေးပါ။ ထို့အပြင် ညနေတိုင်း သင့်ပိုက်ဆံအိတ်နှင့် ကျောပိုးအိတ်တွေကို ကြည့်ရှု့ပြီး မလိုအပ်တဲ့ ငွေလက်ခံဖြတ်ပိုင်း၊ ဈေးဝယ်စာရင်းနှင့် လက်ကမ်းကြော်ငြာတွေကို ဖယ်ရှားဖို့ စည်းကမ်းသတ်မှတ်ပါ။
၂။ ဒိတ်ကုန်နေတဲ့ ကုန်ပစ္စည်းတွေ
အစားအသောက်တွေနဲ့ ဆေးဝါးတွေရဲ့ သက်တမ်းကုန်ဆုံးရက်ကို ဦးနှောက်ထဲ အမြဲမှတ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် နှစ်သစ်မှာ ကုန်ပစ္စည်းတွေရဲ့ ဒိတ်တွေကို အချိန်ပေးစစ်ဆေးပြီး သက်တမ်းကုန်နေတဲ့ အစားအစာနဲ့ ဆေးဝါးတွေကို စွန့်ပစ်ပါ။ အထူးသဖြင့် –
ဆေးဝါးတွေ
ဟင်းခတ်အမွှေးနံ့သာတွေ
အစေ့နဲ့ စီရီရယ်တွေ
အလှအပပစ္စည်းတွေ ဖြစ်ပါတယ်။
ကုန်ပစ္စည်းတွေရဲ့ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးပြီး သင့်ရေခဲသေတ္တာနဲ့ ဗီရိုတွေကို ပုံမှန်စစ်ဆေးပါ။ တစ်လလျှင် တစ်ကြိမ်လောက်ပြုလုပ်သင့်ပါတယ်။ ဒီလိုစစ်ဆေးတာဟာ သင့်အား အသစ်တစ်ခုကို prepare လုပ်ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ ဒါက တကယ်တော့ ပျော်စရာလည်း ကောင်းပါတယ်။
၃။ ပျက်စီး၊ ကျိုးပဲ့နေတဲ့အရာတွေ
သင့်အိမ်ထဲမှာ ပျက်စီးနေတဲ့ ပေါင်းအိုး၊ ရေနွေးအိုး၊ ကော်ဖီစက်တွေ၊ ဒေါက်ပြုတ်နေတဲ့ဖိနပ်တွေ ရှိနေမှာပါ။ အသစ်မဝယ်ချင်သေးဘူးဆိုရင် ပျက်စီးသွားတဲ့ပစ္စည်းကို အမြန်ဆုံးပြုပြင်တဲ့ ဆိုင်ကို ပို့တာပိုကောင်းပါတယ်။ ဒီလိုမှမဟုတ်ရင် သင့်အိမ်မှာ အစုတ်အပြတ်တွေနဲ့ မျက်စိရှုပ်နေဦးမှာပါ။ သင်တကယ်မလိုအပ်တဲ့အရာတွေက ဥပမာ-
ပျက်စီးသွားတဲ့ အဝတ်အစားတွေနဲ့ ဖိနပ်တွေ
ချွတ်ယွင်းသွားတဲ့ ပစ္စည်းအသုံးအဆောင်တွေ
ပျက်စီးနေတဲ့ ထီး၊ လက်ဝတ်ရတနာနဲ့ အခြား accessories တွေဖြစ်ပါတယ်။
ကျိုးပဲ့နေတဲ့အရာတွေကို ပြန်ပြင်ဖို့ နောက်ဆုံးသတ်မှတ်ရက် သတ်မှတ်ပါ။ ( တစ်လဆိုပါစို့)။ ဒီအချိန်အတောအတွင်းမှာ သင်က ချွတ်ယွင်းနေတဲ့အရာတစ်ခုနဲ့ ပတ်သတ်ပြီး တစ်ခုခုလုပ်ဖို့ ပျက်ကွက်ခဲ့ပါက သင့်အတွက် အသုံးမဝင်တော့တဲ့ အရာဖြစ်ပါတယ်။
၄။ မလိုချင်တဲ့ လက်ဆောင်တွေ
ခရစ်စမတ်လို ရက်မျိုးမှာ လက်ဆောင်ဖလှယ်တဲ့ ဓလေ့တွေ ရှိကြပါတယ်။ အဲ့လိုအခါမျိုးမှာ သင်မကြိုက်တဲ့ လက်ဆောင်မျိုး ရတာတွေလည်း ရှိမှာပါ။ လူအများစုက လက်ဆောင်ပေးတဲ့အခါမှာ ကောင်းပြီး အသုံးဝင်မယ့် လက်ဆောင်မျိုးကို ရွေးချယ်ဖို့ ကျွမ်းကျင်မှုမရှိကြပါဘူး။ ဒါ့ကြောင့် သင်တကယ်မလိုချင်တဲ့ လက်ဆောင်မျိုးကို အိမ်မှာ မထားပါနဲ့ ။ ကိုယ်နဲ့အသုံးမတည့်ဘူးဆိုရင် တခြားသူကို ပြန်ပေးလိုက်ပါ။
၅။ အနာဂတ်အတွက်ဆိုပြီး သိမ်းထားတဲ့ ပစ္စည်းတွေ
ကျွန်မတို့ဟာ အသုံးမဝင်တဲ့အရာတွေကို ယခုအချိန်ထိ သိုသိုသိပ်သိပ်ထားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ နောင်တစ်ချိန်ချိန်မှာ အသုံးတည့်လာမယ်လို့ ယုံကြည်လို့ပါပဲ။ ဥပမာ- ပွဲတတ်ဝမ်းဆက်တစ်စုံကို ကိုယ်ပိန်သွားမယ့်အချိန်မှာ ဝတ်မယ်ဆိုပြီး သိမ်းထားတာမျိုးပါ။ ဒီလိုသိမ်းထားတာက မမှားပေမယ့်လည်း အသုံးမတည့်တဲ့ အဝတ်အစားတွေက များလာတဲ့အခါ ကျွန်မတို့အဝတ်ဗီဒိုကြီးက လျှံကျနေပေမယ့် အပြင်ထွက်တဲ့အခါ ဝတ်စရာမရှိတဲ့ အဖြစ်မျိုးကြုံကြရပါတယ်။ ဒါ့ကြောင့် သင်ဖယ်ရှားပစ်သင့်တဲ့ ပစ္စည်းတွေက-
မတော်တော့တဲ့ အဝတ်အစားတွေ
ရာသီကုန်သွားတဲ့ အဝတ်အစားနဲ့ ဖိနပ်တွေ
ဒိတ်အောက်နေတဲ့ ပွဲနေပွဲထိုင် အဝတ်အစားတွေ
အဲဒါတွေကို ဘယ်လိုရှောင်ရှားမလဲ?
သင်လိုအပ်တဲ့ ပစ္စည်းတွေကိုသာ ဝယ်ပါ။ sale ချတဲ့ပစ္စည်းတွေကို ဝယ်ယူခြင်းမှ ရှောင်ရှားပါ။ နောင်တစ်ချိန် သုံးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ သိုလှောင်ထားဖို့ မကြိုးစားပါနဲ့။
၆။ အမှတ်တရတွေနဲ့ ဆက်စပ်နေတဲ့အရာတွေ
ကျွန်မတို့အများစုက အမှတ်တရတွေကို အရာဝတ္တုတွေနဲ့ ချည်နှောင်ခြင်းဖြင့် အမှတ်ရလိုကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်မတို့မှာ ဒီအမှတ်တရတွေ အများကြီး စုပုံလာပါတယ်။ ကိုယ်စားပြုအမှတ်တရဆိုတာ အရေးပါမှုနည်းပါတယ်။ ဘယ်လိုပဲဖြစ်စေ အတိတ်မှေးမှိန်သွားခြင်းကနေ ကာကွယ်ဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဥပမာ- ကိုယ်ချစ်ရသူကို ကြိုးစားပြီး ဟင်းကောင်းတစ်ခွက် ချက်ကျွေးမယ်ဆိုရင် ဒီအမှတ်တရက မေ့စရာဖြစ်မှာ မဟုတ်ပါဘူး။
ဖယ်ရှားပစ်ရမယ့်အထဲမှာ-
ရည်းစားစာ အဟောင်းတွေ
ex ဆီကရတဲ့ လက်ဆောင်တွေ
ကလေးဘဝ ကစားစရာတွေ
ရုပ်ရှင်လက်မှတ်၊ ဖျော်ဖြေပွဲလက်မှတ် အဟောင်းတွေ ပါဝင်ပါတယ်။
အသုံးမဝင်တဲ့ အမှတ်တရပစ္စည်းတွေတကို ဖယ်ရှားပါ။ မလွှင့်ပစ်ရက်တဲ့ အရာတွေကို အထူးသေတ္တာတစ်လုံးထဲမှာ သိမ်းထားပါ။ အမှတ်တရပစ္စည်းတွေအားလုံးကို တစ်နေရာတည်းမှာ ထားတဲ့အကျင့်လုပ်ပါ။ ဒီနည်းအားဖြင့် သူတို့ကို ခွဲခြားဖို့အခက်အခဲမရှိတော့ပါဘူး။ အသစ်တွေ ထပ်ထည့်တဲ့အခါ အရေးမကြီးတဲ့ အရာတွေကို ဖယ်ရှားနိုင်ပါတယ်။
“ဒီအသုံးမဝင်တဲ့အရာတွေကို ဘာလုပ်နိုင်သလဲ?”
ဒီတော့ မလိုချင်တဲ့ ပစ္စည်းအားလုံးကို အမှိုက်ပုံးထဲ ထည့်ရမလား? အကုန်လုံးတော့မဟုတ်ပါဘူး။ ဒီပစ္စည်းတွေကို ပြန်သုံးလို့ရမယ့် နည်းလမ်းများစွာ ရှိပါတယ်။
အဝတ်အစား၊ ဖိနပ်ဟောင်းတွေ၊ အိပ်ရာဟောင်းတွေကို မရှိဆင်းရဲသားတွေ၊ လိုအပ်နေတဲ့သူတွေကို လှူဒါန်းပါ။
စာအုပ်ဟောင်းတွေ၊ မဂ္ဂဇင်းတွေကို အများပြည်သူစာကြည့်တိုက်သို့ လှူဒါန်းပါ။ ဒါ့အပြင် စာအုပ်စုဆောင်းသူတွေကို ပေးလို့လည်းရပါတယ်။
နောက်ဆုံးအနေနဲ့ သင်မလိုချင်တဲ့ ပစ္စည်းတွေကို အွန်လိုင်းကနေ ရောင်းနိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside