ဘုန်းတန်ခိုး
mmtimes.com
|
2021-01-15



ဘုန်းတန်ခိုး

''လူဆိုတာ ဘုန်းတန်ခိုးကြီးအောင် နေတတ်ရတယ်ကွ။ မပူပန်အောင်လည်း နေတတ်ရတယ်ကွ။ မာနမဖြစ်အောင်လည်း နေတတ်ရတယ်ကွ။ သည်းခံခြင်းတရားကိုလည်း ရှင်းရှင်းလင်းလင်းသိပြီး သည်းခံစိတ်နဲ့ နေတတ်ရတယ်ကွ'' ဟု အဘက ကျွန်တော့်ကို သွန်သင်လေသည်။

ငယ်ရွယ်နေချိန်ဖြစ်သဖြင့် ထိုစဉ်က ထိုအဆုံးအမ အသွန်အသင်ကို လောဘစိတ်ဖြင့်သာ ကျွန်တော် နာယူမှတ်သားမိခဲ့သည်။ မပူပန်အောင် နေဖို့၊ မာနနဲ့ မနေဖို့၊ သည်းခံဖို့ဆိုတာတွေထက် ဘုန်းတန်ခိုးကြီးအောင်၊ ဘုန်းကြီးအောင် ဘယ်လိုနေရမလဲ ဆိုသည်ကိုသာ ကျွန်တော် ပို၍စိတ်ဝင်စားနေခဲ့မိကြောင်း၊ ဝန်ခံရပေမည်။ သို့သော် လိုချင်ရာ သိချင်ရာကို အလျင်မမေးမြန်းဘဲ တခြားအရာတို့ကိုသာ အလျင်မေးမြန်း မိခဲ့ချေသည်။ (ဘုန်းတန်ခိုးကြီးဖို့ဆိုသည်ကို သိပ်စိတ်မဝင်စားသည့်ပမာ)

''ပူပန်ရင် ဘာဖြစ်တတ်သလဲ အဘ'' ဟုပင် မမေးမြန်းတော့ဘဲ၊ ''မပူပန်အောင် ဘယ်လိုနေရမလဲ အဘ။ ပူပန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ အဘ'' ဟု လိုရင်းတိုရှင်း မေးမြန်းလိုက်လေသည်။

''မပူပန်အောင် သတိနဲ့ နေပေါ့ကွာ'' ဟု အဘက ဖြေလေသည်။ ပြီးမှ အဘက စကားဆက်၏။

''မနက်ဖြန်မနက်မှာ မင်းက အကြွေးရစရာရှိတယ်ကွ။ အဲဒီရတဲ့ငွေနဲ့ မနက်ဖြန် ညနေမှာ မင်းက အကြွေးဆပ်စရာ ရှိတယ်ကွ။ မနက်ပိုင်းမှာ အကြွေးရမယ့်ဆီကို မင်းသွားတဲ့အခါ သူ့ဆီက အကြွေးမရရင်တော့ ညနေ အကြွေးဆပ်နိုင်မှာ မဟုတ်ဘူး။ ရစရာရှိတဲ့အကြွေး ရမှရပါ့မလား။ မရရင်တော့ ဒုက္ခပါပဲလို့ မတွေးနဲ့ကွ။ အဲဒီ အကြွေးရရင် သိပ်ကောင်းမှာပဲလို့လည်း မတွေးနဲ့ကွ''

''အဲဒီလို မတွေးမိအောင် ဘယ်လို လုပ်ရမလဲ အဘ''

အဘက ''အဲဒီလိုလေးဆိုရင် ဟိုလိုလေးဆိုရင် ကောင်းမှာပဲဆိုတဲ့စိတ်ကို ရန်သူလို့မြင်'' ဟု ပြောလေ၏။

ထိုသို့သာ ကျွန်တော် မှတ်သားထားခဲ့လေ၏။ ထို့နောက်... ''မာနဖြစ်ရင် ဘာဖြစ်တတ်သလဲ အဘ''

ဟု မမေးမြန်းတော့ဘဲ၊ ''မာနမဖြစ်အောင် ဘယ်လိုနေရမယ် အဘ'' ဟုသာ မေးမြန်းလိုက်လေသည်။

အဘက... ''မာနစိတ်က လူတိုင်းမှာ ဖြစ်တယ်ကွ။ ငါ့လောက် သူမတော်ဘူးလို့လည်း မတွေးနဲ့။ သူ့လောက် ငါမတော်ဘူးလို့လည်း မတွေးနဲ့။ ဘယ်သူကို ဘယ်သူနဲ့မှ နှိုင်းယှဉ် မကြည့်မိစေနဲ့။ ငါ့လောက် သူ့လောက် စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း မနှိုင်းနဲ့ သူတစ်ပါးကိုလည်း မနှိုင်းနဲ့။ နှိုင်းယှဉ်စိတ် ဖြစ်လိုက်မိပြီဆိုတာနဲ့ အဲဒီ နှိုင်းယှဉ်ကြည့်ခြင်းကို ရန်သူလို့ရှု''

ကျွန်တော်က ''ဟုတ်ကဲ့၊ ဟုတ်ကဲ့'' ဟုသာ ပြောနေရသည်။

အဘက စကားတစ်ခွန်း ဆက်သေး၏။ ''ဗုဒ္ဓက အဲဒီ နှိုင်းယှဉ်ခြင်းကို ပယ်သတ်ထားပြီးသားကွ။ အဲဒါကြောင့် အနှိုင်းမဲ့လို့ သုံးနှုန်းတယ်''

ထိုစကားကို ကျွန်တော် အကြွင်းမဲ့ နားမလည်။ သို့သော် ထပ်မံမမေးမြန်း။ နောက်ထပ်အမေးစကားကိုသာ မေးမြန်းဖြစ်ခဲ့သည်။ ''သည်းခံစိတ်နဲ့ နေရမယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်အဘ။ သည်းခံခြင်းတရားကို ရှင်းရှင်းလင်းလင်း သိရမယ်ဆိုတာကိုတော့ သိပ်မသိဘူး အဘ''

အဘက... ''သည်းခံဆိုလို့သာ သည်းခံလိုက်ကြတာ။ မျိုသိပ်အောင့်အည်း နေလိုက်ကြတာ။ အားမတန်လို့ မာန်လျော့လိုက်ကြတာကို သည်းခံတယ်လို့ တချို့က ထင်မှတ်မိကြတယ်။ ဘာမှမသိဘဲ ငြိမ်နေတာကို သည်းခံတယ်လို့ မခေါ်ဘူးကွ။ အဲဒါ ဘုမသိ ဘမသိ ငြိမ်ခံနေရုံ သက်သက်ပဲ။ ကိုယ့်အပေါ် စော်ကားတဲ့သူရှိခဲ့ရင် ကိုယ့်မှာလည်း တုံ့ပြန်နိုင်တဲ့ ခြေတွေ၊ လက်တွေရှိတာပဲ။ တန်ပြန်ဝံ့တဲ့ ရဲစွမ်းသတ္တိလည်း ရှိကြတာပဲ။

ဒါပေမဲ့ ကိုယ်က တန်ပြန်၊ တုန့်ပြန်လိုက်လို့ အဲဒီစော်ကားတဲ့လူ ထိခိုက်မယ့် ဘေးကနေ သူ့ကို လွှတ်ပေးလိုက်တာ။ တစ်နည်းအားဖြင့် စော်ကားသူကို ကိုယ့်ရဲ့ တန်ပြန်၊ တုံ့ပြန်မယ့် ဘေးကနေ လွတ်ငြိမ်းခွင့် ပေးလိုက်တာကို သည်းခံခြင်းလို့ ခေါ်တယ်ကွ။ အဲဒီလို ရှင်းရှင်းလင်းလင်းသိမှ သည်းခံခြင်းတရားကို သေသေချာချာ ရှင်းရှင်းလင်းလင်း သိတယ်လို့ ခေါ်တယ်။ အဲဒီလို သိပြီး သည်းခံတာမှ သည်းခံခြင်းအစစ်ကွ''

စာကျက်သကဲ့သို့ပင် ကျွန်တော် စူးစူးစိုက်စိုက် မှတ်သား၊ မှတ်မိနေသည့် စကားသြဝါဒများ ဖြစ်ချေသည်။ အလျင်ဆုံး သိလိုသည်ကို နောက်ဆုံးမှသာ ကျွန်တော် မေးမြန်းဖြစ်ခဲ့၏။

''ဘုန်းကြီးအောင် ဘယ်လိုလုပ်ရမှာလဲ အဘ''

''လွယ်ပါတယ်ကွ'' ဟု အဘက ပြော၏။ လွယ်သည်ဟု ဆိုသဖြင့် ကျွန်တော် ပို၍သဘောကျလေသည်။

''ပေးစရာရှိတာ ပေး။ ဣန္ဒြေ စောင့်စည်း။ အမြင်မတော်တိုင်း မပြောနဲ့။ မလုပ်နဲ့။ ဒါပဲ။ အဲဒီ သုံးခုပဲ''

''ပေးစရာရှိတာ ပေးဆိုတာ ဘာလဲအဘ''

''လိမ်တောင်းတာလား၊ တကယ်တောင်းတာလား။ ငါပေးလိုက်တဲ့ဟာကို သူက တခြားလူကို ပေးပစ်လိုက်မှာလား၊ သူ့ဘာသာ အသုံးပြုမှာလား။ ရိုရိုသေသေ မြတ်မြတ်နိုးနိုးမှ ကိုင်ပါ့မလားဆိုတဲ့ အဲဒီ ဟိုလား၊ ဒီလား၊ ဘာလား၊ ညာလားတွေ တွေးပြီး ဘယ်သူ့ကိုမှ မပေးနဲ့။ ပေးစရာလည်းရှိတယ်၊ ပေးရဖို့လည်း ကြုံနေတယ်ဆိုရင် ဘယ်သူ့ဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ပေးသာပေးလိုက်။ ဈေးဝယ်ရင်တောင် ဆိုင်မရွေးနဲ့၊ ဈေးမဆစ်နဲ့။ ဈေးပိုနေရင်တောင် လှူတယ်လို့ သဘောထားပြီး ကျေကျေနပ်နပ်ဝယ်''

''ဣန္ဒြေစောင့် ဆိုတာကကော အဘ''

''ဘယ်သူ့ကို ဖြစ်ဖြစ်။ ကြီးကြီး၊ ငယ်ငယ်၊ ရွယ်ရွယ်၊ လတ်လတ်။ အားလုံးကို လေးလေးစားစား၊ ရိုရိုသေသေ ဆက်ဆံ။ အဲဒါ ဣန္ဒြေအားလုံးကို စောင့်စည်းတာနဲ့ အတူတူပဲ''

''အမြင်မတော်တိုင်း မပြောနဲ့၊ မလုပ်နဲ့ ဆိုတာကကော အဘ။ အမှိုက်လေးတစ်စ အမြင်မတော်ရင်တောင် မကောက်ရတော့ဘူးလားဟင် အဘ''

''မင်းတို့ ကြုံရမယ့်ခေတ်က အမြင်မတော်တိုင်း ဝင်ပြောလို့ လက်ခံကြမယ့်ခေတ် မဟုတ်ဘူးကွ။ အမှိုက်တစ်စ တွေ့ရင်တောင် မင်းရပ်၊ မင်းရွာ၊ မင်းဒေသ၊ မင်းရဲ့အိမ် အဝန်းအဝိုင်းထဲဆိုရင်တော့ ကောက်ပေါ့ကွာ။ သူများအရပ်၊ သူများရွာ၊ သူများဒေသ၊ သူများအိမ်ဝင်းထဲတော့ ဝင်မကောက်မိစေနဲ့ပေါ့ကွ။ သူခိုး အစွဲခံရတတ်တယ်ကွ''

''သြော်... ဟုတ်သားပဲ'' ဟု ကျွန်တော်ပြောဖြစ်သည်။ ပြီးမှ...

''မပြောမိ မလုပ်မိအောင် ကိုယ်နှုတ်စောင့်ထိန်းရမှာပေါ့နော် အဘ''

''အေး...''

''အဲဒါပဲလား အဘ။ ဟို တရားကျင့်တာတို့၊ အဘတို့ကော မလိုဘူးလား။ သီလစောင့်ဖို့တို့ ဘာတို့''

''ကျင့်ချင် ကျင့်ပေါ့ကွ။ စောင့်ချင် စောင့်ပေါ့။ ကျင့်ဖို့၊ စောင့်ဖို့ အခြေအနေမပေးရင်တောင် ပေးစရာရှိတာ ပေး။ ဣန္ဒြေ စောင့်။ အမြင်မတော်တိုင်း မပြောနဲ့၊ မလုပ်နဲ့ဆိုတဲ့ သုံးချက်ကို သေသေချာချာ လိုက်နာ။ ကျင့်သုံး။ ကြီးလိုက်မယ့် ဘုန်း။ တဟုန်းဟုန်းပဲကွ''

အင်မတန် လွယ်ကူသည့်နည်းပဲဟု စိတ်မှ တွေးမှတ်ကျေနပ်ခဲ့ရသည်။ ကျန်ကြွင်းသော (မပူပင်အောင်နေ၊ မာနမဖြစ်အောင်နေ၊ သည်းခံခြင်းတရားကို ရှင်းရှင်းလင်းလင်းသိဟူသည်) တို့ကို သူ ရံခါမျှသာ မှတ်မိတတ်ချေ၏။ လွယ်သောအရာကိုသာ ပိုမိုမှတ်မိခဲ့ချေသည်။


#အဘ
#မာန
#သည်းခံစိတ်
#တရား
#ဘုန်းကြီး

Some text some message..