ကိုယ့်ကိုယ့်ကို ပျောက်ဆုံးနေတယ်လို့ ခံစားနေရပြီဆိုရင် ဒီအရာလေးတွေ လုပ်ကြည့်ပါ ….
auntymay.com
|
2021-01-17

ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတယ်ဆိုတဲ့ ခံစားချက်မျိုးက ကိုယ်က ဘာဆက်လုပ်ချင်မှန်း မသိတော့တဲ့အခါမျိုး၊ ကိုယ်က ဘယ်လို လူမျိုးလဲလို့ ကိုယ့်ကိုယ်ကို နားမလည်တော့တာမျိုးနဲ့ တခြားသူ ခိုင်းသမျှပဲ အမြဲ လိုက်လုပ်နေမိတဲ့ အခါမျိုးတွေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မျှော်လင့်ချက် ပျောက်ဆုံးတာနဲ့ တွဲပြီး ဖြစ်တတ်ကြပါသေးတယ်။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေသလို ခံစားနေရတယ်ဆိုရင် ဒီအချက်လေးတွေက အလုပ်သင့်ဆုံး အချက်တွေပဲ ဖြစ်ပါတယ်။


ပြန်တွေးပါ

ကိုယ့်ကိုယ်ကို ဘာမှန်း မသိရတဲ့အခါမျိုးမှာ အတွေးတွေကတော့ များနေမှာပါပဲ။ ဒါပေမယ့် ဦးတည်ရမယ့် တွေးနေမယ့်အစား ကိုယ်က လက်ရှိ ဘာတွေ လုပ်နေလဲ၊ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတယ်လို့ ခံစားနေရတဲ့ အကြောင်းအရင်းက ဘာလဲ စသဖြင့် စဉ်းစားကြည့်သင့်ပါတယ်။ ဒါမှသာ ကိုယ်က အဖြေကို တွေ့ပြီး ဒီအခြေအနေကနေ ရုန်းထွက်နိုင်မှာပါ။


cookie_studio/Freepik


ကောင်းတဲ့အချက်တွေ ချရေးပါ

ကိုယ့်ကိုယ်ကို ပျောက်ဆုံးတဲ့အခါမှာ ကိုယ်က အသုံးမကျတဲ့သူလို အရည်အချင်း မပြည့်ဝတဲ့သူလိုမျိုး ခံစားရသလို တခြားသော မကောင်းတဲ့ ခံစားချက်တွေကို ခံစားနေရနိုင်ပါတယ်။ ဒီခံစားချက်တွေ ပြေလျော့ဖို့ဆိုရင် ကိုယ့်ကိုယ်ကို လက်ခံဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို ခွန်အားပေးနိုင်ဖို့အတွက် ကိုယ့်ရဲ့ ကောင်းတဲ့အချက်တွေကို စာရွက်ပေါ်မှာ ချရေးထားသင့်ပါတယ်။ ဒီလိုဆိုရင် ကိုယ့်ရဲ့ အားသာချက်တွေကို တွေ့လာရမှာ ဖြစ်ပါတယ်။


wayhomestudio/Freepik


လုပ်နိုင်တဲ့ အရာတွေကို ရေးပါ

ကိုယ့်မှာ ကောင်းတဲ့အချက်တွေ ရှိသလို ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ အရာတွေ ရှိပါတယ်။ အနာဂတ်မှာ ဖြစ်ချင်တဲ့ အရာအတွက် ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတဲ့ အရည်အချင်းမျိုး၊ ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အချက်မျိုး၊ ကိုယ်က စာရင်းဇယားပိုင်တယ်ဆိုတဲ့ အချက်မျိုး၊ အင်အားကို သုံးပြီး လုပ်နိုင်သလား၊ ဉာဏ်အားကို သုံးပြီး လုပ်နိုင်သလား ဘယ်အရာကို လုပ်နိုင်သလဲဆိုတာတွေကိုလည်း ချရေးလိုက်မယ်ဆိုရင် စိတ်တွေက တည်ငြိမ်ပြီး လမ်းကြောင်းတစ်ခု ပေါ်လာပါလိမ့်မယ်။


drobotdean/Freepik


ကိုယ်က ဘာဖြစ်ချင်တယ်ဆိုတာကို တွေးကြည့်ပါ

ကိုယ့်ကိုယ်ကို လမ်းပျောက်နေသလို ခံစားရတဲ့အချိန်မျိုးမှာ ကိုယ်က ရုန်းမထွက်နိုင်ဘူးဆိုရင် အချိန်အကြာကြီး ခံစားနေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်က ဘဝမှာ ဘယ်လို ဖြတ်သန်းချင်တာလဲဆိုတာကို စဉ်းစားကြည့်ပါ။ အထူးသဖြင့် လူ့ဘဝက အချိန်ခဏလေးဆိုတာကိုလည်း သတိရပြီး ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို ပေးနိုင်မယ့် ကိုယ် နေချင်တဲ့ဘဝကို သေချာတွေးရမှာ ဖြစ်ပါတယ်။


ပျော်ရတဲ့ အကြောင်းအရာတွေကို စဉ်းစားကြည့်ပါ

တကယ်လို့ ဒီအခြေအနေကနေ ရုန်းထွက်ဖို့အတွက် အတွေးတွေက ရှုပ်ထွေးနေတယ်ဆိုရင်တောင် သင့်ဘက်က လုပ်ကြည့်ရမယ့် အရာ ရှိပါတယ်။ အဲ့ဒါကတော့ ပျော်ရမယ့် အရာတွေကို တွေးကြည့်ဖို့ပါပဲ။ ပျော်ရွှင်ရတဲ့ အချိန် နည်းနေရင်တောင်မှ သင် ပျော်ခဲ့တဲ့ အချိန်တွေက သင့်ကို ခွန်အားဖြစ်လာစေနိုင်သလို သင့်စိတ်ပင်ပန်းနေရတာကို ပြေလျော့သွားစေတတ်ပါတယ်။


drobotdean/Freepik


လက်တွေ့ လုပ်ပါ

ကိုယ့်ဘက်က အတွေးတွေ ပေါ်လာပြီဆိုရင်တော့ လက်တွေ့အကောင်အထည်ဖော်လိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ် မလိုချင်တဲ့ သံယောဇဉ်တွေကို စတင်ပြီး ဖြတ်တောက်တာမျိုး၊ ကိုယ့်ဘဝအတွက်လို့ ရည်ရွယ်ပြီး စတင် ကြိုးစားတာမျိုးတွေက သင့်ကို သင် ပြန်ရှာတွေ့စေမှာပါ။

Kham


#အချက်
#အရာ
#အတွေး
#ခွန်အား
#ဘဝ

Some text some message..