မြို့တော်ခန်းမရှေ့တွင် လမ်းဖြတ်ကူးနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ-အောင်ဌေးလှိုင်
လမ်းလျှောက်သူတွေလည်း လိုက်နာရမယ့် လမ်းစည်ကမ်း
"အများပြည်သူသုံး လမ်းတွေပေါ်မှာ လမ်းလျှောက်သူတွေ လိုက်နာရမယ့် စည်းကမ်းတွေကို သိရှိပါသလား"
မြန်မာတိုင်းမ်က အနီးအနားကို လမ်းလျှောက်သွားလေ့ရှိသူ ၁၀ ဦးကို လမ်းလျှောက်သူတွေ လိုက်နာရမယ့် စည်းကမ်းကို သေချာစွာသိရှိမှုရှိမရှိ ဒီမေးခွန်းကိုမေးမြန်းတဲ့အခါမှာ သူတို့အားလုံးက သေချာစွာမသိရှိကြဘူးဟု ဖြေကြားပါတယ်။
ဖြေကြားပေးသူအားလုံးက လမ်းလျှောက်တဲ့အခါ ညာဘက်ကပ်လျှောက်ရမယ်၊ လူကူးမျဉ်းကြားကနေ လမ်းကူးရမယ်ဆိုတဲ့ အချက်တွေကိုပဲသိရှိကြောင်း ပြောပါတယ်။
"လမ်းလျှောက်ရင် ညာဘက်ကို ကပ်လျှောက်ရမယ်ဆိုတာတော့သိတယ်။ လူကူးမျဉ်းကြားက ကူးရမယ်ဆိုတာသိတယ်။ လမ်းလျှောက်သူတွေ လိုက်နာရမယ့် စည်းကမ်းထုတ်ထားတယ်ဆိုတာတောင် မသိပါဘူး။ တွေ့လည်း မတွေ့မိဘူး။ လမ်းလျှောက်တော့ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေတော့ သတိထားပြီး ကြည့်ရှောင်ရတာပေါ့" လို့ မမွန်မွန်က ဆိုပါတယ်။
သူက သူအိမ်နှင့် တစ်မှတ်တိုင်ကျော်ကျော်ဝေးသည့် ဈေးသို့ လမ်းလျှောက်သွားကာ ဈေးဝယ်လေ့ရှိသူဖြစ်ပြီး ဈေးဝယ်အပြန်တွင် ဆိုင်ကယ်ကယ်ရီ ငှားပြန်လေ့ရှိသူ ဖြစ်ပါတယ်။
ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားတဲ့ လမ်းအသုံးပြုသူများ လမ်းညွန်လက်စွဲမှာ လမ်းလျှောက်သူတွေလိုက်နာရမည့် အချက် ၁၈ ချက် ပါဝင်ပါတယ်။
ဒီအချက်တွေထဲမှာ သက်ဆိုင်သည့် လမ်းညွှန်၊ လမ်းအမှတ်အသားများအတိုင်း လိုက်နာရမည်။ ကြီးကြပ်ထိန်းသိမ်းသည့် ယာဉ်ထိန်းရဲရှိလျှင် ၎င်း၏ညွှန်ပြချက်အတိုင်း လိုက်နာရမည်။ လူသွားစင်္ကြံ (သို့) သတ်မှတ်ထားသောလမ်းရှိလျှင် ထိုနေရာများပေါ်မှ သွားရမည်။ လူသွားစင်္ကြံမရှိလျှင် တတ်နိုင်သမျှ လမ်း၏ ဝဲဘက်နံဘေးမှကပ်၍ ယာဉ်ကြောကိုမျက်နှာမူပြီး လျှောက်ရမည်စတဲ့ အချက်တွေ ပါဝင်ပါတယ်။
အသက်ကို ဉာဏ်စောင့်ဆိုသလိုပဲ လမ်းလျှောက်သွားလာသူတွေအနေနဲ့ ကိုယ့်ဘေးအန္တရာယ် လုံခြုံရေးအတွက် လမ်းပေါ်မှာသွားလာတဲ့အခါ သတိနဲ့ယှဉ်ပြီးသွားလာသင့်တယ်လို့လည်း ရန်ကုန်မြို့နေသူအချို့က အကြံပြုပါတယ်။
“တစ်ချို့တွေ ညဘက်ကြီး အပေါ်အင်္ကျီအနက်၊ ဘောင်းဘီအနက်တွေဝတ်ပြီး လမ်းတွေမှာ သွားလာနေတာတွေ့မိတယ်။ အဲဒါကိုမြင်မိတော့ အလင်းရောင်အားနည်းတဲ့နေရာတွေမှာ ယာဉ်တွေကသူတို့ကိုမမြင်ဘဲတိုက်မိရင် ဒုက္ခဘဲလို့ တွေးမိတယ်။ အင်္ကျီမှိုင်းမှိုင်းတွေ ဝတ်မယ်ဆို ရောင်ပြန်လိုလွယ်ကြိုးလေးပဲဖြစ်ဖြစ် ဝတ်ထားရင် ပိုအန္တရာယ်ကင်းမယ်” လို့ စမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့ မအေးအေးက အကြံပြုပါတယ်။
ဒါတွေအပြင် ဖုန်းတွေပြောရင်း၊ နားကြပ်နဲ့ သီးချင်းနားထောင်ရင်း လမ်းပေါ်မှာ သွားလာနေတာတွေကိုလည်း ဆင်ခြင်သင့်ကြောင်း ရန်ကုန်မြို့နေသူအချို့က ဆိုပါတယ်။
“စည်းကမ်းသိတဲ့သူကလည်းပဲ အကုန်လိုက်နာလို့မရနိုင်ဘူး။ ဥပမာပြောရရင် လူကူးမျဉ်းကြားက နေရာတိုင်းမှာမရှိဘူး။ လူကူးမျဉ်းကြား ရှာတွေ့ဖို့အတွက်ကလည်း ဘယ်နားမှာရှိလဲမသိဘူး။ ဘယ်လောက်အဝေးကြီး လျှောက်ရဦးမလဲဆိုတာလည်း မသိဘူး။ အဲဒီအခြေအနေမှာ စည်းကမ်းလိုက်နာနိုင်ဖို့ အဆင်မပြေဘူး။ နောက်တစ်ခုက စည်းကမ်းမရှိတဲ့သူတွေကလည်း တော်တော်များတယ်” လို့ မြို့ပြသယ်ယူပို့ဆောင်ရေး ကျွမ်းကျင်သူပညာရှင် ဦးသန်းဝင်းက ပြောပါတယ်။
လူကူးခုံးတံတားများ တည်ဆောက်ပေးထားသော်လည်း အသက်ကြီးသူများ၊ ကိုယ်ဝန်ဆောင်များနှင့် မသန်စွမ်းသူများအတွက် အဆင်မပြေသဖြင့် ၎င်းတို့က လူကူးခုံးတံတားအောက်မှ လမ်းကူးပါက စည်းကမ်းမရှိသူများဟု သတ်မှတ်လို့မရဘူးလို့လည်း သူကဆိုပါတယ်။
တာဝန်ရှိသူများအနေဖြင့် လမ်းလျှောက်သူတွေလိုက်နာရမည့် စည်းကမ်းတွေကို အများပြည်သူသိရှိစေဖို့ ဆောင်ရွက်ပေးသင့်တယ်လို့ ဦးသန်းဝင်းက ပြောပါတယ်။ ယာဉ်နှင့် လမ်းလျှောက်သူ ဘယ်သူကို ဦးစားပေးရမလဲဆိုတဲ့ အချက်ကိုလည်း လူအများက ရှင်းရှင်းလင်းလင်း မသိရှိတဲ့အတွက် လမ်းဘေးမှာ လိုအပ်တဲ့ သင်္ကေတအချက်ပြ ဆိုင်းဘုတ်တွေကို ထောင်ထားသင့်တယ်လို့ သူကဆိုပါတယ်။
ယာဉ်စည်းကမ်းထိန်းသိမ်း ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားတဲ့ လမ်းအသုံးပြုသူများ လမ်းညွန်လက်စွဲထဲက လမ်းလျှောက်သူများ လိုက်နာရမည့်အချက်တွေမှာ လမ်းမပိတ်ဆို့ရ၊ ရင်ဘောင်တန်းမလျှောက်ရ၊ ခိုင်လုံသောအကြောင်း တစ်စုံတစ်ရာမရှိဘဲ လမ်းပေါ်တွင် လမ်းလျှောက်ခြင်း၊ရပ်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်း၊ ကစားခြင်း၊ လမ်းပေါ်ထွက်၍ ယာဉ်ကိုတားခြင်း မပြုလုပ်ရ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
မြင်ကွင်းကွယ်တဲ့နေရာက လမ်းပေါ် ရုတ်တရက်ထွက်လာခြင်း၊ လမ်းဖြတ်ကူးခြင်းမပြုရ။ မီးသတ်ယာဉ်၊ သူနာတင်ယာဉ်၊ ပြည်သူရဲတပ်ဖွဲ့ယာဉ် စတဲ့အရေးကြီးယာဉ်တွေအချက်ပေးလာရင် ၎င်းယာဉ်များကို တားခြင်းမပြုလုပ်ရလို့လည်း စည်းကမ်းမှာဖော်ပြထားပါတယ်။