
ကိုယ့်သူငယ်ချင်းတွေကြားထဲမှာ နင်မိန်းမအစစ်ရောဟုတ်ရဲ့လားတို့ ၊ နင့်ရယ်သံကြီးကလည်း ကြောက်စရာကောင်းလိုက်တာတို့ အပြောခံနေရပြီဆိုရင် သင့်အနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုပါပြီ။ သူငယ်ချင်းအချင်းချင်းကြားမှာ ဘာမှမဖြစ်ပေမယ့် အဲဒီအကျင့်တွေက တခြားလူတွေရှေ့ရောက်တဲ့အခါမှာလည်း မတော်တဆပွင့်အံထွက်လာနိုင်တာမို့ အဲဒီကျမှ လူတကာမျက်လုံးပြူးပြီးကြည့်ကြတာမျိုးကို မခံရချင်ဘူးဆိုရင်တော့ မိန်းမပီပီသသနေနည်းတချို့ကို ကြိုပြီးလေ့လာထားဖို့လိုပါတယ်။ ဒါမှသာ လူကြားထဲမှာလည်း မိန်းကလေးဆန်ဆန်နဲ့ ချစ်စရာကောင်းနိုင်မှာဖြစ်သလို ကိုယ့် Crush ရှေ့မှာလည်း ကိုယ့်ရဲ့ ကျားကျားယားယားမိန်းမသားဖြစ်နေမှူကြီးကို အတိုင်းအတာတစ်ခုအထိ ဖုံးဖိထားနိုင်မှာပါ။
1.အသံပွဲနဲ့မရယျပါနဲ့
ရယ်မောခြင်းဆိုတာ တမင်သက်သက်လုပ်ယူထားတဲ့အရာမျိုးမဟုတ်လို့ ရယ်မောခြင်းနဲ့ပတ်သက်တဲ့အမူအကျင့်တွေကို ပြင်ယူဖို့ခဲယဉ်းပါလိမ့်မယ်။ အထူးသဖြင့်အရယ်သန်တဲ့မိန်းကလေးတွေမှာဆို ပိုဆိုးပါတယ်။ ရယ်တာကို အောင့်အည်းချုပ်တည်းပြီး မခို့တရို့လေးရယ်ဖို့ဆိုတာမဖြစ်နိုင်ပေမယ့် ကိုယ့်ရယ်သံကြားလိုက်တာနဲ့ ဘေးလူတွေလန့်ဖြန့်သွားတဲ့အထိမဖြစ်အောင်တော့ အတတ်နိုင်ဆုံး အထူးဂရုစိုက်ထိန်းသိမ်းရပါမယ်။
2.အလှပြင်ပါ
အလှအပမကြိုက်တဲ့မိန်းကလေးဆိုတာ တစ်ရာမှာတစ်ယောက် ရှားပါးလွန်းပါတယ်။ မိန်းကလေးဖြစ်လျက်နဲ့ အလှမပြင်လို့ နင်မိန်းကလေးအစစ်မှဟုတ်ရဲ့လားဆိုပြီး ပြောခံရတဲ့သူတွေအများကြီးမြင်ဖူးမှာပါ။ ဒါကြောင့် မိန်းကလေးပီသချင်ရင် အလှအပကိုလေ့လာပါ။ အလှပြင်ပါ။ အသားအရည်ကိုပုံမှန်ဂရုစိုက်ပါ။ အလှပြင်ပစ္စည်းတွေအတွက် ငွေသုံးပါ။
3.အစားအသောက်ကိုဖြည်းဖြည်းစားပါ
အစားအသောက်ဆိုတာ ဟန်ဆောင်ပြီးစားလို့ကောင်းတဲ့အရာမျိုးမဟုတ်ပေမယ့် မိန်းမပီသချင်ရင်တော့ စားသောက်ပုံကအစ အတတ်နိုင်ဆုံး ဂရုစိုက်ရပါမယ်။ ထမင်းကိုငပိရည်နဲ့နယ် အတို့အမြုပ်လေးထည့်ပြီး လက်သီးဆုပ်လောက်ထမင်းလုပ်ကြီးယူ ၊ အားရပါးရပလုပ်ပလောင်းစားရတာကို နှစ်သက်တဲ့မိန်းကလေးတွေအများကြီးရှိပေမဲ့ အဲဒီလိုအကျင့်မျိုးကို အိမ်မှာအသုံးပြုဖို့ပဲ ထားထားသင့်ပါတယ်။ လူကြားထဲမှာတော့ အတတ်နိုင်ဆုံး ဟန်ဆောင်ပန်ဆောင်နဲ့ ပဲများပြီးစားတတ်ဖို့ အထူးလေ့ကျင့်ထားရပါမယ်။ တကယ်လို့ ဗိုက်ဆာနေတဲ့အချိန် အဲဒီလိုလုပ်ဖို့အဆင်မပြေဘူးဆိုရင်တော့ အိမ်ကနေအဝအပြဲ ကြိုပြီးစားလာခဲ့ပါ။
4.အနေအထိုင်ပိရိပါ
မိန်းကလေးဆိုတာ အနေအထိုင်ပိရိရတယ်လို့လူကြီးတွေပြောတာခဏခဏကြားဖူးမှာပါ။ လူကြားထဲမှာဆိုရင် ထိုင်တာကအစ ကျုံ့ကျုံ့လေးထိုင်တာမျိုး ၊ခြေထောက်ကိုလှလှလေးချိတ်ထိုင်တာမျိုး၊ ဖုံးသင့်တာဖုံး ၊ထိန်းသင့်တာထိန်းပြီး လှလှပပ ပိပိရိရိလေးထိုင်တာမျိုးကို အိမ်မှာကြိုပြီးလေ့ကျင့်သင့်ရင် လေ့ကျင့်ထားရပါမယ်။ သူများပြောတဲ့ ဟာသထဲမှာ နားရှက်စရာနည်းနည်းပါတာနဲ့ မျက်လွှာချထားလိုက်မျိုး ၊ မကြားချင်ယောင်ဆောင်တာမျိုးတွေလုပ်ပါ။
5.စကားကိုညင်သာစွာပြောပါ
တချို့မိန်းကလေးတွေမှာ စကားပြောရင်အသံကျယ်ကျယ်နဲ့ ဘွင်းဘွင်းရှင်းရှင်းပြောတတ်တဲ့သူတွေရှိပါတယ်။ ဒါကမွေးရာပါဗီဇမို့ ဖျောက်ဖို့ခဲယဉ်းတယ်ဆိုပေမယ့် လူထူထူကြားထဲမှာ၊ ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားနေတဲ့သူရဲ့ရှေ့မှာတော့ အတတ်နိုင်ဆုံးစကားကို ဖြည်းညှင်းစွာနဲ့ မိန်းမဆန်ဆန် နူးနူးညံ့ညံ့လေးပြောတတ်အောင် အကျင့်လုပ်ထားသင့်ပါတယ်။အသံကြောင့်ဖားသေဆိုတာမျိုးမဖြစ်ပါစေနဲ့။
6.ဘာမှမသိဟန်ဆောင်ပါ
တစ်ခုခုဆို ဗန်းစကား၊ ခေတ်ပေါ်စကားကစလို့ lgbt စကားထိ အကုန်သိနေရင်တောင်မှ သူများပြောရင် ဘာမှမသိသလိုလေး ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ပါ။ ဘာလဲဟင် ၊ဘာလဲဟင်ဆိုပြီး လိုက်မေးပါ။ ကိုယ်မသိဘူးထင်ပြီး ဗန်းစကားတွေနဲ့ပြောကြတဲ့အခါ အနည်းဆုံးတော့ တခြားမှာပြန်အတင်းတုပ်ဖို့ information အသစ်တွေရကောင်းရနိုင်ပါတယ်။
7.ကြောက်ဟန်ဆောင်ပါ
အာရှနိုင်ငံတော်တော်များများအနေနဲ့ ဘယ်လောက်ပဲ Gender Equality လို့ပြောပြော မိန်းကလေးဆိုရင် အားနွဲ့တဲ့သူကိုမှ မိန်းကလေးပီသတယ်ဆိုပြီး အခွင့်အရေးပိုပေးချင် ၊ ချစ်သူအဖြစ် ၊ အိမ်ထောင်ဘက် အဖြစ်သတ်မှတ်ချင်ကြတဲ့ ပတ်ဝန်းကျင်မို့ ကိုယ်က ဘယ်လောက်ပဲ အိမ်မှာငါးရိုက်ဖားရိုက်နဲ့ ဒေါင်းတိမောင်းတိ လုပ်နေပါစေ အပြင်မှာတော့ သူ့နေရာနဲ့သူ ( ဥပမာ - အင်းဆက်ပိုးမွှားလေးတွေကအစ) ကြောက်ပြဖို့လိုပါတယ်။ အမျိုးသားတော်တော်များများကလည်း အားနွဲ့သူကိုမှ ပိုပြီးကာကွယ်ပေးရတဲ့ သူရဲကောင်းလုပ်ချင်ကြတာမို့ သူတို့ကို အတိုင်းအတာတစ်ခုထိ သူရဲကောင်းလုပ်ခွင့်ပေးရမှာပါ။
Photo Credit to the Rightful Owners