စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သူတစ်ဦး ဖြစ်လာစေဖို့ အကြံပြုချက် (၁၀)ချက်
lifestylemyanmar.com
|
2021-07-06



ဘဝစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ စိတ်ဓါတ်ကြံ့ခိုင်မှု ရှိပြီလား? ကျန်းမာသော လူမှုရေးကွန်ယက်ကို တည်ဆောက်ပြီးပါသလား? အောင်မြင်လာပြီလား? စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ပုံကို သင်ယူရမယ့်အချိန်ရောက်ပါပြီ။

ရုပ်ပိုင်းဆိုင်ရာ အရွယ်ရောက်ခြင်းက မလွှဲမရှောင်သာကြုံရသော်လည်း စိတ်ပိုင်းဆိုင်ရာ အရွယ်ရောက်မှုက ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ အသက် ၄၀အရွယ် အမျိုးသားတစ်ယောက်က မရင့်ကျက်တဲ့အပြုအမှု ပြုမှုနေရင် အံ့သြစရာ မဟုတ်ပါဘူး။ စိတ်ရင့်ကျက်မှုက Gym သွားကစားပြီး၊ အာဟာရမျှတတဲ့ အစားအသောက်စားရသလို၊ ဗီတာမင်နဲ့ ပရိုတိန်းရှိတ်တွေ သောက်ရသလို မလွယ်ကူပါဘူး။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဆိုတာက သင်ကိုယ်တိုင် အတွင်းပိုင်းထဲကနေ ပြောင်းလဲခြင်းကို ဆိုလိုပါတယ်။ သင့်အတွေးအခေါ်၊ အပြုအမှု၊ ပြောဆိုဆက်ဆံရေးစွမ်းရည်၊ စိတ်ခံစားမှု၊ ယုံကြည်မှုနှင့် အလုံးစုံ စိတ်ကျန်းမာရေးပေါ်မှာ စတင်ရပါတယ်။ စိတ်ဓါတ်ရင့်ကျက်သူအဖြစ်ရပ်တည်ဖို့ စိတ်အားထက်သန်နေပေမယ့် ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက် အထောက်အကူဖြစ်မှာပါ။

၁။ ဒေါသထွက်နေတဲ့အခါ ပြန်မဖြေခင် ၅စက္ကန့်လောက်နားပါ

ဒေါသထွက်နေတဲ့အခါမျိုးမှာ တစ်ခုခုတုံ့ပြန်လိုက်ပြီးမှ ” Shit.. ငါအဲ့လိုမပြောလိုက်သင့်ဘူး” လို့နောက်မှ နောင်တရတတ်ကြတယ်မှလား။ ဒေါသက သင့်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ပိတ်ပစ်လိုက်ပြီး မမျှော်လင့်သော တုံ့ပြန်မှုတွေက ဆိုးရွားတဲ့ အခြေအနေတွေဆီကို၊(အထူးသဖြင့် ပျက်စီးမှုကို ပြန်မပြုပြင်နိုင်ရင်) ဘယ်တော့မှ အပြစ်တင်မဆုံးတဲ့ ခရီးစဉ်ကို ဦးတည်သွားစေပါတယ်။ ပေါင်ငါးရာဝန်ရှိတဲ့ အပြစ်တင်မှုတွေနှင့်အတူ စိတ်ဓါတ်ကျခြင်းဆီသို့ တွန်းပို့နေပါတယ်။



ခေတ္တနားပြီး အသက်ပြင်းပြင်းရှုရှိုက်ပါ။ စဉ်းစားပါ။ ပြီးမှ ပြောပါ။ ဒါက သင့်ရဲ့စိတ်လှုပ်ရှားမှုနှင့် ယုတ္တိဗေဒကို ဟန်ချက်ညီစေဖို့နှင့် ဘဝမှာ မှန်ကန်သောအရာတွေကို ပြုလုပ်ဖို့ ကူညီပါတယ်။

၂။ နေ့စဉ် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလုပ်ပါ

ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းက ခန္ဓာကိုယ်ကျန်းမာဖို့အတွက် သော့ချက်ဖြစ်သလို စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းက စိတ်ရင့်ကျက်ဖို့ သော့ချက်ဖြစ်ပါတယ်။ စိတ်လေ့ကျင့်ခန်းအနေနဲ့ word games , Chess, Jigsaw puzzle တွေ ကစားပါ။ အသစ်သောအရာတွေနဲ့ ရှုပ်ထွေးသောအရာတွေကို နေ့စဉ်အခြေခံပြီး လုပ်ဆောင်ခြင်းက သင့်အား အကြီးမားဆုံးသော စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုကို ပေးပါတယ်။ မှတ်ဉာဏ်၊ ရုပ်လုံးပေါ်စေခြင်းနှင့် အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်ခြင်း တို့ပါတဲ့ အရာတွေက သင့်ဦးနှောက်ကို လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

၃။ အတင်းအဖျင်း၊ ဝေဖန်ခြင်း၊ အပြစ်တင်ခြင်းကို ရပ်တန့်ပါ

လူအများစုက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပျော်ရွင်တဲ့ ဟော်မုန်းတွေ ထုတ်လွှတ်တာကြောင့် အဲဒါတွေကို လုပ်ချင်ကြပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ဒီအလေ့အထက သင့်ကို စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်စေမှာ မဟုတ်ပါဘူး။ အဆိုးဆုံးဖြစ်နေရင်တောင် သင်ဟာ အကောင်းဆုံးဖြစ်ကြောင်း တွေးစေတဲ့ အတ္တကောင်းကိုသာ မြှင့်တင်ပါ။

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ဖို့ တွေးနေရင် သင့်ကိုယ်သင် မေးကြည်ပါ။
ငါဘယ်နေရာမှာ မှားနေတာလဲ?
ငါ့အမှားတွေကို ငါဘယ်လိုကျော်လွှားနိုင်မှာလဲ?
လူတစ်ယောက်အနေနဲ့ ဘယ်လိုတိုးတတ်အောင် လုပ်နိုင်သလဲ?
ပိုကောင်းတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လိုရနိုင်မလဲ?
ငါ့ရဲ့တန်ဖိုးနဲ့ ယုံကြည်ချက်က ဘာလဲ?

သင်တိုးတတ်ဖို့ လိုတယ်ဆိုတာကို လက်ခံခြင်းဟာ စိတ်ကြံ့ခိုင်သူတွေရဲ့ အဓိကသဘောထားဖြစ်ပါတယ်။ အပြုသဘောဖြင့် တွေးတဲ့အခါ၊ အတွေးအခေါ်သစ်တွေ ထုတ်တဲ့အခါ (သို့) မိမိကိုယ်ကို တိုးတတ်အောင် အချိန်ယူတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပိုအားကောင်းလာပါတယ်။




၄။ တတ်ကြွစွာ နားထောင်ခြင်းကို လေ့ကျင့်ပါ

တခြားသူ ပြောတာကို ပြီးဆုံးတဲ့အထိ နားထောင်ဖူးပါသလား? ဒါမှမဟုတ် ဘာဆက်ပြောရမယ်ဆိုတာ တွေးနေမိပါသလား? တခြားသူပြောတာကို သင်နားမထောင်တဲ့အခါ သူတို့ရဲ့အမြင်ကို နားလည်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် နားလည်ဖို့ နားထောင်ခြင်းကို လေ့ကျင့်ပါ။

အခြားသူကို နားလည်သဘောပေါက်တယ်လို့ ခံစားရတဲ့အခါ သူတို့က သင်နှင့်အတူ ဆက်သွယ်မှုကို တည်ဆောက်နိုင်ခြေ ပိုများပါတယ်။ သင်ဟာ ပြဿနာတွေကို ရှာဖွေ ဖော်ထုတ်လာနိုင်မယ်၊ ကိုယ်ပိုင်တိုးတတ်မှု ရရှိနိုင်မယ်၊ အတွေ့အကြုံသစ်တွေရှိလာနိုင်ပါမယ်။ ပြဿနာတွေကို ဖော်ထုတ်ပြီး ဖြေရှင်းပါ။ တတ်ကြွသော နားထောင်ခြင်းက သင့်အား Communicator ကောင်းတစ်ယောက်ဖြစ်စေယုံသာမက စိတ်ပိုင်းဆိုင်ရာ ကြီးထွားမှုအတွက် အစားအစာဖြစ်သော အကြောင်းအရာအမျိုးမျိုးနှင့်ပတ်သတ်ပြီး နားလည်မှုနှင့် ဗဟုသုတကို တိုးစေပါတယ်။

၅။ သင့်အတွေးတွေကို ချရေးပါ

လီယိုနာဒိုဒါဗင်ချီက သူ့ရဲ့ ပုံဆွဲအိုင်ဒီယာတွေနဲ့ လှုံ့ဆော်မှုတွေကို သူ့ဂျာနယ်ထဲမှာ ဆက်တိုက်ရေးသားခဲ့ပါတယ်။ အဲလ်ဘတ်အိုင်းစတိုင်းဟာ ခရီးသွားလာရေးဂျာနယ်ကို အမြဲတမ်းထိန်းသိမ်းခဲ့ပြီး သူ့ကိုယ်ပိုင်အမြင်တွေကို မျှဝေခဲ့ပါတယ်။ သောမတ်စ်အက်ဒီဆင်က စိတ်ကူးတွေ၊ စီးပွားရေးအစီအစဉ်တွေနဲ့ အနာဂတ်တီထွင်မှုတွေကို ဂျာနယ်စာမျက်နှာတွေမှာ ချန်ထားခဲ့ပါတယ်။ သင့်စိတ်ထဲမှာရှိတဲ့အရာတွေကို ချရေးပါ။ သင့်ရဲ့မှတ်စုတွေက တစ်နေ့မှာ ဘီလျှံနာဖြစ်စေနိုင်ပါတယ်။




မှတ်စုရေးခြင်းက စိတ်ကျန်းမာရေးကို အကျိုးရှိစေတာ သင်သိပါသလား?
စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုကို လျော့နည်းစေပါတယ်
စိတ်ကျရောဂါကို လျှော့ချပေးပါတယ်
စိတ်ခံစားမှုကို တိုးတတ်စေပါတယ်
သိမြင်မှုလုပ်ဆောင်ချက်ကို ပိုကောင်းစေပါတယ်
နက်ဂတစ်ဆန်တဲ့ အတွေးတွေကို ဖြေရှင်းပေးပါတယ်
သင့်ရဲ့self-awareness ကိုတိုးတတ်စေပါတယ်။

၆။ တရားထိုင်ပါ

တရားထိုင်ခြင်းက စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုကို တိုးတတ်စေဖို့ ကမ္ဘာ့အကျော်ကြားဆုံး နည်းလမ်းဖြစ်ပါတယ်။ တရားထိုင်ခြင်းက မိမိကိုယ်ကို သိမြင်မှုနှင့် အတွင်းစိတ်တည်ငြိမ်မှုကို ဖြစ်ပေါ်စေပါတယ်။ တရားထိုင်ခြင်းမှာ ဒီနည်းစနစ်တွေ ပါဝင်ပါတယ်-
ဝင်လေ၊ ထွက်လေကို အာရုံစိုက်ခြင်း
ဂါထာတစ်ခုကို ထပ်တလဲလဲရွတ်ခြင်း
အတွေးဖြစ်စဉ်တွေကနေ ခွဲထွက်ခြင်း
အာရုံ စူးစိုက်ခြင်း

အလုပ်ရှုပ်နေရင်တာင် တစ်နေ့ကို မိနစ် ၂၀လောက် တရားထိုင်သင့်ပါတယ်။ အလုပ်မရှိရင် တစ်နာရီကြာထိုင်သင့်တယ်လို့ ဒေါက်တာ Sukhraj Dhillon ကပြောကြားခဲ့ပါတယ်။




၇။ သင့်ရဲ့ bucket list ကိုဖြည့်ပါ

သင့်ရဲ့ bucket list ကိုစစ်ဆေးပါ။ သင်ပြီးပြည့်စုံလိုတဲ့ (သို့) သင်အမြဲသင်ယူလိုတဲ့ အရာတွေဖြစ်ပေမယ့် အငြိမ်းစားယူပြီးမှ စတင်ဖို့ စောင့်ဆိုင်းနေတဲ့၊ အချိန်ဆွဲနေတဲ့အရာတွေကို ရှာဖွေပါ။ သီချင်းရေးမှာလား? ကွန်ပျူတာ ပရိုဂရမ်းမင်းလား? ချက်ပြုတ်ခြင်းလား?

ယခုပဲ စတင်ပါ။ ဘဝက တိုတောင်းလွန်းပါတယ်။ နောက်ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ နောင်တရခြင်းထက် မျက်နှာပေါ်မှာ အပြုံးတပွင့်နဲ့ ကိုယ်ကြိုးစားခဲ့တဲ့ ကျေနပ်ရောင့်ရပ်မှုနှင့်အတူ သေဆုံးတာက ပိုကောင်းပါတယ်။ အလုပ်သစ်တစ်ခုကို သင်ယူဖို့နှင့် နေ့စဉ်တိုးတတ်မှုအတွက် သင်အလုပ်များတဲ့အချိန်ထဲကနေ မိနစ်အနည်းငယ် ယူနိုင်ပါတယ်။ ကျွမ်းကျင်မှုအသစ်တစ်ခုကို လေ့လာခြင်းက သင့်ဦးနှောက်အတွင်းရှိ စဉ်းစားဉာဏ်ကို တိုးပွားစေပြီး အလုပ်များစွာမှာ သင့်ရဲ့ စွမ်းဆာင်ရည်ကို မြှင့်တင်ပေးပါတယ်။

၈၊ သင့်ရဲ့နံပါတ်တစ် ဦးစားပေးဖြစ်ပါစေ

သင့်မိသားစုနဲ့ သူငယ်ချင်းတွေကို အရင်ဆုံးတွေးပေးဖူးပါသလား? သင့်လိုအပ်ချက်တွေနဲ့ အပေးအယူလုပ်ဖူးသလား? သင့်ကိုယ်သင် ဦးစားပေးရမယ့်အချိန်ပါ။ “Me Time” မှာသင်ပါဝင်ဖို့လိုပါတယ်။ အနားယူဖို့၊ အိပ်ဖို့၊ Body spa သွားဖို့၊ စာဖတ်ဖို့၊ သီချင်းဖွင့်ဖို့ (သို့) သင့်စီးပွားရေးအိုင်ဒီယာတွေ အကောင်အထည်ဖော်ဖို့၊ သင့်ဘဝကို ပြန်စဉ်းစားဖို့ အချိန်ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အရေးကြီးတယ်လို့ မယူဆဘူးဆိုရင် ဘယ်သူ့ကို ယူဆမှာလဲ?




၉။ အပြုသဘောဆောင်တဲ့လူတွေနဲ့ ဝန်းရံပါ

သူတို့က သင့်ရဲ့ရှုထောင့်၊ အမူအကျင့်နှင့် သဘောထားကို ပြောင်းလဲစေနိုင်ပြီး ကိုယ်ကိုယ်တိုင်လည်း အကောင်းမြင်လာစေတာကြောင့် သင်ဟာ အကောင်းမြင်တတ်သူများစွာနဲ့ ဝန်းရံဖို့လိုပါတယ်။သူတို့က သင့်ကို inspire လုပ်ပေးမှာဖြစ်သလို သင်ကလည်း သူတို့ကို ပြန်ပြီး နှိုးဆွပေးပါလိမ့်မယ်။ ဒီလုပ်ငန်းစဉ်က သင့်အောင်မြင်မှုအတွက် Snowball ဖြစ်လာပါလိမ့်မယ်။

လူတွေပြောသလို အပြုသဘောနဲ့ ပျော်ရွင်မှုက ကူးစက်တတ်ပါတယ်။ အပြုသဘော ပါဝါကို အသုံးချသူတွေဟာ အခက်အခဲတွေ ကြုံတွေ့ရချိန်မှာ ပိုခံနိုင်ရည်ရှိပါတယ်။ ခံနိုင်ရည်များလေလေ စိတ်ပိုင်းဆိုင်ရာ ပိုရင့်ကျက်လေဖြစ်ပါတယ်။




၁၀။ စိတ်ကျန်းမာသူတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာတွေကို တည်ဆောက်ပါ

ဒါက စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ဖို့ ဘယ်လိုလေ့လာသင်ယူရမယ်ဆိုတဲ့ သော့ချက်ဖြစ်ပါတယ်။ စိတ်သန်မာသူတစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဆိုင်ရာကျန်းမာသူတွေ ဘယ်လိုလုပ်ပြီး အသက်ရှင်နေသလဲဆိုတာကို ဦးစွာ သိထားရပါမယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသူတစ်ယောက်ရဲ့ လက္ခဏာ (၁၁)ချက်ရှိပါတယ်။



သူတို့က ဘယ်သူလဲဆိုတာကို လက်ခံပါတယ်
သူတို့မှာ ကျေနပ်စရာကောင်းပြီး သဟဇာတဖြစ်စေတဲ့ relationships တွေရှိကြပါတယ်။
သူတို့က အခြားလူတွေနဲ့ အဆင်ပြေကြပါတယ်
ခံစားချက်တွေကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ ထိန်းချုပ်နိုင်ပါတယ်
သူတို့မှာ မြင့်မားတဲ့ self-respect ရှိပါတယ်
သူတို့က တာဝန်ယူတတ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချတတ်ကြပါတယ်
သူတို့က ပတ်ဝန်းကျင် ပြောင်းလဲမှုတွေကို ချိန်ညှိနိုင်ပါတယ်
သူတို့မှာ မြင့်မားတဲ့ self-awareness ရှိပါတယ်
သူတို့မှာ self-discipline မြင့်မားပါတယ်
သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုမှာ ဖန်တီးမှုရှိပါတယ်

Lifestyle_Myanmar
LM_Nandar


Source-themindsjournal


#စိတ်ပိုင်းဆိုင်ရာ
#အပြုသဘော
#သော့ချက်
#စိတ်ခံစားမှု
#အရာ

Some text some message..