အမျိုးသားတစ်ယောက်က သင့်ကို နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးနေတယ်ဆိုတဲ့ သိသာထင်ရှားသော လက္ခဏာ (၉) ချက်
lifestylemyanmar.com
|
2021-08-18



RS တစ်ခုမှာ လူနှစ်ယောက်အပြန်အလှန်လေးစားမှုဟာ အင်မတန်အရေးပါပါတယ်။ တစ်ဖက်မှာလည်း အချင်းချင်းလေးစားမှုရှိခြင်းက ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်လို့လည်း သတ်မှတ်နိုင်ပါတယ်။ ဆိုတော့ ဒီနေ့အဓိကမျှဝေပေးချင်တဲ့ အကြောင်းအရာက အမျိုးသားတစ်ယောက်က တစ်ဖက်ကောင်မလေးအပေါ် လေးလေးနက်နက်ချစ်မြတ်နိုးခြင်းရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

၁။ သင့်အတွက် အချိန်သီးသန့်ပေးလေ့ရှိပါတယ်




မင်းသားကြီး ”Ajith Kumar” သရုပ်ဆောင်ထားတဲ့ (ဇာတ်လမ်းနာမည်မမှတ်မိ) အိန္ဒိယဇာတ်လမ်းလေးတစ်ပုဒ်မှာ အမျိုးသားက ရာဇဝတ်မှုတွေကို အသည်းသန်ဖြေရှင်းနေချိန် ဗီလိန်တွေက နောက်မှာ အသည်းအသန်လိုက်ပြီး ဒုက္ခတွေကြားရောက်နေချိန်မှာတောင် ဇနီးသည်ရဲ့ ဖုန်းကောလ်ကို တည်တည်ငြိမ်ငြိမ် ဖြေကြားခဲ့တဲ့ အခန်းလေးပါပါတယ်။ တစ်ဖက်ဇနီးသည်ကို အခြေအနေအချိန်အခါ နားမလည်ရကောင်းလားလို့ အော်ငေါက်တာမျိုး မလုပ်ခဲ့ပါဘူး။ တကယ်တော့ ဒါဟာ အချိန်ပေးနည်းတစ်မျိုးပါ။ တကူးတက ခရီးတွေထွက်ပေးနိုင်မှ အချိန်ပေးနိုင်တယ်လို့ မခေါ်ပါဘူး။ ကိုယ့်ဘေးနားရှိနေချိန်မှာ ကိုယ့်ကိုယ်စိတ်ချမ်းသာအောင် ထားပေးနိုင်တဲ့ အမျိုးသားဟာ ကိုယ့်ကို အမှန်တကယ်ချစ်တဲ့အမျိုးသားပါပဲ။

ဒီနေ့ခေတ် လူမှုဘဝဟာ အမြဲလိုလို အလုပ်ရှုပ်နေကြတဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်နေရပါတယ်။ ဒီနောက်ကို အမှီလိုက်ဖို့လည်း တကယ်ခက်ပါတယ်။ ဒါပေမယ့် သူကတော့ သင်တို့ရဲ့ နှစ်ပတ်လည်နေ့တွေအတွက် (သို့) ဒီအတိုင်း တစ်ပတ်တစ်ခါလောက် တွေ့ဖို့ ကြိုးစားနေတတ်ရင် သင့်ကို အမှန်တကယ်ချစ်ပေးနိုင်သူလို့ သတ်မှတ်နိုင်ပါတယ်။

၂။ သင့်ကို စိတ်ခံစားမှုမှာရော ရုပ်ပိုင်းဆိုင်ရာမှာပါ လုံခြုံမှုရှိအောင် ကာကွယ်ပေးတယ်




ဒီအချက်က အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ အမျိုးသားကောင်းတွေရဲ့ ဗီဇမှာ အားနည်းတဲ့မိန်းကလေးတွေကို ကာကွယ်ပေးချင်တဲ့ စိတ်အခံလေးတွေရှိကြပါတယ်။ အထူးသဖြင့် သူတို့ရဲ့ ကောင်မလေးအပေါ်မှာတော့ တစ်ခြားကောင်မလေးတွေထက် ပိုပါလိမ့်မယ်။ နှစ်ယောက်အတူတူလမ်းလျှောက်ကြတဲ့အခါ ကောင်လေးတွေက သင့်ဘေးနား ရိသဲ့သဲ့ လာလုပ်တိုင်း သူက မျက်နှာကြီး ချက်ချင်းတင်းပြီး သင်ဟာ သူ့အပိုင်ဆိုတဲ့ အမူအယာတွေနဲ့ ကာကွယ်ပေးတာမျိုး ဒါမှမဟုတ် သင့်အနေနဲ့ ဒီအမျိုးသားလေး သင့်ဘေးနားရှိချိန်မှာ စိတ်ရောကိုယ်ရော လုံခြုံမှုကို အပြည့်အဝခံစားမိတယ်ဆိုရင် သင်ဟာ သူ့ကို အားကိုးမိနေပါပြီ။ တစ်ဆက်တည်းမှာပဲ သူကလည်း သင့်ကို နက်နက်ရှိုင်းရှိုင်းချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကိုယ်ထိလက်ရောက် ကျူးလွန်တတ်ပြီး သင့်ကို ရုပ်ပိုင်းဆိုင်ရော၊ စိတ်ပိုင်းဆိုင်ရာမှာ လုံခြုံမှုမပေးနိုင်တဲ့ ယောင်္ကျားတွေကို ရှောင်ပါ။

၃။ ကတိတွေကို ထိန်းသိမ်းပြီး တည်ပေးနိုင်တယ်




ကတိတည်တတ်တဲ့ အမျိုးသားတွေကို တန်ဖိုးထားပါ။ မြတ်နိုးပါ။ ကတိတည်တတ်တဲ့ အမျိုးသားတွေဟာ မိမိကိုယ်ကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို လေးစားသူတွေလည်းဖြစ်ပါတယ်။ ၇ နာရီအရောက်လာမယ်လို့ ပြောတဲ့လူတစ်ယောက်ဟာ တကယ်အရောက်လာခဲ့သူဖြစ်တယ်ဆိုရင် သူဟာ သူ့ကိုယ်သူလေးစားသူဖြစ်သလို အချိန်ကို လေးစားသူလည်းဖြစ်ပြီး သင်အားကိုးနိုင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။

၄။ သင်ရူးသွပ်တဲ့အရာတွေကို နှစ်သက်ပေးတဲ့ အမျိုးသားတစ်ယောက်




အမျိုးသမီးတွေဟာ တစ်ခါတလေမှာ တော်တော်လေး ရူးကြောင်ကြောင်နိုင်ကြပါတယ်။ တစ်ချို့က ဒီ့ထက် ပိုကြတာတွေလည်းရှိတယ်ဆိုပါတော့။ သင်က ပါးစပ်ပြဲကြီးနဲ့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားရယ်နေချိန် (သို့) ကလေးတစ်ယောက်လို ခုန်ပျံကျော်လွှားနေချိန်မှာ သူက သင့်ကို သဘောကျပြီး ပြုံးနေတုန်းပဲဆိုရင် အချစ်ပါပဲ။ တစ်ချို့အမျိုးသားတွေက ဒီလိုကလေးဆန်တာကို သူတို့က ဘေးကနေ ရှက်နေတတ်ပါတယ်။ အချစ်ဆိုတဲ့ အရာမှာ သင်ပျော်နေသရွေ့ သူပြုံးနေပါလိမ့်မယ်။ သင်ရယ်မောနေရင် သူသဘောကျနေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ ပျော်ရွှင်မှု သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာကြောင့်ပါ။

၅။ သူ့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံပေးတယ်




သင်ချစ်တဲ့လူတစ်ယောက်က သင့်ကို သူ့ဘဝထဲကို ဆွဲခေါ်ရဲတဲ့ လူတစ်ယောက်ဖြစ်သင့်ပါတယ်။ သူက သင့်ကို သူ့ဘဝထဲကို ဆွဲခေါ်ချင်သူတစ်ယောက် (သို့) တစ်ဘဝလုံးစာ မရည်ရွယ်ဘူးဆိုရင် သူ့မိခင်နဲ့ ပေးတွေ့မှာမဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ မိသားစုတွေနဲ့ မိတ်ဆက်ပေးတဲ့ အမျိုးသားရဲ့ အချစ်ဟာ အမှန်တကယ်နက်ရှိုင်းနေပါလိမ့်မယ်။

၆။ သင့်ရဲ့ အိပ်မက်တွေကို ပံ့ပိုးပေးတယ်




အထက်မှာပြောခဲ့သလို တစ်ယောက်ကို တစ်ယောက်လေးစားပြီဆိုရင် တစ်ယောက်ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေကိုလည်း အပြန်အလှန်လေးစားဖို့ ပါဝင်ပြီးသားဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးရင် အမျိုးသမီးမို့ ဒါတွေက မလုပ်ရဘူး၊ ဟိုဟာတွေပဲ လုပ်ရမယ်ဆိုတာက ရှေးခေတ်မှာပဲ ကျန်ခဲ့သင့်ပါပြီ။ ကိုယ်မြတ်နိုးရတဲ့ အလုပ်နှင့် ကိုယ်ချစ်ရတဲ့ လူကို ရွေးချယ်ဖို့ ဖိအားပေးခံရတဲ့ ခံစားချက်က တကယ်ဆိုးရွားလွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်ကို အလေးအနက်ထားတတ်သူကတာ့ သင့်အိပ်မက်တွေကို ပံ့ပိုးပေးမှာပါပဲ။ အကြောင်းကြောင်းကြောင့် သင့်ကို မပံ့ပိုးပေးနိုင်ရင်တောင် ဖိအားပေးမှာမဟုတ်ပါဘူး။

၇။ သင့်ရဲ့ ထင်မြင်ယူဆချက်တွေ၊ အကြံဉာဏ်တွေကို တန်ဖိုးထားတယ်




သူက ဒီအရာတွေကို မလိုက်နာနိုင်ဘူးဆိုရင် တန်ဖိုးထားပေးမယ့်လူမျိုးပါ။ သင့်ရဲ့ ခန္ဓာကိုယ်ကိုသာမက သင့်ရဲ့ စိတ်တွေကိုပါ စောင့်ရှောက်ပေးတတ်သူမျိုးဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်တွေရှိပါတယ်။ ဒါ့ကြောင့် သူဟာ သင့်ကို အကြံဉာဏ်တွေကို တောင်းခံဖို့ ကြိုးစားပါလိမ့်မယ်။ တစ်ဖက်မှာလည်း သင်ပြောသမျှကို လိုက်လုပ်ချင်မှ လုပ်ပါလိမ့်မယ်။

၈။ သင့်ကို အမျိုးကောင်းသမီးလေးတစ်ယောက်လို ဆက်ဆံတယ်




သင်ဟာ စိတ်ကျေနပ်မှုရှိပြီး လေးစားခံရတယ်လို့ ခံစားနေရတယ်။ သူက သင့်နဖူးကို နမ်းပြီး လက်တွေကို ဆုပ်ကိုင်ထားပေမယ့် ညင်သာစွာပဲ ထိတွေ့တယ်။ သူက မပြောဘူးဆိုရင်တောင် သူက သင့်ကို ရိုးရှင်းစွာပဲ သင့်ကို ချစ်ပါလိမ့်မယ်။ သင့်ကို မင်းသမီးလေးကို ဆက်ဆံတဲ့အခါ ချိုမြိန်တဲ့ ခံစားချက်တွေအကြောင်း သင်ကိုယ်တိုင်ခံစားမိပါလိမ့်မယ်။ သင်ဟာ သူ့ရဲ့ အမျိုးသမီးဖြစ်တာကြောင့် သင့်ကို ဂရုစိုက်တယ်၊ နူးညံ့တယ်၊ သင်ပြောတာ နားထောင်တယ်၊ သင့်ကို လေးစားတယ် ပြီးတော့ မကြာခဏပွေ့ဖက်ပြီး သင့်လက်ကို နမ်းတယ်။ သူ့ရဲ့ မျက်လုံးထဲမှာ ဒီလိုချစ်စရာကောင်းတဲ့ အမျိုးသမီးလေးတစ်ယောက်ကို ရွေးချယ်နိုင်ခဲ့လို့ သူ့ကိုယ်သူဂုဏ်ပြုတဲ့ အရိပ်အယောင်တွေ ရှိနေပါလိမ့်မယ်။

၉။ သူက သင်နှင့်အတူ သင့်မှာ ရှိရှိသမျှ အရာအားလုံးကို လိုလားတယ်




လူတစ်ယောက်က သင့်ကို ချစ်တယ်ဆိုတဲ့ သိသာထင်ရှားတဲ့ လက္ခဏာတစ်ခုက သင့်ကို သူဘဝမှာ အတူတူရှိနေစေချင်တာပါပဲ။ နှစ်ယောက်စလုံးရဲ့ စိတ်ကူးအိပ်မက်တွေကို ဖန်တီးပြီး သင့်တို့ရဲ့ အနာဂတ်နှစ်ခုလုံးလိုက်ဖက်ညီနိုင်မယ့် နည်းလမ်းကို တည်ဆောက်ကြပါလိမ့်မယ်။ လက်ထပ်ခြင်းတွေအကြောင်း (သို့) ကလေးတွေအကြောင်း (ဒီအရာတွေက သင်လိုချင်တဲ့အရာတွေဖြစ်တယ်ဆိုရင်) မကြာခဏပြောပါလိမ့်မယ်။ အိပ်ယာထက်မျက်နှာကြက်မှာ စိတ်ကူးအိပ်မက်တွေအကြောင်း စိတ်ကူးယဉ်ဖို့ မရှက်ပါနဲ့။

သူဟာ သင့်အတွက်၊ သင့်အချစ်အတွက်၊ သင့်ပျော်ရွှင်မှုအတွက် တိုက်ပွဲဝင်ပေးနေသရွေ့ သူဟာ သင့်ကို အမှန်တကယ်ချစ်မြတ်နိုးနေတဲ့ အမျိုးသားတစ်ယောက်ပါပဲ။

Lifestyle_Myanmar
Nyein_Thu


Ref-doctorforlove,


#အမျိုးသား
#အိပ်မက်
#ဘေးနား
#လုံခြုံမှု
#အချစ်

Some text some message..